နိုင်ငံတောင်ပိုင်း မွန်ပြည်နယ်နှင့် ပဲခူးတိုင်းအတွင်း အခြေစိုက်သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အထူးတိုင်းစစ်ဌာန၏ အရာရှိစခန်းအပါအဝင် တပ်ရင်းတပ်ဖွဲ့နေရာအများအပြား၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ စခန်းအချို့ကို စစ်တပ်ထံ လက်လွှတ်လိုက်ရကြောင်း စုံစမ်းသိရှိရသည်။
ယခုလ ပထမပတ်အတွင်း စစ်တပ်က အထက်ပါဒေသတို့ရှိ ထိစပ်နေရာများကို အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်ခဲ့ရာ ပဲခူးတိုင်း ရွှေကျင်မြို့နယ် ထီးကလာချောင်းဝန်းကျင်ရှိ NUG အထူး တိုင်းစစ်ဌာနချုပ် ဒုကွပ်ကဲရေးမှူး ကိုအေးမင်းထွန်း၏ စခန်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း သုံးရင်း၏ စခန်းများ၊ ဆေးခန်း၊ သင်တန်းလေ့ကျင့်ရေးကွင်းနှင့် ဒရုန်းတပ်ဖွဲ့နေရာတို့ကို လက်လွှတ်လိုက် ရခြင်းဖြစ်သည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနနှင့် နီးစပ်သည့် သတင်းရင်းမြစ် အမျိုးသားတစ်ဦးက ပြောသည်။
“အထူးတိုင်းစစ်ဌာနချုပ်တော့မဟုတ်ဘူး။ အထူးတိုင်းစစ်ဌာန ဒုကွပ်ကဲရေးမှူးစခန်းပေါ့၊ တိုင်းစစ်ဌာနချုပ် တော့မဟုတ်ပေမယ့် တိုင်းစစ်ဌာနချုပ်နီးနီး ပြင်ဆင်မှု စုဖွဲ့မှုကတော့ ရှိတယ်။ တစ်ခုထူးခြားတာက (စစ်တပ်စစ်ကြောင်းက) သမာရိုးကျလမ်းတွေ ဂိတ်တွေကိုကွင်းပြီး တောလမ်းကနေ တိုးလာတာ။ ကင်းထောက်ဒရုန်းတွေနဲ့ သေချာထောက်လှမ်းပြီးမှ တက်လာတာ”ဟု ထိုသူက ဆိုသည်။
စစ်တပ်၏ အထက်ပါထိုးစစ်သည် ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ်အခြေစိုက် လေကြောင်းချီ တပ်မဟာ (၄) မှ တပ်ရင်းများ ဦးဆောင်၍ အင်အား ၁၂၀၀ နှင့်အထက် အသုံးပြုနေကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနနှင့် နီးစပ်သည့် အထက်ပါသတင်းရင်းမြစ်က ဆက်ပြောသည်။
“သတင်းကြိုရတာရယ်၊ စစ်ကြောင်း တက်လာတာသိတော့ အရေးကြီးပစ္စည်းနဲ့လူတွေ ရွှေ့လိုက်နိုင်တယ်၊ တပ်ရင်းနေရာတွေဝင်မွှေပြီးတော့ တချို့ပစ္စည်းတွေတော်တော်များများ သိမ်းဆည်းရမိသွားတယ်။ အခုကတော့ အထူးတိုင်းနယ်မြေ တဝက်လောက်အထိကို သူတို့ နင်းပြီးသွားပြီလို့ ပြောလို့ရတယ်” ဟု အဆိုပါသတင်းရင်းမြစ်က ဆိုသည်။
KNU အုပ်ချုပ်ရေးနယ်မြေသတ်မှတ်ချက်အရ စစ်တောင်းမြစ်အရှေ့ခြမ်း တပ်မဟာ (၁) သထုံခရိုင်နှင့် တပ်မဟာ (၃) ညောင်လေးပင်ခရိုင် အတွင်းပါဝင်သော နယ်မြေများတွင် KNU တပ်များနှင့် NUG ၏ တောင်ပိုင်းစစ်ဒေသ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းတပ်ဖွဲ့များ အခြေစိုက်လှုပ်ရှားကြသည်။
