စစ်ကိုင်းတိုင်း ကနီမြို့နယ် စာသင်ကျောင်းနှင့်နေအိမ်များကို နိုဝင်ဘာလ ၇ ရက်က လေကြောင်း တိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါအဝင် သေဆုံးသူ ၁၁ ဦးအထိ ရှိလာပြီး ဒဏ်ရာရသူ လေးဦးရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ယမန်နေ့တွင် ထုတ်ပြန်သည်။
စစ်ရေးပဋိပက္ခအတွင်း စာသင်ကျောင်းများနှင့်ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ လေကြောင်း တိုက်ခိုက်ခံရမှုများနှင့် ပတ်သက်၍ စိုးရိမ်ပူပန်ကြောင်း ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က နိုဝင်ဘာလဆန်းတွင် ထုတ်ပြန်ခဲ့ပြီး ရက်ပိုင်းအတွင်းမှာပင် နိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်း ကနီမြို့နယ်နှင့် တန့်ဆည်မြို့နယ်တို့ရှိ စာသင်ကျောင်းများကို နိုဝင်ဘာလ ၇ ရက်မှစ၍ နှစ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ကနီမြို့တောင်ဘက် ညောင်လယ်ရွာကို နိုဝင်ဘာလ ၇ ရက် နံနက်က မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှတက်လာသည့် ဂျိုင်ရိုကော်ပတာ သုံးစီးဖြင့် ဗုံးကြဲခဲ့ရာ ကျေးရွာထဲရှိ စာသင်ကျောင်းနှင့် နေအိမ်များအနီး ကျရောက်ပေါက်ကွဲခဲ့ရာမှ ၁၇ နှစ်အရွယ် ဆယ်ကျော်သက်တစ်ဦး အပါအဝင် ရှစ်ဦးမှာ ပွဲချင်းပြီး သေဆုံးခဲ့သည်။
ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူများအနက် ဒဏ်ရာပြင်းထန်သည့် အသက် ငါးနှစ်နှင့် ခုနစ်နှစ်အရွယ် မိန်းကလေးနှစ်ဦး၊ အသက် နှစ်နှစ်အရွယ် ယောကျာ်းလေးတစ်ဦးမှာ ယမန်နေ့ နေ့လယ်တွင် ဆုံးပါးသွားသဖြင့် သေဆုံးသူ အရေအတွက် ၁၁ ဦးအထိ ရှိလာသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဌာနမှ ထုတ်ပြန်သည့်အချက်အလက်များအရ သေဆုံးသူများမှာ အသက် နှစ်နှစ်မှ ၁၇ နှစ်အရွယ် ကလေးလေးဦးနှင့် အသက် ၂၅ မှ ၆၅ နှစ်အရွယ် လူကြီး ခုနစ်ဦး ပါဝင်သည်။ ထို့အပြင် ထိခိုက်ဒဏ်ရာရသူ လေးဦးအနက် ကလေး နှစ်ဦးပါဝင်သည်။

အထက်ပါလေကြောင်းတိုက်ခိုက်မှုကြောင့် အသစ်တည်ဆောက်ထားသည့် စာသင်ကျောင်းဆောင် တစ်ခုအပါ အဝင် နေအိမ် ငါးလုံးခန့်လည်း ပျက်စီးခဲ့ရသည်။
မုံရွာ- ယာကြီး- ကလေးဝလမ်းမှ သုံးမိုင်ကျော်သာဝေးသည့် ညောင်ပင်လယ်ရွာမှာ အိမ်ခြေ ၂၀၀ ခန့် ရှိသည့်ကျေးရွာဖြစ်ပြီး တော်လှန်ရေးအင်အားစုများအခြေစိုက်ထားခြင်းမရှိသလို စစ်ရေးလှုပ်ရှားမှုများ၊ တိုက်ပွဲ ဖြစ်ပွားခြင်းလည်းမရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ ယင်းမာပင်ခရိုင် အမှတ် (၃၀) တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးကလည်း ပြောသည်။
