Connect with us
close

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

တိုက်ပွဲ​များနှင့် နီးကပ်လာ​သော မန္တ​လေး

လျှပ်စစ်မီးပြတ်တောက်နေသော မန္တလေးမြို့၏ ညဦးပိုင်းတွင် ထမင်းစားပြီး၍ အိမ်ရှေ့ထွက်လာသော အသက် ၄၀ အရွယ် ကိုအောင်အောင်တစ်ယောက် သူ့ခေါင်းပေါ် ကောင်းကင်ထက်မှ ဝေါခဲနဲဖြတ်မောင်းသွားသော လေယာဥ်ပျံသံကို ကြားလိုက်ရသည်။

ပြည်သူ့ကာကွယ်​ရေးတပ်မ​တော် (မန္တ​လေး) ကစဥ့်ကူးမြို့ နှင့် မတ္တရာ မြို့နယ် ရှိစစ်​ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်ပြီး​နောက်​​အောင်ပွဲခံ​နေစဥ်။ဓါတ်ပုံ-MDY-PDF

သရဖီ/People’s Spring

လျှပ်စစ်မီးပြတ်တောက်နေသော မန္တလေးမြို့၏ ညဦးပိုင်းတွင် ထမင်းစားပြီး၍ အိမ်ရှေ့ထွက်လာသော အသက် ၄၀ အရွယ် ကိုအောင်အောင်တစ်ယောက် သူ့ခေါင်းပေါ် ကောင်းကင်ထက်မှ ဝေါခဲနဲဖြတ်မောင်းသွားသော လေယာဥ်ပျံသံကို ကြားလိုက်ရသည်။

“စဥ့်ကူးဘက်သွားတာထင်တယ်။”ဟု သူရေရွတ်မိသည်။ လေယာဥ်က တောင်ဘက် တံတားဦးလေဆိပ်ဘက်မှတက်လာပြီး မန္တလေးမြောက်ပိုင်းသို့ ဦးတည်မောင်းသွားခြင်းဖြစ်သည်။ လက်ရှိ တိုက်ပွဲဖြစ်ပွားနေသော မန္တလေးမြောက်ခြမ်းရှိ စဥ့်ကူးနယ်ဘက်သို့ ဦးတည်ခြင်းဖြစ်မည်ဟု သူတွက်ဆလိုက်ခြင်းဖြစ်သည်။

ဇွန်လ ၂၅ ရက်က စတင်ထွက်ပေါ်လာသည့် ၁၀၂၇ ၏ ဒုတိယပိုင်းသည် ကိုအောင်အောင်အပါအဝင် မန္တ​လေးမြို့ခံများအတွက် အံ့အားသင့်စေခဲ့ပါသည်။ အဘယ့်ကြောင့်ဆိုသော် မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်းရှိ (၁၀၁၄)လေကြောင်းရန်ကာကွယ်ရေး အင်ကြင်းမြိုင်တပ်စခန်းအပါအဝင် စစ်ကောင်စီ၏ တပ်စခန်း အပါအဝင် စစ်ကောင်စီ၏ တပ်စခန်း ၈ ခုအား ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က အပြီးသတ်သိမ်းပိုက်လိုက်ကြောင်း ဇူလိုင် ၂ ရက်က ထုတ်ပြန်လိုက်ခြင်းကြောင့်ဖြစ်သည်။

Public Service Announcement

Public Service Announcement

“အံ့အားသင့်သွားတယ်။ အနှေးနဲ့အမြန်ရောက်လာမယ်လို့တွေးမိတယ်။ ဒါပေမယ့် ဒီလောက်မြန်မြန်ဆန်ဆန်ရောက်လာမယ်ထင်မထားဘူး။”ဟု ကိုအောင်အောင်က ပြောသည်။

မန္တလေးမြို့ခံများ အံ့အားသင့်သည်မှာလည်း ဆန်းတော့မဆန်းပေ။ မန္တ​လေး PDF က သိမ်းယူထားသည့် စခန်းများအနက် Alpha ဘိလပ်မြေစက်ရုံ၏ စိုးမိုးကုန်းဖြစ်သော မြေနီတောင် တပ်စခန်းဆိုသည်မှာ မန္တလေးမှသွားလျှင် တစ်နာရီပင်မကြာဘဲ ရောက်နိုင်သော နေရာတစ်ခုဖြစ်သည်။

ပြည်သူ့ကာကွယ်​ရေးတပ်မ​တော် (မန္တ​လေး) ကစဥ့်ကူးမြို့ နှင့် မတ္တရာ မြို့နယ် ရှိစစ်​ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်ပြီး​နောက်​​အောင်ပွဲခံ​နေစဥ်။ဓါတ်ပုံ-MDY-PDF

ဇူလိုင် ၆ ရက်ညထုတ်ပြန်ချက်အရမတ္တရာမြို့တွင် ​လေ​ကြောင်းရန်ကာကွယ်​ရေးတပ်အပါအဝင် စစ်စခန်း​ပေါင် ၂၅ ခုကို မန္တ​လေးတိုင်းသားအများစုပါဝင်စုဖွဲ့ထား​သော မန္တ​လေးPDF ကသိမ်းပိုက်ပြီးဖြစ်သည်။

“တပ်စခန်းအချို့ ကျန်ဦးမယ်။ ကျွန်တော်တို့ ဆက်လက် ထိုးစစ်ဆင်နေဆဲပါ။”ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၏ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ပြောထားသည်။

မတ္တရာနှင့်ကပ်လျက် မန္တလေးခရိုင်အတွင်းရှိ ပုသိမ်ကြီးမြို့နယ်တွင်လည်း စစ်ကောင်စီစခန်းများရှိ၍ ပုသိမ်ကြီးသို့ရောက်ပါက မန္တလေးသို့ စဝင်ပြီဟု ပြောနိုင်ပြီဖြစ်သည်။

မတ္တရာနှင့်စဥ့်ကူးနယ်အတွင်း တိုက်ပွဲများကြောင့် လေယာဥ်သံများ မန္တလေးမြို့ပေါ်ခပ်စိပ်စိပ်ဖြတ်သန်းလာ၍ စစ်ပွဲသည် မန္တလေးနှင့်အနီးဆုံးရောက်လာပြီဖြစ်ကြောင်း မြို့ခံများ သတိပြုလာကြသည်။ စဥ်ကူးမြို့နယ်ရှိ စစ်စခန်း ၈ ခုခန့်ကိုလည်း မန္တ​လေး PDF ကသိမ်းပြီးဖြစ်သည်။

“စစ်သုံ့ပန်း (၁၀၀) ကျော်ပါပြီ၊အလင်းဝင်သူ (၃၀)ဝန်းကျင် ရှိပါတယ်” ဟု မတ္တရာနှင့် စဥ်ကူးမြို့နယ် တိုက်ပွဲများ တွင်ဖမ်းဆီးရရှိ​သော စစ်သုံ့ပန်းနှင့် အလင်းဝင်လာသူအ​ခြေအ​နေကို မန္တ​​လေး PDF ​ပြော​ရေးဆိုခွင့်ရှိသူက ဇူလိုင် ၆ ရက်ညတွင်​ပြောသည်။

ဇူလိုင် ၁၇ ရက်တွင် စဥ့်ကူးမြို့ အပါအဝင် စဥ့်ကူးတမြို့နယ်လုံးကို မန္တ​လေး PDF ကသိမ်းပိုက်လိုက်သည်။ မတ္တရာမြို့နယ်တွင်လည်း စစ်စခန်း​ပေါင်း ၃၀ ​ကျော်ကို သိမ်းပိုက်ကာ တိုက်ပွဲများသည် ပုသိမ်ကြီးမြို့နယ်အစပ်ရှိ ​ကျေးရွာများသို့ပါ​ရောက်ရှိလာပြီဖြစ်သည်။သပိတ်ကျင်းမြို့နယ်တွင်လည်း​တော်လှန်​ရေးတပ်များက တ​ကောင်းနီကယ်စက်ရုံအ​စောင့် စစ်စခန်းအပါအဝင် စခန်းများကိုဆက်တိုက်သိမ်းယူ​နေသည်။

ပြည်သူ့ကာကွယ်​ရေးတပ်မ​တော် (မန္တ​လေး) ကစဥ့်ကူးမြို့ နှင့် မတ္တရာ မြို့နယ် ရှိစစ်​ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်ပြီး​နောက်​​အောင်ပွဲခံ​နေစဥ်။ဓါတ်ပုံ-MDY-PDF

စစ်ပွဲသည် မန္တ​လေးနှင့်လွန်စွာနီးကပ်လာသော်လည်း ကိုအောင်အောင်အပါအဝင် မြို့ခံပြည်သူအချို့က ကြိုတင်ပြင်ဆင်ထားခြင်းမရှိသေးကြောင်း လူထုနွေဦး၏ မေးမြန်းချက်များအရ သိရသည်။

“ဝယ်ချင်တယ်။ ဆန်တို့ဘာတို့ပေါ့။ ခက်တာကဝယ်စရာပိုက်ဆံကိုမရှိတာ။”ဟု ကိုအောင်အောင်က ပြောသည်။ အာဏာသိမ်းစစ်တပ်လက်ထက် အထွေထွေကြီးမြင့်လာသော ကုန်းစျေးနှူန်းများကြောင့် ကြိုတင်ဝယ်ယူစုဆောင်းရန် ငွေပိုငွေလျှံမရှိကြခြင်းဖြစ်သည်။

ကိုအောင်အောင်သည် ဇနီးနှင့်ကလေးနှစ်ယောက်ရှိပြီး စားနပ်ရိက္ခာထက် မိသားစုဝင်များ၏ လုံခြုံရေးကိုသာ ဂရုစိုက်ပေးမည်ဟု ဆိုသည်။

ပြည်သူအချို့မှာလည်း စစ်ဖြစ်လာလျှင် ရှောင်တိမ်းရမည်ဖြစ်၍ ဝယ်ထားလည်း မသယ်နိုင်မည်ကိုစိုးရိမ်ကြသည်။ “အကုန်ထားခဲ့ရမှာ လူတောင်မနည်းလွတ်အောင်ပြေးရမှာဆိုတော့ ဝယ်လည်းအလကားပဲ။”ဟု ချမ်းအေးသာစံမြို့နယ်နေ အသက် ၂၅ နှစ်အရွယ် အရောင်းဝန်ထမ်းအမျိုးသမီးတစ်ဦးက ပြောသည်။

သို့သော် လာမည့်စစ်ဘေးအတွက် ကြိုတင်ပြင်ဆင်နေသူများလည်းရှိပါသည်။ သဲအိတ်များဝယ်ယူထားရန် စီစဥ်နေသည်ဟု ပုသိမ်ကြီးမြို့နယ်နေ အသက်ငါးဆယ်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။ “ပေါ်ပေါ်တင်တင်လည်း မဝယ်ရဲဘူး။ တမံသလင်းခင်းမှာလိုလိုနဲ့ဝယ်ရမှာ။ ဒီမှာကသိတဲ့အတိုင်း။”ဟု ၎င်းအမျိုးသားကဆိုသည်။

သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ ဓါတ်ပုံ-MDY-PDF

နေ့ကောညပါကြားနေရသည့်လေယာဥ်သံများကြောင့် ကြောက်အားပိုနေသည့် ပြည်ကြီးတံခွန်မြို့နယ်မှ အသက် ၆၀ အရွယ် အမျိုးသမီးကြီးတစ်ဦးကမူ ၎င်း၏အိမ်ဝင်းအတွင်း ပုန်းခိုကျင်းတူး၍ရမည့်နေရာကို ရှာဖွေနေပါသည်။ “အိမ်ခြေရင်းက ကျယ်တော့တူးလို့ရမယ်ထင်တယ်။”ဟု သူက ပြောသည်။

ကြိုတင်ပြင်ဆင်ထားမှုနည်းနေသော်လည်း စစ်ဘေးအတွက် စိုးရိမ်ပူပန်နေသူများလည်းရှိသည်။ သို့သော် စစ်ဘေးစစ်ဒဏ်များကြားမှ မတ္တရာနယ်အတွင်း တောင်ပြုံးပွဲပြုလုပ်မည်ကို မန္တလေးမြို့ခံများက အံ့သြကြသည်။

စစ်ကောင်စီက မတ္တရာနယ်တွင် နယ်မြေအေးချမ်းသယောင် ပြသရန်အတွက် တောင်ပြုံးပွဲတော်ကို ကျင်းပပြရန် အားထုတ်နေခြင်းဖြစ်ကြောင်း ဒေသခံအချို့က မှတ်ချက်ပြုသည်။

“သူတို့(စကစ)က တောင်ပြုံးပွဲထိတောင် ခံပါ့မလားမသိဘူး။ အခြေအနေတွေက တနေ့တမျိုးပြောင်းနေတာ။”ဟု အသက်ငါးဆယ်ခန့်အရွယ် မန္တလေးမြို့ခံအမျိုးသားတစ်ဦးက ရယ်မောရင်း ပြောပြသည်။

အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးကတော့ “မိုးကုတ်လောက်တော့မပြင်းလောက်ဘူးထင်တယ်။ အကုန်လက်နက်ချလိမ့်မယ်။”ဟု သူ၏ဖြစ်လိုသောဆန္ဒကိုပြောပြသည်။

ယခုလက်ရှိတွင် ကျောက်မဲ၊ သီပေါ၊ လားရှိုး၊ နောင်ချို၊ ပြင်ဦးလွင်၊ မတ္တရာတို့မှ စစ်ဘေးရှောင်အများအပြားလည်း မန္တလေးမြို့သို့ ရောက်ရှိနေသည်။ ဝါဝင်ခါနီးပြီမို့ ကျောတခင်းစာနေရာရရေး အိမ်အငှားရရန် ပြေးလွှားကာရှာနေကြသည်။ မြင့်မားလှသော မြို့ပေါ်အိမ်ငှားခတွေကြားမှာ စစ်ရှောင်တွေလည်း မျက်လုံးပြူးနေကြသည်။

မိုးကုတ်၊ သပိတ်ကျင်း၊ စဥ့်ကူးနယ်ဘက်မှ စစ်ရှောင်များကတော့ မိုးကုတ်-မန္တလေးလမ်း၌ တိုက်ပွဲများဖြစ်ပွားနေ၍ လမ်းခရီးမှာတင်ပိတ်မိနေသောကြောင့် မန္တလေးသို့ ရောက်မလာနိုင်သေး။

မန္တလေးဒေသခံအချို့လည်း တိုက်ပွဲဖြစ်လာလျှင် ဘေးလွတ်နိုင်မည့်ဒေသသို့ ရှောင်ကြရန်လည်း ကြိုတင်စဥ်းစားထားကြသည်။

“မန္တ​လေးကို လာတိုက်ပြီဆိုရင်တော့ လူကြီးတွေနဲ့ မိသားစုကို ဘေးလွတ်ရာပို့မယ်။ ကိုယ်ကိုယ်တိုင်ကတော့ မန္တလေးမှာပဲနေခဲ့မယ်။ ဒီလိုသမိုင်းဝင်မယ့်ပွဲကြီး အလွတ်မခံနိုင်ဘူး။”ဟု အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောပါသည်။ ။

( ပြည်သူ့ကာကွယ်​ရေးတပ်မ​တော် (မန္တ​လေး) ကစဥ့်ကူးမြို့ နှင့် မတ္တရာ မြို့နယ် ရှိစစ်​ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်ပြီး​နောက်​​အောင်ပွဲခံ​နေစဥ်နှင့် သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ဓါတ်ပုံ-MDY-PDF)

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်း တပ်စခန်း ၅ ခု ထပ်မံသိမ်းပိုက်ရရှိထားကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ယနေ့(သြဂုတ်၉ရက်)ညပိုင်းက သတင်းထုတ်ပြန်သည်။

သတင်း

ကချင်ပြည်နယ် ​ဒေသအချို့ ၌ ဖုန်းလိုင်းအချို့ ပြန်ရ

သတင်း

ရပ်စောက်မြို့နယ်တွင် ယနေ့ (သြဂုတ် ၈)တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ် မှ ကိုးဦးသေဆုံးပြီး စစ်သုံ့ပန်း ရှစ်ဦးဖမ်းမိကာ သေနတ် ၁၉ လက် သိမ်းဆည်းနိုင်ခဲ့ကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLF/DPLA) မှ တာဝန်ရှိသူတစ်ဦးက ​ပြောသည်။

သတင်း

စစ်​ကောင်စီက အ​ရေး​ပေါ်အသုံးပြုရန် ချမ်းမြသာစည်လေယာဥ်ကွင်းဟောင်းကိုပါ ပြန်လည်ပြင်ဆင်​​နေ