၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ရိုဟင်ဂျာများအပေါ်ကို လူမျိုးသုဥ်းသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း နိုင်ငံတကာတရားရုံး (ICJ) က ယနေ့(နိုဝင်ဘာလ ၁၉ ရက်) ဆုံးဖြတ်လိုက်ပြီးနောက် လန်ဒန်ရှိ မြန်မာစစ်သံမှူးကို နှင်ထုတ်ရန် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက အမိန့်ပေးလိုက်သည်။
ယင်းအပြင် ယခုစီရင်ချက်ကို ဆွေးနွေးရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေး ခေါ်ပေးရန် တောင်းဆိုလိုက်သည်။
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး အက်ဒ်မီလီဘန်း (Ed Miliband) ၏ ယနေ့ (နိုဝင်ဘာလ ၁၉ ရက်) ထုတ်ပြန်သည့်ကြေညာချက်တွင် ICJ ၏ စီရင်ချက်ကို သမိုင်းဝင်အရေးပါသည့် ဆုံးဖြတ်ချက်တရပ်အဖြစ် ကြိုဆိုခဲ့ပြီး မြန်မာစစ်အုပ်စုက ရိုဟင်ဂျာများကို ကျူးလွန်ခဲ့သည့် ရက်စက်ကြမ်းကြုတ်မှုများနှင့် ပတ်သက်၍ အပြင်းအထန်ရှုတ်ချထားသည်။
ဗြိတိန်နိုင်ငံသည် ICJ နှင့် နိုင်ငံတကာဥပဒေစိုးမိုးရေးစနစ်ကို အပြည့်အဝထောက်ခံပြီး ယင်းရာဇဝတ်မှုများအတွက် တာဝန်ရှိသူများကို တာဝန်ခံမှုရှိစေရန် ဆောင်ရွက်သွားမည်ဟု အက်ဒ်မီလီဘန်း၏ ကြေညာချက်တွင် ထည့်သွင်းဖော်ပြသည်။
ICJ စီရင်ချက်နှင့် ပတ်သက်၍ ချက်ချင်းအရေးယူရန် ပြင်ဆင်နေသည်ဟုဆိုပြီး မြန်မာစစ်အုပ်စုကို လက်ရှိချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှုများအပြင် ဗြိတိန်နိုင်ငံတွင် တာဝန်ထမ်းဆောင်နေသော မြန်မာစစ်သံမှူးကို နှင်ထုတ်ရန် အမိန့်ပေးထားသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ထို့အပြင် ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ ယာယီတာဝန်ခံ (Chargé d’Affaires) ကိုလည်း ဆင့်ခေါ်နေပြီးတာဝန်ရှိသူများကို အရေးယူနိုင်ရန် လာမည့်ရက်ပိုင်းအတွင်း နောက်ထပ်ဆောင်ရွက်မည့် အစီအစဉ်များကို ထုတ်ပြန်သွားမည်ဟု ဆိုသည်။
“ဒီလိုရာဇဝတ်မှုတွေကို ကျူးလွန်ပြီး ပြစ်ဒဏ်ကင်းလွတ်ခွင့် ရရှိနေလို့မရဘူးဆိုတဲ့ ရှင်းလင်းပြတ်သားတဲ့သတင်းစကားကို တရားရုံးရဲ့ စီရင်ချက်က ပေးပို့နိုင်စေရပါမယ်” ဟု ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးကပြောသည်။
ရိုဟင်ဂျာများသည် နှစ်ပေါင်းများစွာ အကြမ်းဖက်မှု၊ အိုးအိမ်စွန့်ခွာထွက်ပြေးရမှုနှင့် ဖိနှိပ်ညှဉ်းပန်းမှုများကိုခံစားခဲ့ရပြီး၊ မြန်မာနိုင်ငံသည် ICJ ၏ စီရင်ချက်ကို အပြည့်အဝ လိုက်နာရန်လိုသည်ဟုလည်း အက်ဒ်မီလီဘန်းက ဆိုသည်။
နိုင်ငံတကာ အသိုင်းအဝိုင်းသည်လည်း ICJ စီရင်ချက်ကို အကောင်အထည်ဖော်ရန်၊ တာဝန်ခံမှုရှိစေရန်နှင့် ရိုဟင်ဂျာများအတွက် တရားမျှတမှုရန်တို့အတွက် ပါဝင်ဆောင်ရွက်ကြရန် အက်ဒ်မီလီဘန်းက ထုတ်ပြန်ချက်တွင် ထည့်သွင်းတိုက်တွန်းထားသည်။
ICJ ယနေ့အခင်းအကျင်း
ICJ တွင် တရားသူကြီး ၁၅ ဦးရှိရာ မြန်မာနိုင်ငံသည် ရိုဟင်ဂျာများကို လူမျိုးသုဥ်းသတ်ဖြတ်မှု ကျူးလွန်သည်ဟု ထောက်ခံ ကိုးမဲ၊ ကန့်ကွက် ခြောက်မဲဖြင့် ဆုံးဖြတ်ခဲ့သည်။ နောက်ဆက်တွဲလိုက်နာရမည့် တာဝန်များကိုလည်း သီးခြားမဲခွဲဆုံးဖြတ်ပြီး ယနေ့အမိန့်ချခဲ့သည်။
ယင်းတို့တွင် လူမျိုးသုဥ်းသတ်ဖြတ်မှု ကျူးလွန်ခဲ့သည်ဟု သံသယရှိသူများကို စုံစမ်းစစ်ဆေးပြီး တရားစွဲဆိုအရေးယူရန်၊ ရိုဟင်ဂျာများကို ဘေးကင်းစွာ နေရပ်ပြန်ခွင့်ပေးရန်၊ ကွဲကွာနေသည့် မိသားစုများနှင့် ပြန်ပေါင်းစည်းခွင့်ပေးရန် အပြင်လျော်ကြေးပေးရန်တို့လည်း ပါဝင်သည်။
ထို့အပြင် အလားတူ လူမျိုးသုဉ်းသတ်ဖြတ်မှုများ ထပ်မဖြစ်ရန် အာမခံချက် ပေးရမည်ဟု အမိန့်ချမှတ်ထားသည်။
ICJ က ချမှတ်လိုက်သည့် အဆုံးအဖြတ်နှင့် တရားသူကြီးများ ပေးသည့် ထောက်ခံ၊ ကန့်ကွက် မဲအရေအတွက်
| တရားရုံး၏ အဆုံးအဖြတ် | တရားသူကြီးများထောက်ခံမဲ | တရားသူကြီးများကန့်ကွက်မဲ |
| ရိုဟင်ဂျာများအပေါ်ကို လူမျိုးသုဥ်းသတ်ဖြတ်မှု ကျူးလွန်ကြောင်း ဆုံးဖြတ်ခြင်း | ၉ မဲ | ၆ မဲ |
| လူမျိုးသုဥ်းသတ်ဖြတ်မှုကို တားဆီးရန်ပျက်ကွက်ခြင်း | ၉ မဲ | ၆ မဲ |
| ကျူးလွန်သူများကို ပြစ်ဒဏ်ပေးရန်ပျက်ကွက်ခြင်း | ၁၁ မဲ | ၄ မဲ |
| လူမျိုးသုဥ်းသတ်ဖြတ်မှုကို ဥပဒေများပြဋ္ဌာန်း၍ တားဆီးရန် ပျက်ကွက်ခြင်း | ၁၄ မဲ | ၁ မဲ |
| သံသယရှိသူများကို စုံစမ်းစစ်ဆေးပြီးအရေးယူရန် ပျက်ကွက်ခြင်း | ၁၃ မဲ | ၂ မဲ |
| ရိုဟင်ဂျာများကို မူလအခြေအနေ ပြန်လည်ရရှိရန် ဖန်တီးပေးရန် ဆုံးဖြတ်ခြင်း | ၁၀ မဲ | ၅ မဲ |
| ရိုဟင်ဂျာများကို လျော်ကြေးပေးရန် | ၁၀ မဲ | ၅ မဲ |
| ICJ ၏ ၂၀၂၀ ကြားဖြတ်အမိန့်အရသက်သေများ ထိန်းသိမ်းထားရမည့် တာဝန်ကို ချိုးဖောက်ခြင်း | ၁၁ မဲ | ၄ မဲ |
ကျူးလွန်သူများကို စုံစမ်းစစ်ဆေးအရေးယူရန်
၂၀၁၇ ခုနှစ် နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးများနှင့် ဆက်စပ်၍ လူမျိုးသုဥ်း သတ်ဖြတ်မှုဆိုင်ရာ သဘောတူစာချုပ်ကို ချိုးဖောက်သည့် လုပ်ရပ်များ ကျူးလွန်ခဲ့သည်ဟု သံသယရှိသူအားလုံးကို ချက်ချင်းနှင့် ထိရောက်စွာ စုံစမ်းစစ်ဆေးရန်လည်း ICJ က အမိန့်ချမှတ်ထားသည်။
ထိုတို့ကို တရားစွဲဆိုပြီး ပြစ်ဒဏ်ပေးရန်လည်း အမိန့်ချမှတ်ထားပြီး ယင်းအဆုံးအဖြတ်ကို တရားသူကြီး ၁၃ ဦးက ထောက်ခံကာ နှစ်ဦးက ကန့်ကွက်ခဲ့သည်။ သို့သော် ICJ ၏ စီရင်ချက်သည် စစ်ခေါင်းဆောင်တစ်ဦးချင်းကို ရာဇဝတ်မှုဖြင့် ပြစ်ဒဏ်ချမှတ်ခြင်း မဟုတ်ဘဲ မြန်မာနိုင်ငံကို နိုင်ငံတကာဥပဒေအရ တာဝန်ရှိမှုကို ဆုံးဖြတ်ခြင်းဖြစ်သည်။
နိုဝင်ဘာလ ၁၇ ရက်က ပြုလုပ်သည့် နိုင်ငံတကာ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch – HRW) ၏ အွန်လိုင်း သတင်းစာရှင်းလင်းပွဲတွင် ICJ ၏ စီရင်ချက်သည် ကုလသမဂ္ဂ၏ အမြင့်ဆုံးတရားစီရင်ရေး အဖွဲ့အစည်းက ချမှတ်သည့် အဆုံးအဖြတ်ဖြစ်ခြင်းကြောင့် ဥပဒေရေးရာအရ အလွန်အရေးပါသည်ဟု HRW ၏ အကြီးတန်းဥပဒေအကြံပေး Maria Elena Vignoli ကပြောသည်။
ICJ စီရင်ချက်သည် စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်နှင့် အခြားစစ်ခေါင်းဆောင်များ ကို ICC သို့မဟုတ် နိုင်ငံအသီးသီး၏ တရားရုံးများတွင် တရားစွဲဆိုရာတွင် အထောက်အကူဖြစ်နိုင်သလားဟု Myanmar Now က မေးမြန်းရာ ယင်းတရားရုံးများ သည် ICJ ၏ ဥပဒေရေးရာ သုံးသပ်ချက်များကို ထည့်သွင်းစဉ်းစားနိုင်သည်ဟု Maria Elena Vignoliက ပြောသည်။

ရိုဟင်ဂျာများ နေရပ်ပြန်ရန်နှင့် လျော်ကြေးပေးရန်
ICJ ၏ စီရင်ချက်တွင် မြန်မာနိုင်ငံ၏ ဥပဒေချိုးဖောက်မှုများကြောင့် ပြည်တွင်းနှင့် ပြည်ပသို့ နေရပ်စွန့်ခွာခဲ့ရသည့် ရိုဟင်ဂျာများအား နေရပ်သို့ ဘေးကင်းစွာနှင့် မိမိဆန္ဒအလျောက် လူ့ဂုဏ်သိက္ခာနှင့်အညီ ပြန်လည်နေထိုင်ခွင့်ပေးရမည်ဟု ပါရှိသည်။ ကွဲကွာနေသည့် မိသားစုများ ပြန်လည်ပေါင်းစည်းနိုင်ရေး ဆောင်ရွက်ရန်လည်း အမိန့်ချမှတ်ထားသည်။
ထို့အပြင် လူမျိုးသုဥ်းသတ်ဖြတ်မှုဆိုင်ရာ သဘောတူစာချုပ်ကို ချိုးဖောက်ခဲ့ခြင်းကြောင့် ရိုဟင်ဂျာများ ခံစားခဲ့ရသည့် ထိခိုက်နစ်နာမှုများအတွက် မြန်မာနိုင်ငံက လျော်ကြေး ပေးရမည်ဖြစ်သည်။ သို့သော် လျော်ကြေးပမာဏကို ယခုစီရင်ချက်တွင် မသတ်မှတ်သေးဘဲ နောက်ဆက်တွဲ တရားစီရင်ရေးအဆင့်တွင် ဆုံးဖြတ်မည်ဖြစ်သည်။
မြန်မာနိုင်ငံသည် မူလအခြေအနေ ပြန်လည်ရရှိရန် ဆောင်ရွက်ထားမှုများနှင့် လျော်ကြေးဆိုင်ရာ အချက်အလက်များပါဝင်သည့် အစီရင်ခံစာကို စီရင်ချက်ချမှတ်သည့်နေ့မှ နှစ်နှစ်အတွင်း ICJ ထံ တင်သွင်းရန်လည်း တရားရုံးက ဆုံးဖြတ်သည်။
HRW ၏ အာရှဒေသဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူး Bryony Lau ကမူ ရိုဟင်ဂျာများ နေရပ်ပြန်ရေးအပါအဝင် တရားရုံးအမိန့်များကို လက်တွေ့အကောင်အထည် ဖော်ရာတွင် ရခိုင်ပြည်နယ်၏ လက်ရှိအခြေအနေကို ထည့်သွင်းစဉ်းစားရန်လိုသည်ဟု နိုဝင်ဘာလ ၁၇ ရက် သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုခဲ့သည်။
၂၀၁၉ ခုနှစ်တွင် ဂမ်ဘီယာနိုင်ငံက အမှုစတင်တရားစွဲဆိုခဲ့ချိန်နှင့် နှိုင်းယှဉ်ပါက ရခိုင်ပြည်နယ်၏ အခြေအနေမှာ များစွာပြောင်းလဲသွားပြီဟု HRW က ထောက်ပြသည်။
အထူးသဖြင့် ရခိုင်ပြည်နယ်၏ နယ်မြေအများအပြားကို အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားခြင်းကြောင့် ရိုဟင်ဂျာများ နေရပ်ပြန်ရန်အမိန့်ကို လက်တွေ့အကောင်အထည်ဖော်ရာတွင် အခက်အခဲရှိနိုင်သည်ဟု Bryony Lau ကဆိုသည်။
သို့သော် မြန်မာနိုင်ငံကို ချမှတ်ထားသည့် ICJ စီရင်ချက်သည် အစိုးရတရပ်တည်း အပေါ်ကို မဟုတ်ဘဲ နိုင်ငံကို ချမှတ်ထားခြင်းဖြစ်သောကြောင့် အနာဂတ်တွင် မည်သည့်အစိုးရက အုပ်ချုပ်သည်ဖြစ်စေ လိုက်နာရမည့် တာဝန်ရှိသည်ဟု Bryony Lau က ဆိုသည်။

ICJ စီရင်ချက် မလိုက်နာလျှင်
ICJ ၏ စီရင်ချက်သည် အပြီးသတ်ဖြစ်ပြီး အယူခံဝင်ခွင့်မရှိပေ။ သို့သော် ICJ ၏ စီရင်ချက်များကို အကောင်အထည်ဖော်နိုင်သည့် ရဲတပ်ဖွဲ့ သို့မဟုတ် အရေးယူနိုင်ရန် ဖွဲ့စည်းထားသည့် အဖွဲ့အစည်း ICJ တွင် မရှိပေ။
စီရင်ချက်ကို မြန်မာနိုင်ငံက မလိုက်နာလျှင် ဂမ်ဘီယာနိုင်ငံသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီထံ တင်ပြပြီး ကြားဝင်ဆောင်ရွက်ပေးရန် တောင်းဆိုနိုင်သည်ဟု Bryony Lau က ဆိုသည်။
ကုလ လုံခြုံရေးကောင်စီသည် စီရင်ချက်ကို အကောင်အထည်ဖော်နိုင်ရန် အကြံပြုချက်များ လုပ်နိုင်သလို ဆက်လက်ဆောင်ရွက်ရမည့် အစီအမံများကိုလည်း ဆုံးဖြတ်နိုင်ကြောင်း ၎င်းက ဆိုသည်။
ထို့အပြင် အခြားတစ်နိုင်ငံချင်းဖြစ်စေ၊ ကုလသမဂ္ဂ အထွေထွေညီလာခံမှတဆင့်ဖြစ်စေ ICJ စီရင်ချက်ကို လိုက်နာရန် ဖိအားပေးနိုင်သည်ဟုလည်း Maria Elena Vignoli ပြောသည်။
သို့သော် လုံခြုံရေးကောင်စီ၏ အရေးယူမှုများကို အမှန်တကယ် ဆုံးဖြတ်ရာတွင် မြန်မာစစ်အုပ်စုနှင့် နီးကပ်သည့် ဆက်ဆံရေးရှိသော ကုလ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများ၏ ဗီတိုအာဏာအပါအဝင် နိုင်ငံရေးအတားအဆီးများလည်း ရှိလာနိုင်သည်။
ICJ ၏ ယခုစီရင်ချက်သည် မြန်မာနိုင်ငံ၏ လူမျိုးသုဥ်းသတ်ဖြတ်မှုဆိုင်ရာ နိုင်ငံတကာ ဥပဒေတာဝန်ရှိမှုကို ဆုံးဖြတ်ထားခြင်းဖြစ်သည်။ စစ်ခေါင်းဆောင်တစ်ဦးချင်း၏ ရာဇဝတ်မှုဆိုင်ရာ တာဝန်ရှိမှုကို သီးခြားတရားစီရင်ရေး လုပ်ငန်းစဉ်များမှတဆင့် ဆက်လက် စစ်ဆေးရမည်ဖြစ်သည်။
ယင်းအပြင် ရိုဟင်ဂျာများ နေရပ်ပြန်ရန်၊ လျော်ကြေးပေးရန်နှင့် အလားတူ ချိုးဖောက်မှုများ ထပ်မဖြစ်ရန်တို့မှာ ICJ စီရင်ချက်ကို မြန်မာနိုင်ငံက လက်တွေ့လိုက်နာ ဆောင်ရွက်မှုနှင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ ဖိအားပေးနိုင်မှုတွင် မူတည်နေမည် ဖြစ်သည်။