အိန္ဒိယ- မြန်မာ- ထိုင်း သုံးနိုင်ငံအဝေးပြေးဖြတ်ကျော်စီမံကိန်း၏ အစိတ်အပိုင်းဖြစ်ပြီးနယ်စပ် ကုန်သွယ်ရေးအတွက် အရေးပါသည့် မုံရွာ- ယာကြီး- ကလေးဝလမ်းပိုင်းကို ယခုနှစ် နှစ်လယ်ပိုင်းတွင် စစ်တပ်စစ်ကြောင်းထိုး၍ နယ်မြေစိုးမိုးမှုပြန်လည်ရထားသည်။
ထို့နောက် ယင်းမာပင်ခရိုင်ရှိ ကနီ၊ ယင်းမာပင်၊ ပုလဲနှင့် ဆားလင်းကြီး စသည့်မြို့နယ်များတွင် အောက်တိုဘာလအတွင်း စစ်တပ်စစ်ကြောင်းလှုပ်ရှားမှုများအပြင် လေကြောင်းတိုက်ခိုက်မှုများလည်း ရှိခဲ့သည့်အတွက် ပြည်သူများ လေကြောင်းအန္တရာယ် သတိပြုကြရန် တော်လှန်ရေးတပ်ဖွဲ့များက သတိပေးထားသည်။
တော်လှန်ရေးအင်အားစုများ နယ်မြေစိုးမိုးထားရာ တန့်ဆည်မြို့နယ် ရွှေကြာတန်းရွာ စာသင်ကျောင်းကိုလည်း ယမန်နေ့ နိုဝင်ဘာလ ၈ ရက် နံနက်ပိုင်းတွင်လည်း တိုက်လေယာဉ်နှစ်စီးဖြင့် ဗုံး နှစ်လုံးကြဲခဲ့ရာ စာသင်ကျောင်းဆောင်များ အားလုံးပျက်စီးခဲ့ကြောင်း ဒေသတွင်းသတင်းများကို ဖော်ပြနေသည့် Taze News ကထုတ်ပြန်သည်။
ထိုရွာမှာ စစ်တပ်နယ်မြေထိန်းချုပ်ရာ တန့်ဆည်မြို့အနောက်ဘက် ခုနစ်မိုင်ခန့်အကွာ တန့်ဆည်- ကလေးဝ ကားလမ်းဘေးရှိကျေးရွာဖြစ်သည်။
စစ်ကိုင်းတိုင်းအတွင်းရှိ စာသင်ကျောင်းများ နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်ခံရသည့် အခြေအနေနှင့် ပတ်သက်၍ မေးမြန်းနိုင်ရန် စစ်တပ်ခန့် စစ်ကိုင်းတိုင်း၊ ပြောရေးဆိုခွင့်ရှိသူ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးအောင်ဇော်ဦးကို Myanmar Now က ဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်သော်လည်း မရခဲ့ပါ။
စစ်တပ်က ၎င်းတို့လက်လွှတ်ထားရသည့် တနင်္သာရီ၊ ကယား(ကရင်နီပြည်နယ်)၊ ရခိုင်၊ စစ်ကိုင်းစသည့် ဒေသတို့ရှိ စာသင်ကျောင်း၊ ဆေးရုံစသည့် အရပ်ဘက်ပစ်မှတ်များကို လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေသည်။
ထို့ကြောင့် ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ ယူနီဆက်ဖ် (UNICEF) က မြန်မာနိုင်ငံအရေးနှင့် ပတ်သက်၍ ပဋိပက္ခတွင် ပါဝင်သည့်အဖွဲ့များ အနေဖြင့် ကလေးများကို အကာအကွယ်ပေးရေး လိုအပ်သည့် အစအမံများကို လိုက်နာဆောင်ရွက်ရန်နှင့် စာသင်ကျောင်းများ၊ ကျန်းမာရေးစောင့်ရှောက်မှု ဆိုင်ရာနေရာများနှင့် အရပ်ဘက် အခြေခံအဆောက်အဦများကို ကာကွယ်ပေးရန် ပြီးခဲ့သည့်ရက်က တိုက်တွန်းထားသည်။
စစ်ကိုင်းတိုင်းရှိ တော်လှန်ရေးအင်အားစုများ နယ်မြေစိုးမိုးရာဒေသများတွင် ကလေးငယ်များ ပညာ သင်နိုင်ရေးအတွက် စစ်တပ်၏ လေကြောင်းရန်သည် အဓိက ခြိမ်းခြောက်မှုတရပ်ဖြစ်လာနေပြီး လေကြောင်းအန္တရာယ် အသိပညာပေးမှုများ လုပ်ဆောင်ထားသော်လည်း ပုန်းခိုကျင်းများ လိုအပ်နေဆဲ ဖြစ်သည်ဟု ပညာရေးအသိုင်းအဝိုင်းက ထောက်ပြသည်။