တပ်မဟာ (၁) နယ်မြေ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) အမှတ် (၃) တပ်ရင်းစခန်း စစ်တပ်လက်ထဲကျရောက်သွားသည့် အခြေအနေနှင့် ပတ်သက်၍ ရှေ့တန်းစခန်းတစ်ခုကိုသာ သိမ်းပိုက်နိုင်ခြင်းဖြစ်ကြောင်း KNU ဗဟို ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက ပြောသည်။
“အတည်ပြုလို့ရပါတယ်။ တပ်ရင်းဌာနချုပ်မဟုတ်ပါဘူး။ ရှေ့တန်းစခန်းတစ်ခုပါပဲ”ဟု ၎င်းက ဆိုသည်။

စစ်တပ်ဘက်က နိုဝင်ဘာလ ၃ ရက်မှစတင်၍ NUG တပ်စခန်းများနှင့် KNU တပ်မဟာ (၁) တို့ကို စစ်ကြောင်း သုံးကြောင်းဖြင့် ထိုးစစ်ဆင်နေကြောင်း၊ ထိုးစစ်ကို ဆက်လက်အရှိန်မြှင့်သွားမည် ဖြစ်ကြောင်း ယမန်နေ့ညပိုင်း၌ သတင်းထုတ်ပြန်ခဲ့သည်။
၎င်းတို့အနေဖြင့် နိုဝင်ဘာလ ၅ ရက်တွင် မွန်ပြည်နယ် သိမ်ဇရပ်မြို့အရှေ့မြောက်ဘက် ကော်ကတ်ရွာ အနီးရှိ စစ်စခန်းတစ်ခု၊ နိုဝင်ဘာလ ၆ ရက်တွင် ကော်ထီးထရွာအနီး စစ်စခန်းတစ်ခု၊ နိုဝင်ဘာလ ၇ ရက်တွင် ကော်ထီးထ ရွာအနီးရှိ KNLA တပ်ရင်း (၃) ဌာနချုပ်အပါအဝင် စခန်းလေးခု ၊ နိုဝင်ဘာလ ၈ ရက် တွင် ပဲခူးတိုင်း ရွှေကျင်မြို့နယ် ထီးကလာချောင်းဝန်းကျင်ရှိ NUG အထူးတိုင်း စစ်ဌာနချုပ် အပါအဝင် စခန်း ငါးခု စုစုပေါင်း စခန်း ၁၁ ခုကို သိမ်းမိကြောင်း သတင်းထုတ်ပြန်ချက်၌ ပါရှိသည်။
ထုတ်ပြန်သည့် ဓာတ်ပုံများတွင် ရိုင်ဖယ် အလက် ၄၀၊ ပုခုံးထမ်း ဗုံးပစ်လောင်ချာ RPG တစ်လက်၊ ပွိုင့်ဖိုက် စက်သေနတ်ကြီး တစ်လက်၊ ၆၀ မမ စိန်ပြောင်း နှစ်လက်နှင့် ခဲယမ်းများ၊ အသေးစား ဒုံး၂၀၊ ဗုံးသီးများ၊ စစ်သုံးပစ္စည်းများနှင့် မော်တော်ယာဉ်နှစ်စီးပါဝင်ကာ အချုပ်ခန်းနှင့် တော်လှန်ရေးတပ်သားများ နားနေရာ ဘားတိုက်များလည်း ပါဝင်နေသည်။
စစ်တပ်ထုတ်ပြန်ချက်နှင့်ပတ်သက်၍ NUG ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကို Myanmar Now က ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းထံ သတင်းမရောက်ရှိသေးကြောင်း ပြန်လည်ဖြေကြားသည်။ အထူးတိုင်းစစ်ဌာနချုပ် ကွပ်ကဲရေးမှူး ရဲဘော်အောင်စံရှားနှင့် ဒုကွပ်ကဲရေးမှူး ကိုအေးမင်းထွန်းတို့ကို နိုဝင်ဘာလ ၉ ရက်ကတည်းက အွန်လိုင်းမှတဆင့် ဆက်သွယ်ထားသော်လည်း ယနေ့ မွန်းလွဲချိန်အထိ တုံ့ပြန်ဖြေကြားခြင်း မရှိသေးပေ။
NUG အထူးတိုင်းစစ်ဌာနသည် ၂၀၂၅ ခုနှစ် ဧပြီလ ၃ ရက်တွင် ဖွဲ့စည်းခဲ့သည့် PDF စစ်ရုံးချုပ် လက်အောက်ခံ စစ်တိုင်းတစ်ခုဖြစ်ပြီး နည်းဗျူဟာ ငါးခု၊ တိုက်ခိုက်ရေးတပ်ရင်း ၁၄ ရင်း၊ ဒရုန်းလက်ရုံး တပ်ဖွဲ့ ငါးဖွဲ့တို့ ပါဝင်သည်။
ပဲခူးတိုင်း ရွှေကျင်မြို့နယ်၊ မွန်ပြည်နယ် ကျိုက်ထို၊ ဘီးလင်းနှင့် ရေးမြို့နယ်၊ တနင်္သာရီတိုင်း ရေဖြူမြို့နယ်တို့၌ NUG အထူးတိုင်းစစ်ဌာနက စစ်ရေးလှုပ်ရှားလေ့ရှိပြီး ထိုအထဲမှ မွန်ပြည်နယ် ကျိုက်ထိုနှင့် ဘီးလင်းမြို့နယ်တို့ သည် NUG ၏ စစ်ရေး၊ နိုင်ငံရေး မဟာမိတ်ဖြစ်သော ကရင်အမျိုးသားအစည်းအရုံး (KNU)၏ တပ်မဟာ (၁) လှုပ်ရှားရာနယ်မြေလည်းဖြစ်သည်။

