အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

သမ္မတအရေခြုံ စစ်ခေါင်းဆောင်ကို ထိပ်သီးအစည်းအဝေးတက်ခွင့် အာဆီယံဆက်ပိတ်ပင်

နိုင်ငံတကာ အသိအမှတ်ပြုမှုရရန် ကြိုးပမ်းနေသည့် စစ်ခေါင်းဆောင်ဟောင်း ဦးမင်းအောင်လှိုင်သည် ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခွင့်မရသေးဘဲ စစ်တပ်၏ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိတဦးကိုသာ သွားရောက်ခွင့်ရထားသည်။

လာမည့်သီတင်းပတ်အတွင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပမည့် အာဆီယံထိပ်သီး အစည်းအဝေးသို့ စစ်ခေါင်းဆောင်ဟောင်း ဦးမင်းအောင်လှိုင် တက်ရောက်ခွင့်ကို အာဆီယံက ဆက်လက်ပိတ်ပင်ထားဆဲဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ယနေ့ (နိုဝင်ဘာလ ၁၁ ရက်) ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံကိုယ်စားပြု၍ နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် တက်ရောက်မည်ဟု ဖော်ပြသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ရွေးကောက်ခံအစိုးရကို စစ်တပ်က ဖြုတ်ချအာဏာသိမ်းပြီးနောက် မြန်မာစစ်တပ်ခေါင်းဆောင်များကို အစည်းအဝေးတက်ခွင့် ပိတ်ထားသည့် ဆုံးဖြတ်ချက်ကို  အာဆီယံက ဆက်လက် ထိန်းသိမ်းထားခြင်းဖြစ်သည်။

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ၏ ယခုနှစ် အလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံသည် နိုဝင်ဘာလ ၁၅ ရက်မှ ၁၇ ရက်အထိ အာဆီယံ ထိပ်သီးအစည်းအ​ဝေးကို မြို့တော် မနီလာတွင် လက်ခံကျင်းပမည်ဖြစ်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အာဆီယံ ထိပ်သီးအစည်းအ​ဝေး တက်ရောက်ခွင့်နှင့်ပတ်သက်၍ စစ်အုပ်စု၏ သမ္မတရုံးပြောခွင့်ရ ဒေါ်ခိုင်ခိုင်စိုး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဟန်ဝင်းအောင်တို့ထံ Myanmar Now က ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိပါ။

အာဏာသိမ်းမှုကို ဦးဆောင်ခဲ့သည့် စစ်ခေါင်းဆောင်ဟောင်းသည် ဟန်ပြကျင်းပခဲ့သည့် ရွေးကောက်ပွဲများအပြီးတွင် စစ်တပ်ဘက်ယိမ်းသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှတဆင့် ပြီးခဲ့သည့် ဧပြီလတွင် ကိုယ့်ကိုယ်ကိုယ် သမ္မတအဖြစ် ခန့်အပ်ခဲ့သည်။

စစ်ခေါင်းဆောင်အဖြစ်မှ သမ္မတရာထူးရယူထားသည့် ဦးမင်းအောင်လှိုင်၏ အသွင်ကူးပြောင်းမှုသည် နိုင်ငံတကာ အသိအမှတ်ပြုမှုရရန်နှင့်နိုင်ငံတကာတွင် သံတမန်ဆက်ဆံရေး ပြန်ထူထောင်ရန် ကြိုးပမ်းမှု၏ တစိတ်တပိုင်းဖြစ်သည်။

သို့သော် အဆိုပါရွေးကောက်ပွဲများကို အကြောင်းပြု၍ အာဆီယံ၏ အဆင့်မြင့်အစည်းအဝေးများတွင် မြန်မာနိုင်ငံ ပြန်လည်တက်ရောက်ခွင့် အာဆီယံက ခွင့်မပြုသေးပေ။

