အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တိုက်ပွဲပြင်းထန်နေသော စစ်တွေတွင် မြို့ခံများ ထွက်ခွာခွင့်မရ

အာရက္ခတပ်တော် (AA)၏ ထိုးစစ်သည် ရခိုင်ပြည်နယ်မြို့တော် စစ်တွေနှင့် ခြောက်မိုင်ခန့်အကွာသို့ ရောက်နေပြီး မြို့တွင်းတိုက်ပွဲများ အချိန်မရွေးဖြစ်လာနိုင်ကြောင်း စိုးရိမ်နေကြသူများလည်းရှိသည်။

အာရက္ခတပ်တော်(AA)တိုက်ခိုက်သိမ်းပိုက်ရန်ပြင်ဆင်နေသော ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့ဝန်းကျင်၌ တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေသော်လည်း အာဏာသိမ်းစစ်တပ်က ကုန်းလမ်း၊ ရေလမ်းမှ ထွက်ခွာခွင့် ပိတ်ပင်ထားသောကြောင့် ဒေသခံများမှာ ဘေးလွတ်ရာသို့ မတိမ်းရှောင်နိုင်ဘဲ မြို့ပေါ်တွင်ပိတ်မိနေကြသည်။

စက်တင်ဘာလ ၄ ရက်မှစတင်၍ “၄၉၂၆ စစ်ဆင်ရေး”အမည်ဖြင့် စစ်တပ်က စစ်တွေမြို့၏ မြောက်ဘက် ပုဏ္ဏားကျွန်းမြို့နယ်ကို တိုက်ခိုက်သိမ်းပိုက်ရန် ကြိုးပမ်းခဲ့ပြီးနောက် စစ်တွေမြို့ဝန်းကျင်တွင် တိုက်ပွဲ ပြင်းထန်လာခြင်းဖြစ်သည်။

စစ်တပ်သည် ပုဏ္ဏားကျွန်းမြို့နယ်ထဲသို့ ထိုးဖောက်ဝင်ရန်ကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှုမရရှိဘဲ ၎င်းတို့ထိန်းချုပ်နယ်မြေဖြစ်သော စစ်တွေတွင်သာ တိုက်ပွဲဖြစ်ပွားလာခြင်းဖြစ်သည်။

တိုက်ပွဲများသည် စစ်တွေမြို့နှင့် ၁၂ မိုင်ကျော်ခန့်ကွာဝေးသော အမြင့်ကျွန်းတံတားအနီး၊ မြို့နှင့် ခြောက်မိုင်ကျော် ကွာဝေးသည့် ကျားမသောက်ရွာအနီးနှင့် မြို့အရှေ့မြောက်ဘက် ရွှေမင်းဂံဆိပ်ကမ်းအနီးတို့တွင် ဖြစ်ပွားနေသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အလားတူ စစ်တွေမြို့၏ တစ်ဖက်ကမ်း AA သိမ်းယူထားသည့် ပေါက်တော (ဝီရဌာနီ) မြို့နယ် ငပြီကျွန်းတွင်လည်း တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားလျက်ရှိသည်။ 

စစ်တွေအနီးအနားမှ တိုက်ပွဲများမြို့ပေါ်သို့ စစ်မီးကူးစက်လာမည်ကို စိုးရိမ်၍ ဘေးလွတ်ရာသို့ တိမ်းရှောင် လိုကြသော်လည်း စစ်တပ်က ကုန်းလမ်း၊ ရေလမ်းပိတ်ဆို့ထားသောကြောင့် ထွက်ခွာခွင့်မရဟု ဒေသခံအမျိုးသား တစ်ဦးက  ပြောသည်။

“မြို့က ထွက်ချင်ရင်တော့ လေကြောင်းကနေ ပြည်မဘက်ကို သွားလို့ရတယ်။ ကျန်‌တဲ့နေရာကတော့ ဘယ်မှကို ထွက်လို့မရဘူး”ဟု ၎င်းကဆိုသည်။