ယခုနှစ် စက်တင်ဘာလ ၂၄ ရက်က ပဲခူးတိုင်းရှိ အထူးတိုင်းစစ်ဌာန၏ စစ်စခန်းတစ်ခု ဗုံးကြဲခံရပြီး ထိုတိုက်ခိုက်မှုတွင် လူထုအာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ထားသည့် တပ်ကြပ်ကြီး နေဝင်းအောင်နှင့် တော်လှန်ရေးရဲဘော် လေးဦး သေဆုံးခဲ့ကာ အထူးတိုင်းစစ်ဌာန ကွပ်ကဲရေးမှူး ရဲဘော် အောင်စံရှား ဒဏ်ရာရခဲ့သည်။ ထိုနယ်မြေသည် KNU ၏ တပ်မဟာ (၁) နယ်မြေအတွင်း ပါဝင်နေသည်။
NUG အထူးတိုင်းစစ်ဌာနသည် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့ကို ဆက်သွယ် ထားသည့် အမှတ် (၈) ပြည်ထောင်စုလမ်းကို ခြိမ်းခြောက်နေသဖြင့် စစ်တပ်က နယ်မြေရှင်းလင်းသည့် စစ်ဆင်ရေးလုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်း CDM ဗိုလ်ကြီးဇင်ယော်ကလည်း သုံးသပ်သည်။
စစ်တပ်အနေဖြင့် ဖာပွန်တောင်ဘက်နယ်မြေများကို ထိန်းချုပ်ပြီး ပိတ်ဆို့ခံရသည့် ဖာပွန်ဗျူဟာအထိ ထိုးဖောက် အင်အားဖြည့်နိုင်ပါက ထိုင်း- မြန်မာနယ်စပ် နယ်မြေစိုးမိုးရေး လုပ်လာနိုင်ဖွယ် ရှိကြောင်း မြန်မာနိုင်ငံအတွင်း စစ်ပွဲပဋိပက္ခအခြေအနေကို လေ့လာ မှတ်တမ်းတင်နေသည့် မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) ၏ စစ်ဘက်သုတေသန တာဝန်ခံ CDM ဗိုလ်မှူး နောင်ရိုး က ဆိုသည်။
“ကျိုက်ထိုနဲ့ လှဂွန်းပျိုဘက်ကို ပြန်လည်ထိန်းချုပ်နိုင်မယ်ဆိုရင် ဖာပွန်ဗျူဟာကို အင်အားပြန်ဖြည့်နိုင်ပြီး ကရင်ပြည်နယ်အထက်ပိုင်းနဲ့ ထိုင်းနယ်စပ်တကြောကို ထိန်းချုပ်နိုင်မယ်လို့ စစ်တပ်ဘက်က တွက်ချက် ထားပုံရပါတယ်”ဟု ဗိုလ်မှူး နောင်ရိုးက ဆိုသည်။
KNU တပ်မဟာ (၅) လှုပ်ရှားရာ ကရင်ပြည်နယ်မြောက်ပိုင်းတွင် ကမမောင်းမြို့မှ ကတိုင်တိရွာ၊
ထိုမှတဆင့် ဖာပွန်မြို့အထိ ဦးတည်၍ အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးနေသည်။ ဖာပွန်မြို့ တောင်ဘက်တွင် စစ်တပ်၏ စစ်ဗျူဟာအခြေချ (စဗခ) တစ်ခုရှိပြီး အဆိုပါဗျူဟာသည် KNU တပ်မဟာ (၅) တပ်များနှင့် PDF တပ်များ၏ ဝိုင်းပတ်ပိတ်ဆို့ခံထားရသည်။
ထို့နောက် နိုဝင်ဘာလတွင် ဖာပွန်၏ တောင်ဘက် မွန်ပြည်နယ်နှင့် ပဲခူးတိုင်းအရှေ့ခြမ်းဒေသများကိုပါ စစ်တပ်က ထိုးစစ်ဆင်လာခြင်းဖြစ်သည်။ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်တွင်လည်း အင်အားများဖြည့်တင်းနေပြီး အရှေ့ဘက် ဖာပွန်မြို့နယ်သို့ ဦးတည်၍ စစ်ကြောင်းတစ်ခု ထပ်ထိုးလာနိုင်ဖွယ်ရှိ ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနနှင့် နီးစပ်သည့် အထက်ပါ သတင်းရင်းမြစ် အမျိုးသားက ခန့်မှန်းထားသည်။