ဦးမင်းအောင်လှိုင်ကို ထိပ်သီးအစည်းအဝေးများ တက်ခွင့်မပြုရန် အာဆီယံလွှတ်တော်အမတ်များ လူ့အခွင့်အရေးအဖွဲ့ (ASEAN Parliamentarians for Human Rights – APHR) နှင့် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (Special Advisory Council for Myanmar – SAC-M) တို့က ဖိလစ်ပိုင်အစိုးရထံ တိုက်တွန်းခဲ့ကြသည်။

မြန်မာစစ်ခေါင်းဆောင်ကို အစည်းအဝေးတက်ခွင့်ပြုပါက အာဆီယံ၏ ဘုံသဘောတူညီချက် ငါးရပ်ကို ထိခိုက်စေလိမ့်မည်ဟု ထိုအဖွဲ့များက သတိပေးခဲ့ကြသည်။

အောက်တိုဘာလ တလအတွင်းတွင်ပင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ကလေးငယ် ၁၂ ဦးအပါအဝင် အရပ်သား အနည်းဆုံး ၁၀၀ သေဆုံးခဲ့ရသည်ဟု APHR နှင့် SAC-M တို့က ထောက်ပြထားသည်။

အာဆီယံ၏ ငြိမ်းချမ်းရေးအစီအစဉ်ကို အကောင်အထည်ဖော်ရန် တိုင်းတာအကဲဖြတ်နိုင်သည့် စံသတ်မှတ်ချက်များ ချမှတ်ရန်နှင့် မလိုက်နာပါက ဒဏ်ခတ်အရေးယူရန်လည်း APHR နှင့် SAC-M တို့က တိုက်တွန်းခဲ့ကြသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးအစီရင်ခံစာတင်သွင်းသူဟောင်းနှင့် SAC-M တည်ထောင်သူအဖွဲ့ဝင်ဖြစ်သည့် ယန်ဟီးလီ (Yanghee Lee) ကလည်း ဦးမင်းအောင်လှိုင်ကို အာဆီယံ အစည်းအဝေးတက်ခွင့် ပေးလိုက်ပါက လုံးဝအလျှော့ပေးသကဲ့သို့ ဖြစ်လိမ့်မည်ဟု သတိပေးခဲ့သည်။

“မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီး အာဆီယံရဲ့ နိုင်ငံရေးနဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ ပျက်ကွက်မှုတွေ တဖြည်းဖြည်း ပိုများလာနေတဲ့အခြေအနေတစ်ခုမှာ အာဆီယံထိပ်သီးညီလာခံကို မင်းအောင်လှိုင်သာ တက်ရောက်ခဲ့မယ်ဆိုရင် ဒါဟာ လုံးဝအညံ့ခံအရှုံးပေးလိုက်သလို ဖြစ်သွားပါလိမ့်မယ်” ဟု ယန်ဟီးလီက ပြောသည်။

အာဆီယံ ထိပ်သီးအစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များနှင့် အဓိက နိုင်ငံတကာ မိတ်ဖက်နိုင်ငံများမှ ခေါင်းဆောင်များ တက်ရောက်ကြမည်ဖြစ်သည်။

သို့သော် ဦးမင်းအောင်လှိုင်သည် ထိုင်း၊ မလေးရှား၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့အပါအဝင် အာဆီယံနိုင်ငံအချို့နှင့် သံတမန်ရေးအရ ထိတွေ့ဆက်ဆံမှုများ ပြုလုပ်ခဲ့သော်လည်း အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်ခွင့်ကိုမူ ဆက်ပိတ်ခံထားရသည်။

မြန်မာနိုင်ငံသည် အာဆီယံ၏ အဆင့်မြင့်အစည်းအဝေးများသို့ ပြန်တက်ခွင့်ရရန် ၂၀၂၁ ခုနှစ် ဧပြီလတွင် ချမှတ်ခဲ့သည့် အာဆီယံဘုံသဘောတူညီချက် ငါးရပ်တိုးတက်မှု ရှိမရှိအခြေအနေတွင် အာဆီယံက အခြေခံထားသည်။

အဆိုပါ ငြိမ်းချမ်းရေးအစီအစဉ်တွင် အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်၊ သက်ဆိုင်သူများအားလုံး တွေ့ဆုံဆွေးနွေးရန်၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးနိုင်ရန် စသည့်အချက်များ ပါဝင်သည်။

