အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားသည့် မြောက်ဦးမြို့နယ် နန်းကျားရွာကို အာဏာသိမ်း စစ်တပ်က ယမန်နေ့ (နိုဝင်ဘာလ ၅ ရက်) ည ၁၁ နာရီခွဲခန့်တွင် လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်သောကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးသေဆုံးကာ ၁၁ ဦးဒဏ်ရာရရှိသွားသည်။
စစ်တပ်သည် နန်းကျားရွာရှိ အသက် ၄၈ နှစ်အရွယ် ဦးအောင်ကျော်ဇော်နေအိမ်ကို ပေါင် ၅၀၀ ဗုံးတစ်လုံး ကြဲချခဲ့ ခြင်းကြောင့် အနီးဝန်းကျင်ရှိ လူနေအိမ်များကိုလည်း ဗုံးစများထိမှန်ခဲ့ပြီး ယခုကဲ့သို့ သေဆုံး၊ ဒဏ်ရာရရှိမှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“သေဆုံးသွားတဲ့ အမျိုးသမီးမှာ ကိုယ်ဝန်လေးလလွယ်ထားရတယ်။ ဗုံးစထိမှန်သွားလို့ ဆေးရုံပို့ရတယ်။ ဆေးကုသမှု ခံယူနေတုန်းမှာ သေဆုံးသွားတာပါ။ ကျန်တဲ့သူတွေလည်း ဒဏ်ရာရရှိသွားတဲ့သူတွေရှိတယ်။ ဆေးကုသမှုခံယူနေကြရတယ်” ဟု ၎င်းက ဆိုသည်။
ဗုံးကြဲမှုကြောင့် သေဆုံးသွားသူမှာ အသက် အသက် ၃၅ နှစ်အရွယ် ဒေါ်သဲသဲမွန်ဆိုသူဖြစ်ပြီး အသက် ၇ နှစ်မှ ၆၀ အထိ အသီးသီးရှိကြသည့် ဒေသခံ ၁၁ ဦးဒဏ်ရာရရှိသွားကာ နေအိမ်အချို့လည်း ပျက်စီးဆုံးရှုံးသွားသည်။
ဒေသခံများမှာ စိုးရိမ်ထိတ်လန့်နေကြပြီး ညအချိန်တွင်လည်း မအိပ်ရဲဘဲ လေယာဥ်အသံကိုသာ နားစွင့်နေရသည်ဟု အထက်ပါဒေသခံက ပြောသည်။
“စိုးရိမ်တယ်ဆိုတာ ပြောဖို့စကားလုံးတောင်မရှိဘူး။ ညလည်းမအိပ်ရဲ၊ နေ့ခင်းလည်း အေးဆေးနေလို့မရဘူး။ လေယာဥ်သံကြားရင်ကို ကြောက်နေရပြီ” ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၁ ရက်ကလည်း မြောက်ဦး၊ ကျောက်တော်၊ ကျောက်ဖြူနှင့် ဝီရဌာနီ (ပေါက်တော) မြို့နယ် တို့တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သောကြောင့် မွေးကင်းစကလေးငယ်တစ်ဦးအပါအဝင် ၁၂ ဦးသေဆုံး ကာ ၃၂ ဦးဒဏ်ရာရရှိသွားသည်။
အလားတူ နိုဝင်ဘာ ၂ ရက်ကလည်း ကျောက်ဖြူမြို့နယ် စနဲမြို့ မင်းပြင်ရွာအနီးရှိ စစ်ဘေးရှောင်စခန်းကို စစ်တပ်က ဂျိုင်ရိုကော်ပတာတစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင် နှစ်ဦးသေဆုံး၊ ငါးဦးဒဏ်ရာရရှိ သွားသည်။
စစ်တပ်သည် ယခုရက်ပိုင်းအတွင်း စစ်ရေးနှင့်မသက်ဆိုင်သည့် ဆေးရုံ၊ ဆေးခန်း၊ အများပြည်သူအသုံးပြုသည့် လမ်းတံတားတို့ကို ပစ်မှတ်ထားတိုက်ခိုက်မှုများ ဆက်တိုက်ရှိနေပြီး ထိုလုပ်ရပ်များသည် “အောက်တန်းကျ ယုတ်မာ” သည့်လုပ်ရပ်ဟု AA ပြောခွင့်ရ ဦးခိုင်သုခက ဆိုသည်။
“ဒီလိုအကြမ်းဖက်တိုက်ခိုက်တာဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေခံမူတွေကို ချိုးဖောက်တာ ဖြစ်ပြီးတော့ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်တာဖြစ်ပါတယ်။ ဒီအကြမ်းဖက်တိုက်ခိုက်ခံရမှု ဖြစ်စဥ်မှာ ထိခိုက်သေဆုံး၊ ဒဏ်ရာရရှိကြတဲ့ ကျွန်တော်တို့ ပြည်သူတွေအတွက် တရားမျှတမှုရရှိရေး၊ ပါဝင်ပတ်သက်သူ တစ်ယောက်ချင်းစီတိုင်းကို လက်တုံ့ပြန်အရေးယူနိုင်ဖို့ ကျွန်တော်တို့ ULA/AA အနေနဲ့ အကောင်းဆုံးကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ရခိုင်ပြည်နယ် စစ်တွေ၊ ကျောက်ဖြူနှင့် ဝီရဌာနီမြို့နယ် (ပေါက်တော)၊ ငပြီကျွန်းတို့တွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသည်။



