လူသုံးကုန်၊ အိမ်သုံးကုန်ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးသည့် ဗြိတိန်နိုင်ငံအခြေစိုက် Unilever ကုမ္ပဏီသည် ၎င်း၏ မြန်မာနိုင်ငံဆိုင်ရာ ဖက်စပ်လုပ်ငန်းမှ ရှယ်ယာများကို ၂၀၂၇ ခုနှစ်တွင် မိတ်ဖက်ကုမ္ပဏီထံ အပြီးအပြတ်ရောင်းချ၍ ထွက်ခွာတော့မည်ဖြစ်သည်။
Unilever သည် ၂၀၁၇ ခုနှစ်တွင် ပြည်တွင်းကုမ္ပဏီ Europe & Asia Commercial (EAC)နှင့်ပူးပေါင်း၍ Unilever EAC Myanmar (UEMCL) အမည်ဖြင့် ဖက်စပ်ကုမ္ပဏီထူထောင်လည်ပတ်ခဲ့ရာမှ ရှယ်ယာအားလုံကို ရောင်းချ၍ မြန်မာမှထွက်ခွာမည်ဖြစ်ကြောင်း လန်ဒန်အခြေစိုက် Unilever အုပ်စု၏ ပြောခွင့်ရသူက Myanmar Now ကို အီးမေးလ်မှတဆင့် အတည်ပြု ပြောကြားသည်။ Unilever ထွက်ခွာမည့်သတင်းကို ရန်ကုန်ခေတ်သစ်သတင်းဌာနက ကနဦးဖော်ပြခဲ့သည်။
စစ်အာဏာရှင်ဟောင်း ဦးနေဝင်းလက်ထက် ၁၉၆၅ ခုနှစ်နောက်ပိုင်း နိုင်ငံရေးအခြေအနေများကြောင့် မြန်မာမှ ထွက်ခွာသွားသော Unilever သည် စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက် ပထမဆုံးကျင်းပသည့် ရွေးကောက်ပွဲနှစ် ၂၀၁၀ ပြည့်နှစ်တွင် မြန်မာသို့ ပြန်လည်ဝင်ရောက်၍ လူသုံးကုန်နှင့် အိမ်သုံးကုန်ပစ္စည်း ထုတ်လုပ်ဖြန့်ဖြူးရောင်းချခဲ့သည်။ သို့သော် မြန်မာတွင် ပြန်လည်လုပ်ကိုင်ခဲ့သည့် ၁၆ နှစ်အကြာ၊ တကျော့ပြန် အာဏာသိမ်း စစ်တပ်အုပ်ချုပ်သည့် အရပ်သားအရေခြုံအစိုးရလက်ထက် တွင် ပြန်လည်ထွက်ခွာရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ဖက်စပ်ကုမ္ပဏီမှ ရှယ်ယာများကို မိတ်ဖက်ကုမ္ပဏီ EAC ၏ လက်အောက်ခံကုမ္ပဏီတစ်ခုဖြစ်သော Centig Holding Company Limited ထံ ရောင်းချမည်ဖြစ်သည်။ ၂၀၂၇ ခုနှစ်တွင် ရောင်းချမှုအပြီးသတ်ရန် မျှော်မှန်ထားပြီး ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းဆိုင်ရာ ခွင့်ပြုချက်များပေါ်တွင်မူတည်ကြောင်း ပြောခွင့်ရသူက ဆိုသည်။
“ထိုလွှဲပြောင်းမှု ကာလမတိုင်မီအထိ လုပ်ငန်းများကို လက်ရှိပိုင်ဆိုင်မှုဖွဲ့စည်းပုံအတိုင်း ပုံမှန်ဆက်လက် လည်ပတ်သွားမှာပါ။ အကူးအပြောင်းကာလတလျှောက် ကျွန်ုပ်တို့၏ ဝန်ထမ်းများ၊ စားသုံးသူများနှင့် မိတ်ဖက်များကို အပြည့်အဝ ပံ့ပိုးကူညီသွားရန် ဆက်လက်အာရုံစိုက်သွားမှာပါ” ဟု ပြောခွင့်ရသူက ထည့်သွင်းရေးသားထားသည်။
ပိုင်ရှင်သစ်လက်အောက်တွင် ထိုလုပ်ငန်းဆက်လက်လည်ပတ်နိုင်မည်ဟု ယုံကြည်ကြောင်း အရောင်းအဝယ်နှင့်သက်ဆိုင်သော ငွေကြေးအခြေအနေများကို ထုတ်ဖော်မပြောကြောင်း ၎င်းက ဆိုသည်။
ပြည်တွင်းဈေးကွက်တွင် Unilever ကုမ္ပဏီ၏ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသော လူသုံးကုန်များစွာရှိပြီး Sunsilk နှင့် Miss ခေါင်းလျှာ်ရည်၊ Family Care၊ Lifebuoy ဆပ်ပြာခဲ၊ Elan၊ Win ဆပ်ပြာမှုန့်၊ Signal သွားတိုက်ဆေး၊ Fair & Lovely မျက်နှာလိမ်းခရင်(မ်)နှင့် ခနောကြက်သားမှုန့် အစရှိသည့် ထုတ်ကုန်များမှာ မြန်မာဈေးကွက်တွင် လူသိများသော အမှတ်တံဆိပ်များဖြစ်သည်။
Unilever ကုမ္ပဏီ မြန်မာမှ ထွက်ခွာသွားရခြင်း၏ အကြောင်းအရင်းများစွာအနက်တစ်ခုမှာ ၎င်းတို့၏ ထုတ်ကုန်များအတွက် ပြည်ပမှ ကုန်ကြမ်းတင်သွင်းရန် သွင်းကုန်လိုင်စင်မရရှိမှုနှင့်ဆက်စပ်နိုင်ကြောင်း လူသုံးကုန်ပစ္စည်းများထုတ်လုပ်သော အမည်မဖော်လိုသည့် ရန်ကုန်အခြေစိုက် လုပ်ငန်းရှင် အမျိုးသားတစ်ဦးက မှတ်ချက်ပြုသည်။
အာဏာသိမ်းစစ်အုပ်စု၏ ဒေါ်လာထိန်းချုပ်မှုကြောင့် သွင်းကုန်လိုင်စင်ရရန် အခက်အခဲရှိနေပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြစ်သော Unilever ကဲ့သို့သော ကုမ္ပဏီများသည်ပင် လိုင်စင်ပွဲစားများထံမှ လိုင်စင်ပြန်လည်ဝယ်ယူရသော အခြေအနေများကြုံနေရကြောင်း ၎င်းက ဆိုသည်။
ကုန်ကြမ်းသွင်း၍ ကုန်ချောထုတ်သော စက်ရုံများအတွက် သွင်းကုန်လိုင်စင်မှာ အခရာကျနေပြီး လိုင်စင်ကို ဆက်လက်ကန့်သတ်ထားလျှင် လုပ်ငန်းလည်ပတ်ရန် အခက်အခဲဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။
“တကယ်တော့ ဆပ်ပြာလုပ်တဲ့နည်းပညာက သိပ်မခက်ဘူး။ ကုန်ကြမ်းသာပေးသွင်းလို့ရှိရင် လုပ်လို့ရတယ်။ ပေးမသွင်းဘူးဆိုလို့ရှိရင်လည်း ကာဘော်လစ်ဆပ်ပြာတောင်ရဖို့ အနေအထား မရှိနိုင်ဘူးလေ။ ဘာဖြစ်လို့လဲဆိုတော့ မအလ (စစ်ခေါင်ဆောင်း မင်းအောင်လှိုင်) က ကိုယ့်တိုင်းပြည်ထဲမှာ ကိုယ်ထုတ်ကြဆိုတော့ ဒီကုန်ကြမ်းက ကိုယ့်တိုင်းပြည်က ထွက်တာမဟုတ်ဘူးလေ။ သူများနိုင်ငံက ဝယ်ကိုဝယ်ရတယ်လေ” ဟု ၎င်းက ဆိုသည်။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်စု၏ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် အခြေအနေအရပ်ရပ်ကြောင့် နိုင်ငံတကာစွမ်းအင်ကုမ္ပဏီကြီးများဖြစ်သည့် ပြင်သစ် တိုတယ်လ် အမေရိကန် ရှက်ဗရွန်၊ ဆက်သွယ်ရေးကုမ္ပဏီကြီးများဖြစ်သည့် နော်ဝေအခြေစိုက် တယ်လီနော၊ ကာတာအခြေစိုက် အူရီဒူးအပါအဝင် မြန်မာတွင် ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေသည့် နိုင်ငံတကာကုမ္ပဏီများစွာ ထွက်ခွာမှုများရှိသည်။



