ဩဂုတ်−၂၀၊ ၂၀၂၅။ ထားမြတ်/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင် ထားဝယ်မြို့မှ မေတ္တာမြို့သို့ ဦးတည်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းအား ဩဂုတ် ၁၈ရက်ကစတင်တိုက်ခိုက်ခဲ့ရာ စစ်သား သုံးဦးဖမ်းမိပြီး ၂၀ကျော်သေဆုံးကြောင်း KNU မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။
KNUမြိတ်-ထားဝယ်ခရိုင် တပ်မဟာ(၄)နယ်မြေအတွင်း တိုက်ပွဲဖြစ်ပွားမှုကို ကရင်ဘာသာဖြင့်ထုတ်ပြန်ထားပြီး တိုက်ပွဲဖြစ်စဉ်ထုတ်ပြန်မှုနှင့်ပတ်သက်ပြီး ပဒိုစောအယ်နားက ရှင်းပြသည်။
” ၀ကုန်းမရောက်ခင် လမ်းသုံးထပ် တနေရာနဲ့ သင်္ဃန်းတုန်းတနေရာ။ အဲဒီမှာ ကျနော်တို့ စကစ ကား ၈စီး ပျက်စီးတယ်။ ၂စီးတော့ကျနော်တို့ မီးရှို့ပြီး ပစ္စည်းသိမ်းသွားလို့ရတယ်။ စကစက ခန့်မှန်း ၂၀ကျော် သေတယ်။ ဖမ်းမိတာက သုံးယောက် အရှင်ဖမ်းမိတယ်။ လက်နက်ခဲယမ်းတချို့ရတယ်ပေါ့နော်။စကစ စစ်ကြောင်းက ထားဝယ်ကနေ မေတ္တာဦးတည်တယ်”ဟု ပဒိုစောအယ်နားက ပြောပြသည်။

Public Service Announcement
စစ်ကောင်စီတပ်သည် KNLA တပ်မဟာ(၄)နယ်မြေအတွင်း စစ်ရေးလှုပ်ရှားမှုများပိုမိုပြုလုပ်လာ၍ KNLAနှင့်မဟာမိတ်ပူးပေါင်းတပ်များက တိုက်ခိုက်လျက်ရှိရာ ထားဝယ်၊ ပုလော၊ တနင်္သာရီစသည့် မြို့နယ်များ၌ တိုက်ပွဲများ ရှိခဲ့သည်။
ဩဂုတ် ၉ရက်ကလည်း တနင်္သာရီမြို့နယ် သိန်ခွန်းရွာနှင့်ချောင်းနှစ်ပေါက်ကျေးရွာအကြားတွင် မောတောင်ဒေသအား ပြန်လည်ထိန်းချုပ်နိုင်ရေး ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်အား ရိက္ခာ၊ လက်နက်ခဲယမ်း လာပို့သည့် ထောက်ပို့ယာဉ်တန်းကို KNLAက တိုက်ခိုက်ခဲ့ရာ ထောက်ပို့ယာဉ် ၂စီးပျက်စီးခဲ့ပြီး စစ်ကောင်စီတပ် သေဆုံးထိခိုက်ရှိခဲ့သည်။