“စာသင်ကျောင်းတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုတွေကြောင့် တော်လှန်ပညာကို အသက်ဆက် ရုန်းကန်နေကြတဲ့ ကျောင်းသူ/သား ဆရာ၊ဆရာမ ကျောင်းသားမိဘတွေအနေနဲ့ အနည်းနဲ့ အများ ထိတ်လန့်တုန်လှုပ်ကြရပါတယ်။ စစ်ကျွန်ပညာကို တော်လှန်ပြီး စစ်မှန်တဲ့ ပညာရေးအတွက်မို့ အခက်အခဲ ဒုက္ခတွေ သိသိရက်ကြားက ကြိုးစားရုန်းကန်နေကြတာမို့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ခိုင်မာပြီးသားဆိုပေမယ့်လေ ဒီလိုလေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကြောက်ရွံ့စိုးရိမ်မှုကတော့ ဖြစ်ကြပါတယ်။ ဒါပေမဲ့ ပညာရေး ရပ်တန့်လိုက်ဖို့တော့ မရှိပါဘူး”ဟု CDM ပညာရေးဝန်ထမ်းတစ်ဦးက ပြောသည်။
“ကျွန်မတို့မှာ တခြားသော အထောက်အပံ့ဆိုင်ရာတွေလည်း အများကြီးလိုအပ်တယ်ဆိုပေမယ့် လေကြောင်းရန်သာမရှိရင် မပြည့်စုံမှုတွေကို ကျွန်မတို့ခွန်အား ကျွန်တို့ စိတ်ကူးဉာဏ်တွေနဲ့ ကြိုးစားနိုင်ပါသေးတယ်” ဟု ၎င်းကဆက်ပြောသည်။
အောက်တိုဘာလကုန်ပိုင်းက တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်ရှိ ကရင်အမျိုးသားစာသင်ကျောင်းအနီး လေကြောင်းတိုက်ခိုက်မှုနှင့် ကယား(ကရင်နီ)ပြည်နယ်၊ လွိုင်ကော်မြို့အနီး တောအုပ်ထဲရှိ စာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောင်းသားများအပါအဝင် ခုနစ်ဦးသေဆုံးပြီး လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ယခုလဆန်းကလည်း အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားရာ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်ရှိ ယာယီဆေးခန်းတစ်ခုကို ဗုံးကြဲသဖြင့် မွေးကင်းစကလေးအပါအဝင် ငါးဦးသေဆုံးပြီး ကိုးဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် နိုဝင်ဘာလ ၄ ရက်တွင်လည်း စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်ရှိ ဆေးရုံကို လေကြောင်းတိုက်ခိုက်မှုကြောင့် မြို့နယ် တာဝန်ခံဆရာဝန် ဒေါက်တာဇာနည်ထွန်းနှင့် ဆေးကျောင်းသားတစ်ဦး သေဆုံးခဲ့သည်။
စစ်တပ်ကြိုးကိုင်သည့် ရွေးကောက်ပွဲအပြီး စစ်ခေါင်းဆောင်က သမ္မတရာထူးကို ကိုယ်တိုင်ခန့်အပ်ပြီးနောက် ငြိမ်းချမ်းရေး ဦးစားပေးမည်ဟု ဆိုသော်လည်း တစ်ဖက်တွင် စစ်ရေးအရှိန်မြှင့်ကာ စာသင်ကျောင်း၊ ဆေးရုံ၊ ကျေးရွာ၊ ဈေးစသည့် အရပ်ဘက်နေရာများကို လေကြောင်းမှ ဖိအားပေး တိုက်ခိုက်နေသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဌာနက ထုတ်ပြန်ထားသည့်အချက်အလက်များအရ အောက်တိုဘာလတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၂၁၂ ဦး သေဆုံးခဲ့ပြီး စာသင်ကျောင်း ကိုးခုနှင့် ဆေးဘက်ဆိုင်ရာ အဆောက်အအုံခြောက်ခု ပျက်စီးခဲ့ရသည်။