သို့သော် မြန်မာနိုင်ငံ ဒေသအများအပြားတွင် တိုက်ပွဲများ ဆက်ဖြစ်နေပြီး စစ်တပ်ခေါင်းဆောင်ပိုင်းသည်လည်း အဆိုပါသဘောတူညီချက်၏ အဓိကအချက်များကို အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးပေ။

အာဆီယံ ထိပ်သီးအစည်းအဝေးများသို့ နိုင်ငံရေးနှင့်မသက်ဆိုင်သည့် ကိုယ်စားလှယ်များသာ တက်ရောက်ခွင့်ပြုရန် ချမှတ်ထားသည့် ဆုံးဖြတ်ချက်ကို အာဆီယံခေါင်းဆောင်များက မပြောင်းလဲသေးဟု ပြီးခဲ့သည့် မေလတွင် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒိုမီနစ် ဇေးဗီးယား အင်ပီးရီးယယ်က ပြောဆိုထားသည်။

“ကျွန်တော်တို့က အာဆီယံခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်နေတာပါ” ဟု ၎င်းက ဆိုသည်။ ထို့အပြင် အာဆီယံခေါင်းဆောင်များက အခြားဆုံးဖြတ်ချက်တစုံတရာ မချမှတ်မချင်း လက်ရှိကန့်သတ်ချက်များ ဆက်လက်တည်ရှိနေမည်ဟုလည်း သူက ပြောသည်။

ထိုစဉ်က မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန် (Mohamad Hasan) ကလည်း အာဆီယံအစည်းအဝေးများသို့ ပြန်တက်ရောက်ခွင့်ပြုရန် မြန်မာနိုင်ငံဘက်မှ တောင်းဆိုထားသော်လည်း ယင်းတောင်းဆိုချက်ကို လက်ခံရန် အာဆီယံက သဘောမတူသေးဟု ပြောဆိုခဲ့သည်။

ယခုကျင်းပမည့် ထိပ်သီးအစည်းအဝေးမတိုင်မီ အောက်တိုဘာလနှောင်းပိုင်းတွင် ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးနှင့် အာဆီယံ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်သူ မာရီယာ ထရီဆာ လာဇာရို (Ma. Theresa Lazaro) သည် မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည်။

၎င်း၏ ခရီးစဉ်အတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးနှင့် မြန်မာအာဏာပိုင်များနှင့် ထိတွေ့ဆက်ဆံရေးတို့ကို အဓိကထား ဆွေးနွေးခဲ့သည်။

ယခု မနီလာမြို့တွင် ကျင်းပမည့် အစည်းအဝေးများအတွင်း အာဆီယံခေါင်းဆောင်များသည် ဒေသတွင်းလုံခြုံရေး၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် အင်အားကြီးနိုင်ငံများနှင့် ဆက်ဆံရေးကိစ္စရပ်များအပြင် မြန်မာနိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်းတို့ကိုလည်း ဆွေးနွေးကြမည်ဟု မျှော်လင့်ရသည်။

မြန်မာနိုင်ငံသည် ၂၀၂၆ ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကို ရယူရန် စီစဉ်ထားသော်လည်း ဥက္ကဋ္ဌတာဝန်ယူမည့် အလှည့်ကို အာဆီယံက ရွှေ့ဆိုင်းခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံကို အစားထိုး တာဝန်ယူစေခဲ့သည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့က မြန်မာစစ်တပ်ခေါင်းဆောင်ပိုင်းနှင့် အဆင့်မြင့်ဆက်ဆံရေး ပြန်လည်ပြုလုပ်လာကြသော်လည်း မင်းအောင်လှိုင်ကို ထိပ်သီးအစည်းအဝေးတက်ခွင့် ဆက်ပိတ်ပင်ထားခြင်းသည် နိုင်ငံတကာသံတမန်ရေးရာ အသိအမှတ်ပြုမှု ပြန်ရရန် အကန့်အသတ်များ ရှိနေဆဲဖြစ်သည်ကို ပြသနေသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles