စောနွေဦး/People’s Spring
ပြည်တွင်းသို့ နိုင်ငံခြားသုံးငွေဝင်ရောက်မှုနည်းပါးလာကြောင်း စစ်ကောင်စီဗဟိုဘဏ်က ဝန်ခံလိုက်ပြီး ပြည်တွင်းဈေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားကို ၇၅ သိန်းကျော်နှင့် အမေရိကန် တစ်ဒေါ်လာကို ကျပ် ၆၀၀၀ အထိ သမိုင်းတလျှောက်အမြင့်ဆုံးဈေးများသို့ဆက်လက်ခုန်တက်သွားသည်။
“ဈေးနှုန်းတွေက သတ်မှတ်နှုန်းဆိုတာမရှိတော့ဘူး။ ရောင်းတဲ့သူပြောတဲ့ ဈေးဖြစ်နေပြီ ကျပ်ငွေတန်ဖိုးက တရက်ထက် တရက် ထိုးကျနေတယ်”ဟု ငွေလဲကောင်တာပိုင်ရှင်တစ်ဦးကပြောသည်။
နိုင်ငံခြားငွေဝင်ရောက်မှုနည်းနေသည့် ကာလတွင် ငွေကြေးတည်ငြိမ်မှုကို ပျက်ပြားစေသူ မသမာသူများက ငွေလဲနှုန်းကမောက်ကမဖြစ်အောင် ဆောင်ရွက်နေသည်ဟု စစ်ကောင်စီဗဟိုဘဏ်က ယနေ့ (သြဂုတ် ၉ ရက်)စွပ်စွဲလိုက်သည်။
ထိုသူများသည် ငွေကြေးဈေးကွက်ပျက်ပြားစေရန် လူမူကွန်ယက်များကို အသုံးပြုပြီးဆောင်ရွက်နေပြီး ၎င်းတို့ကို ဖော်ထုတ်အရေးယူမည်ဟုလည်း စစ်ကောင်စီဗဟိုဘဏ်က ခြိမ်းခြောက်ထားသည်။
ပြည်တွင်းငွေကြေးဈေးကွက်အတွင်း ကျပ်ငွေတန်ဖိုးထိုးဆင်းနေသည်။ သြဂုတ် ၈ ရက်တွင် အမေရိကန် တစ်ဒေါ်လာကို ၅၆၀၀ ၊စင်ကာပူတစ်ဒေါ်လာကို ၄၁၀၀ ကျပ် နှင့် ထိုင်းဘဏ်ငွေ တစ်ဘတ်ကို ကျပ် ၁၅၆ ကျပ်ဈေးပေါက်ရာမှ ယနေ့(သြဂုတ် ၉ ရက်) တွင် အမေရိကန်တစ်ဒေါ်လာကို ၆၀၀၀ ကျပ်ကျော်၊ စင်ကာပူတစ်ဒေါ်လာကို ၄၂၅၀ ကျပ်နှင့် ထိုင်းဘတ်ငွေတစ်ဘတ်ကို ကျပ် ၁၆၂ အထိဈေးခုန်တက်ခဲ့သည်။
“ဒီကာလက ပုံမှန်အချိန်ဆိုရင်လည်း ဒေါ်လာ လိုအပ်ချက်မြင့်တဲ့ကာလတွေပါ။ အခုက နိုင်ငံခြားဝင်ငွေက မရှိသလောက်ဖြစ်သွားတာရယ်။ စစ်အသုံးစရိတ်တွေ မြင့်လာတာတွေကြောင့်ကော ကျပ်ငွေတန်ဖိုးက အရမ်းထိုးကျနေတာပါ။”ဟု ရန်ကုန်မြို့ အခြေစိုက်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။
နိုင်ငံခြားငွေ လိုအပ်ချက်မြင့်မားနေသည့် စစ်ကောင်စီက လွန်ခဲ့သည့် နှစ်နှစ်ကျော်က (၂၀၂၂ ဧပြီ၃ရက်မှ ၂၀၂၄ ဩဂုတ် ၇ ရက်အထိ) တင်ပို့ခဲ့သည့် ကုန်ပို့ရငွေများကို ပြည်တွင်းကို ပြန်ယူလာပါက ၇၅ ရာခိုင်နှုန်းကို ပြင်ပတွင် လွတ်လပ်စွာရောင်းချခွင့်ပြုမည်ဟု စစ်ကောင်စီက ယခင်သတ်မှတ်ချက်ထက် ၁၀ ရာခိုင်နှုန်း ဖြေလျှော့ကာ လုပ်ငန်းရှင်များကို ဆွဲဆောင်လာပြန်သည်။
စစ်ကောင်စီက ၂၀၂၂ ဩဂုတ် ၁၆ရက်တွင်ပို့ကုန်ရငွေများ၏ ၆၅ ရာခိုင်နှုန်းကို တစ်ဒေါ်လာလျင် ၂၁၀၀ ကျပ်နှုန်းဖြင့် စစ်ကောင်စီထံတွင် မဖြစ််မနေကျပ်ငွေလဲရမည်ဟု စတင်တင်းကြပ်ခဲ့သည်။
၂၀၂၃ ဇူလိုင်လတွင် စစ်ကောင်စီက ၅၀ ရာခိုင်နှုန်းဟုလည်းကောင်း ၊ ၂၀၂၃ ဒီဇင်ဘာ ၆ ရက်တွင် ၃၅ ရာခိုင်နှုန်းအထိ ဟူ၍လည်းကောင်း အဆင့်ဆင့် ပြောင်းလဲသတ်မှတ်၍ ပို့ကုန်ရငွေမှ ဒေါ်လာများ ပြည်တွင်းပြန်ယူလာရန် ဆွဲဆောင်နိုင်ရန် ကြိုးစားခဲ့သည်။ ၂၀၂၄ ဩဂုတ် ၈ ရက်တွင် ၂၅ ရာခိုင်နှုန်းကိုသာ စစ်ကောင်စီထပ် ၁ ဒေါ်လာ ၂၁၀၀ ကျပ်ဖြင့် မဖြစ်မနေ ရောင်းရမည်ဟု ထပ်မံပြောင်းလဲသတ်မှတ်ခဲ့ခြင်းဖြစ်သည်။
ရွေကောက်ခံအရပ်သားအစိုးရလက်ထက်တွင်ပို့ကုန်ရငွေကို ထိုသို့သတ်မှတ်ချက်မရှိဘဲ လုပ်ငန်းရှင်များကလွတ်လပ်စွာ ရောင်းဝယ်လုပ်ကိုင်ခွင့်ပြုထားသည်။
သို့သော်ပို့ကုန်ရငွေမှ နိုင်ငံခြားငွေဝင်ရောက်မှုမှာ တဖြည်းဖြည်းပိုနည်းလာသည်။ ထိုနောက် စစ်ကောင်စီက ပို့ကုန်ရငွေများကိုသတ်မှတ်ကာလအတွင်း မယူလာပါက ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ်ပိတ်သိမ်းသွားမည်ဟုစစ်ကောင်စီက ခြိမ်းခြောက်ထားသည်။ ထိုပြင် ကုမ္ပဏီများဥပဒေ၊ နိုင်ငံခြားသုံးငွေစီမံခန့်မှု ဥပဒေများအရလည်း အရေးယူမည်ဟုလည်း စစ်ကောင်စီက ခြိမ်းခြောက်ထားသည်။
အမေရီကန် နှင့် နိုင်ငံတကာက ပိတ်ဆို့အရေးယူမှုများ ၊ ပြည်ပရင်းနှီးမြှပ်နှံမှုနှင့် ကုန်သွယ်ရေးကျဆင်းမှု ၊ ပြည်ပရောက်လုပ်သားများမှပြန်ပို့ငွေနည်းဘာခြင်း ၊ပြည်တွင်းမှ စစ်ကောင်စီထုတ်ကုန်များကို သပိတ်မှောက်ခြင်း စသည်တို့ကြောင့် စစ်ကောင်စီသည် အာဏာသိမ်း ၃ နှစ်ကျော်အတွင်းဝင်ငွေလျော့နည်းလာခြင်းဖြစ်သည်။