ရခိုင်တိုက်ပွဲစတင်သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ မှစတင်၍ အာဏာသိမ်းစစ်တပ်က စစ်တွေမြို့ဒေသခံများကို ကုန်းလမ်း၊ ရေလမ်းမှ ထွက်ခွာခွင့်ပိတ်ပင်ထားသည်။ ကနဦးကာလတွင် AA ထိန်းချုပ်ရာ နယ်မြေများသို့ စက်လှေများဖြင့် ခိုးထွက်ကြသော်လည်း နောက်ပိုင်းတွင် စစ်တပ်က မြို့အဝင်အထွက်တို့ကို ကုန်းလမ်း၊ရေလမ်းတို့ဖြင့် ထွက်ခွာ၍ မရအောင် လုံးဝပိတ်ပင်လိုက်သည်။ထို့ကြောင့် လေကြောင်းတစ်ခုတည်းဖြင့်သာ ရန်ကုန်၊ မန္တလေးစသည့် ဒေသများသို့သာ ထွက်ခွာခွင့်ရကြသည်ဟု ၎င်းကဆိုသည်။

“ပိုက်ဆံရှိတဲ့သူတွေကတော့ လေယာဥ်နဲ့ရန်ကုန်ဘက်ကိုသွားကြတယ်။ ဒါပေမဲ့ ပိုက်ဆံမရှိတဲ့သူတွေတော့ မြို့ထဲမှာပဲနေနေရတယ်။ ဘယ်ကိုမှထွက်လို့မရဘူး”ဟု ၎င်းကပြောသည်။

လက်ရှိတွင် လက်နက်ကြီး၊ လက်နက်ငယ်သံများ၊ ဗုံးချသံများကို နေ့၊ ညမရွေးကြားနေရသလို စစ်တပ်ကလည်း နေ့စဥ် ဧည့်စာရင်းစစ်ပြီး မသင်္ကာသူများကို ဖမ်းဆီးစစ်ဆေးမှုများရှိနေကြောင်း အခြားဒေသခံတစ်ဦးက ပြောသည်။

“တိုက်ပွဲက နေ့တိုင်းဖြစ်နေတယ်။ လေယာဉ်ဆိုရင်လည်း တစ်ရက် သုံးလေးခေါက်လာပြီး ဗုံးကြဲသံကြားရတယ်။ လက်နက်ကြီးတွေနဲ့လည်း တနေကုန်ပစ်နေကြတာ။ နေ့တိုင်းပါပဲ။ ကြားရတာတော့ ဒီရွှေမင်းဂံဘက်က ကြားရတယ်။ မြို့နဲ့ နီးလာတယ်”ဟု ၎င်းကဆိုသည်။

စစ်တပ်သည် စစ်တွေမြို့ထဲရှိ အချို့နေရာများကို သွားလာခွင့်ကန့်သတ်ထားပြီး သွားလျှင် ရိုက်နှက်စစ်ဆေးမှုများ ရှိသည်။ စစ်တွေမြို့ဒေသခံများသည် တိုက်ပွဲများကြောင့် မလုံခြုံသည့်ဒဏ်ကို တနေ့ထက် တနေ့ခံစားနေကြ ရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၂၃ ရက် နံနက်ပိုင်းကလည်း စစ်တွေမြို့ မောလိပ်ရပ်ကွက်  ပေါက်ကွဲခဲ့မှု တွင် ပြည်သူ ခုနစ်ဦးထက်မနည်း သေဆုံးသွားသည်။

ထိုတိုက်ခိုက်မှုမှာ စစ်တပ်က Y-12 လေယာဥ် ဖြင့် ဗုံးကြဲခြင်းဟု ဒေသခံများနှင့် AA ကဆိုသော်လည်း စစ်တပ်ခန့် ပြည်နယ်အစိုးရကမူ AA က လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းဟု ဆိုသည်။ 

စစ်တွေမြို့နယ်တွင် လူဦးရေ ၂၆၈,၈၅၈ ဦးရှိကြောင်း စစ်တပ်၏ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၂၀၂၆ ခုနှစ် မတ်လအတွင်း ထုတ်ပြန်သည့် စာရင်းအရ သိရသည်။လက်ရှိတွင် မြို့ပေါ်တွင် လူဦးရေ သုံးပုံတစ်ပုံခန့်သာ ကျန်ရှိတော့ပြီး အများစုမှ စစ်တွေမြို့မှ ထွက်ခွာသွားကြပြီဟု Myanmar Now က စကားပြောခဲ့သည့် မြို့ခံများကပြောသည်။

လက်ရှိတွင် ကုန်စျေးနှုန်းများအဆမတန်မြင့်တက်နေကာ ပေါ်ဆန်းမွှေးဆန်တစ်အိတ်လျှင် ကျပ် နှစ်သိန်းကျော်၊ ဆန်ကြမ်းတစ်အိတ်လျှင် ကျပ်တစ်သိန်းကျော်နှင့် မီးသွေးတစ်အိတ်လျှင် ကျပ်သုံးသောင်းခွဲခန့် စျေးနှုန်းရှိသည်။ 

အလားတူ စားအုန်းဆီ တစ်လီတာလျှင် ကျပ် ၁၂,၀၀၀ ကျော်၊ ငရုပ်သီးခြောက် တစ်ပိဿာလျှင် သုံးသောင်းခွဲ၊ ကြက်သွန်နီ တစ်ပိဿာလျှင် ၁၂,၀၀၀ ကျပ်၊ ဓာတ်ဆီတစ်လီတာ ၂၀,၀၀၀ ကျပ်ခန့် စျေးနှုန်းရှိပြီး အမဲသားတစ်ပိဿာလျှင် ၈၀,၀၀၀ ကျပ်၊ ဝက်သားတစ်ပိဿာလျှင် ၇၀,၀၀၀ နီးပါးခန့် စျေးနှုန်းရှိသည်။

ထိုသို့ ကုန်စျေးနှုန်း မြင့်တက်မှု၊ အလုပ်အကိုင်ရှားပါးမှုတို့ကြောင့် ဒေသခံတို့ စားဝတ်နေရေးခက်ခဲနေကာ အလှူခံစားသူများပြားခြင်း၊ ခိုးယူခြင်းတို့ နေ့စဥ်ရှိနေကြောင်း၊ ရန်ကုန်သို့ စစ်ဘေးရှောင်ရန်လည်း ငွေကြေး မတတ်နိုင်သောကြောင့် မသွားရောက်နိုင်ကြောင်း  အမျိုးသမီးတစ်ဦးက ပြောသည်။ 

“သွားစရိတ်လိုတယ်။ လေယာဥ်စီးလို့သွားမယ့် ပိုက်ဆံကော၊ ခြေလျင်သွားလို့ရတာလည်းမဟုတ်၊ ခြေလျင် သွားလို့ရရင် အားလုံးသွားကြမယ်။ အခုက လေယာဥ်တစ်ခုတည်းစီးပြီး သွားရတာကို၊ လူတစ်ယောက်သွားဖို့ မလွယ်ဘူး။ လေယာဥ်စရိတ် (အနည်းဆုံး) ငါးသိန်း ခြောက်သိန်း။ အဲဒီကိုရောက်ရင်ရော ဘာကိုစားရမလဲ။ တစ်ရက်စာကို တစ်ရက်စားနေကြတဲ့သူတွေမှာ။အဲဒီလူတွေပဲ ကျန်လိုက်တာ။ ပိုက်ဆံရှိတဲ့သူတွေ အားလုံးသွားကြပြီ ”ဟု ၎င်းက ဆိုသည်။ 

အလားတူ တရုတ်ရင်းနှီးမြှုပ်နှံမှုများရှိသည့် ကျောက်ဖြူမြို့နယ်တွင်လည်း တိုက်ပွဲဖြစ်ပွားနေကာ စနဲမြို့ တောင်မော်ဦးရေတပ်စခန်းအနီးတွင်လည်း တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။ အခြားတစ်ဖက်တွင် စစ်တပ်က AA ထိန်းချုပ်နယ်မြေများကို လေကြောင်းဖြင့်နေ့စဥ်ကဲ့သို့  ဗုံးကြဲတိုက်ခိုက်နေသောကြောင့် အရပ်သားများ သေဆုံးဒဏ်ရာရရှိမှု မြင့်တက်နေသည်။

AA သည် သံတွဲ၊ ရမ်းဗြဲ၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး ၊မြေပုံ၊ ပေါက်တော၊ မောင်တော၊ အမ်း၊ တောင်ကုတ်နှင့် ဂွတို့ကိုသိမ်းပိုက်ထားသည်။ ထို့အပြင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကိုလည်း သိမ်းပိုက်ထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles