close
Connect with us

Hi, what are you looking for?

ဆောင်းပါး

စစ်တပ် စနစ်တကျဖျက်ဆီး​နေတဲ့လူငယ်​တွေရဲ့အနာဂတ်

ညမီးရောင်စုံအောက်မှာ လူအများစုကခုန် နေကြပါတယ်။ စတိတ်စင် ပေါ်က DJ MC ရဲ့ အော်ဟစ်သံကလည်း ခပ်မြူးမြူးထွက် ပေါ်လာပါတယ်။

ရှိန်း/People’s Spring

ညမီးရောင်စုံအောက်မှာ လူအများစုကခုန် နေကြပါတယ်။ စတိတ်စင် ပေါ်က DJ MC ရဲ့ အော်ဟစ်သံကလည်း ခပ်မြူးမြူးထွက် ပေါ်လာပါတယ်။

လူငယ် ၊လူလတ်ပိုင်းအများစုပါတဲ့ လုအုပ်စုက ဒီ​ဂျေတီးလုံးသံ​တွေနဲ့အတူ ကခုန် ၊ယိမ်းနွဲ​နေကြပါတယ် ။ ဒီမြင်ကွင်း​တွေက နိုင်ငံ တစ်ဝန်း တိုက်ပွဲ​တွေ​ကြောင့် ပြည်သူသန်း​ပေါင်းများစွာ ​နေအိမ်​တွေကိုစွန့်ပြီးထွက်​ပြေး​နေရတဲ့ နိုင်ငံမှ ဟုတ်ရဲ့လားလို့ စာဖတ်သူ​တွေး​ကောင်း​တွေနိုင်ပါတယ်။

မြန်မာနိုင်ငံထဲမှာဖြစ်ပါတယ် ။ ရန်ကုန် ၊မန္တ​လေး၊တာချီလိတ် စတဲ့ မြန်မာနိုင်ငံရဲ့မြို့ကြီး အချို့အရဲ့KTV ​တွေ၊ဘား​တွေ ၊ကလပ်​တွေရဲ့ Night Life ​တွေက လူငယ်​တွေကိုစစ်တပ်က အဓမ္မဖမ်းဆီးစစ်တိုက်ခိုင်း​နေလို့ လူငယ်​တွေထွက်​ပြေး​နေရတဲ့နိုင်ငံ၊ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ ၊နိုင်ငံအနှံ့တိုက်ပွဲ​တွေဖြစ်​နေတဲ့နိုင်ငံ ၊စစ်တပ်က ​နေ့စဥ်နီးပါးပြည်သူ​တွေကို ဗုံးကြဲသတ်ဖြတ်​နေတဲ့နိုင်ငံလို့ မထင်ရ​အောင် ဘဝ​တွေက ခြားနား​နေပါတယ် ။

Public Service Announcement

Public Service Announcement

နိုက်ကလပ်ယဉ်ကျေးမှုမှာ မြန်မာနိုင်ငံရဲ့ မြို့ကြီး တွေမှာ ယခင်ဆယ်စုနှစ်များစွာကတည်းကရှိနေခဲ့ပြီးသားပါ။ ဒါ​ပေမယ့် ၂၀၂၁ခုနှစ် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးချိန်မှာ ဒီယဉ်ကျေးမှုဟာတမျိုးတမည်ပြောင်းလဲသွားခဲ့ပါတယ်။ည ဘဝ​တွေမှာ ​ပျော်ပါး​နေတဲ့ လူငယ် အများစုဟာ မူးယစ်ဆေးဝါးကို အရက်သောက်သုံးသလို အသုံးပြုနေကြပါပြီ။ ရန်ကုန် နဲ့ မန္တလေးမြို့​တွေက ကလပ်နဲ့ ကေတီဗီတွေကို​လေ့လာလိုက်ရင် ဒီအချက်ကို အလွယ်တကူသိနိုင်တယ်လို့ ကိုယ်တိုင်သွား​ရောက်ဖူးသူ​တွေက ​ပြောပါတယ် ။

ကလပ်တွေ အားလုံးနီးပါးရဲ့ စားပွဲဝိုင်းမှာ Happy Water လို့ ခေါ်တဲ့မူးယစ်ဆေး အမှုန့်ကို ဖျော်ထားတဲ့အရည်ဗူးကို ရေဗူးနဲ့ တင်ထားတာကို တွေ့ရပါတယ်။သိပ်မကြာခင် အဖြူရောင်အမှုန့် တွေကို ဖုံးစခရင် ပေါ်တင်ကာ ဖဲချက်နဲ့ အပုံအသေး လေး တွေလုပ်ကာ ပိုက်နဲ့ နှာ ခေါင်းထဲရူရှိုက်ကြပါတယ်။ Happy Water ဆိုတာ MDMA (အက်တစီ)၊ မက်သာဖက်တမင်း၊ ဒိုင်ယာဇီပင်နဲ့ ကက်တမင်းတို့ အပါအဝင် ဓာတုဆေးဝါး​တွေကိုအမှုန့်ကြိတ်ထားတာပါ။

ဒါက ပိုက်ဆံအတန်အသင့်သုံးနိုင်တဲ့ လူငယ် တွေအကြားမှာ ရေပန်းအစားဆုံးမူးယစ် ဆေးဝါးပါ။ပထမဆုံး ကလပ်ထဲကို ရောက်တာနဲ့ Happy Water ဖျော်ဖို့စကြပါပြီ။ဒါကို ဖျော်ဖို့အတွက် အမှုန့် (ဒါမှမဟုတ်)အနှစ်အဖြစ်လာတဲ့ ဆေးတထုပ်ကို ၅ သိန်းကနေ ၈ သိန်းအထိ ဈေး ပေါက်ပါတယ်။

တံဆိပ်ပေါ်မူတည်ကြီး ဈေးကွာတာပါ။Avatraနဲ့ Versaceတို့ကတော့ တစ်ထုတ်ကို ၅သိန်း နဲ့ ၆သိန်း ကြား ပေါက်ပြီး လူသုံးအများဆုံးထဲပါပါတယ်။ မူးယစ်ဆေးကို ရေနွေး၊အားဖြည့်အချိုရည်(Energy Drink)တမျိုးမျိုး ရောပြီးရေသန့်ဗူး ၅ မီလီမီတာနဲ့တဗူး ဖျော်ပါတယ်။

အဲတာကို 1 shot ခွက်နဲ့ တ‌ယောက်တခွက်‌သောက်ကြပါတယ် ။ အဲအရည်ဝင်သွားပြီဆိုရင်​တော့ စိတ်​တွေထကြွလာပြီး ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ကချင်စိတ်​တွေနှိုးထလာတယ်လို့ဆိုကြပါတယ်။

မူးယစ်ဆေးဖျော်ဖို့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ကာရာအိုကေနဲ့ ကလပ်ကဝန်ထမ်းတိုင်းဟာ ဘာဆေးဆိုရင် ဘာယူပေးရမယ်ဆိုတာအကုန် လေ့ကျင့်ပေးထားပြီးသားပါ။

ဒီဝန်ဆောင်မှုဟာ ကလပ်နဲ့ကာရာအို ကေဆိုင်တိုင်းကပြုလုပ်ပေးပါတယ်။အဲဒီတဗူးကို လူ ၈‌ ယောက်အထိ‌သောက်ကြပါတယ်။ဒီအရည်တခွက် သောက်ပြီးရင် နာရီဝက်က နေတနာရီအတွင်း လူတွေတက်တယ်လို့ ခေါ်တဲ့ အပျော်ဆုံးအချိန်ကိုရောက်လာတယ်ဆို သုံးစွဲဖူးသူ​တွေက​ပြောပါတယ်။

အဲဒီကဆေးကပြီးချွေးထွက်ရင်ပြန်ကျတက်တာမို့ K လို့ ခေါ်တဲ့ ကတ်တမင်း( Ketamine)ကိုနှာခေါင်းက နေပြန်ရှုရင်း ဆေးမကျ အောင်ပြန်ထိန်းကြပြန်ပါတယ်။ဒါက ကလပ်​တွေမှာ ၊KTV မှာတွဲဖက်မှုအများဆုံး မူးယစ် ဆေးသုံးစွဲမှုပါ။

“ Happy မပါရင် မကနိုင်တော့ဘူး” လို့ အသက်၂၃ နှစ်အရွယ် မိန်းက လေးတဦးက ပြောပါတယ်။ဒါ့အပြင် E (Ecstasy)ကိုလည်း အသုံးပြုမှု များပြားပါတယ်။ဈေးကတော့ တလုံးကို ၈၀,၀၀၀ ကျပ်ဝန်းကျင်ပေါက်ပြီး လူတဦးကိုတခြမ်လောက်သုံးကြပါတယ်။

စစ်တပ်အာ‌‌ဏာသိမ်းပြီးချိန်ကစလို့ Party Drugလို့ ခေါ်တဲ့ မူးယစ်ဆေးတွေဟာကလပ်နဲ့ KTV တွေမှာ လွယ်လွယ်ကူကူပေါပေါ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌များများရရှိနေပါတယ် ။အာဏာသိမ်းပြီး နောက်မှ ဖွင့်လှစ်လိုက်တဲ့ ရန်ကုန်မြို့က Pioneer Plusလိုမျိုးကလပ်ကြီး တွေမှာ မူးယစ် ဆေးဝါးဟာ “ ပဲကြီး လှော် ရောင်း နေသလိုပဲ” လို့ လူငယ်တဦးက ပြောပါတယ်။

ရန်ကုန်၊မန္တလေး၊‌​နေပြည်‌​တော်၊မုံရွာ၊မိတ္ထီလာ၊စစ်ကိုင်း ၊ပြင်ဦးလွင်စတဲ့မြို့ကြီး တွေမှာ ဒီမူးယစ်ဆေး ဝါး တွေကို ပေါ်ပေါ်ထင်ထင် ရောင်းဝယ်အသုံးပြုနေကြပါတယ်။

ထူးခြားချက်က တော့ လူငယ် တွေကို ပေါ်တာဆွဲဖမ်းဆီးမှု တွေပြုလုပ်လေ့ရှိတဲ့မန္တလေး၊မုံရွာ၊စစ်ကိုင်း၊မိတ္ထီလာမြို့တို့မှာ KTVနဲ့ ကလပ်တွေကို လွတ်​မြောက်နယ်​မြေ​တွေလုပ်ပေးတာပါ။လူငယ်​တွေကို ကလပ်သွားလို့ ၊KTV သွားလို့ စစ်တပ်က မဖမ်းပါဘူး။ ကလပ်​တွေ ၊KTV ​တွေရဲ့ မူးယစ်နွံထဲနစ်​အောင် ​စစ်အုပ်စုက တမင်အကွက်ချပြီး လွှတ်​ပေးထားတာပါ။ စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း မူးယစ်​ဆေးဝါး​တွေဝယ်ရတဲ့KTV ​တွေ၊ ကလပ်​တွေ၊ဘား​တွေကလည်းပိုများလာပါတယ်။

●ဘယ်နေရာ တွေမှာ အသုံးများလဲ

မူးယစ်ဆေးကို ကလပ် နဲ့ Hiခန်းလို့ ခေါ်ကြတဲ့ ကာရာအိုကေ(KTV)ဆိုင်တွေမှာ အများဆုံးအသုံးပြုကြပါတယ်။ကလပ်​တွေမှာလူအများနဲ့ အပေါ်က DJဖွင့်ပေးတဲ့သီချင်းနဲ့ စီး မျောကခုန်ကြတာပါ။

Hiခန်းက တော့ KTVကို တညလုံးစာအခန်းယူပြီး ပိုက်ဆံတက်နိုင်ရင် ကိုယ်ပိုင် DJခေါ် ပါလာတဲ့လူ​တွေနဲ့ မူးယစ်ဆေး​တွေသုံးစွဲကကြတာပါ။

ပိုက်ဆံ​သိပ်မသုံးနိုင်သူတွေက​တော့ DJသီချင်းကို ဖုန်းနဲ့ ဘလူးတု ဘောက်ချိတ်ဖွင့်ပြီး ကကြတာပါ။

ဒီနေရာမှာ E ထက် Happy Water နဲ့ Kကို ပိုပြီးသုံးစွဲကြပါတယ်။

Hi ခန်း​တွေကို အုပ်စုလိုက်သွားပြီး မူး​ယစ်​​ဆေးသုံး​ပျော်ပါးရင် မန္တ​လေးမြို့မှာ​တောင် အနည်းဆုံး တစ်ညကို ၂၅ သိန်းကုန်ပါတယ် ။နာမည်ကြီး ​ကေတီဗီ​တွေ ၊Hi ခန်း​တွေဆိုရင် အခန်းခ တင်သိန်း ၅၀ က​နေ ၆၅ သိန်းအထိ​ပေးရပြီး တစ်ညလုံးအတွက်ဆိုရင် သိန်းရာချီသုံးကြတယ်လို့သိရပါတယ် ။မန္တ​လေးမြို့ကနာမည်ကြီး ကေတီဗီ ၊ကလပ်​တွေဆိုရင် ညတိုင်းအခန်းပြည့်​နေလို့ အခန်းယူမယ်ဆိုရင် ကြိုမှာမှရတယ်လို့စုံစမ်းသိရပါတယ်။

ဒီ​နေရာ​တွေကို ​ငွေ​ကြေးတက်နိုင်တဲ့လူငယ်​တွေ ၊လုပ်ငန်းရှင်​တွေ ၊တရုတ်နိုင်ငံသား​တွေ ၊စစ်သား​တွေ ၊ပျူ​စောထီး​တွေအများဆုံးသွား​ရောက်​ပျော်ပါး​လေ့ရှိတယ်လို့ ကလပ်နဲ့ ​ကေတီဗီ​ရောက်ဖူးသူ​တွေက​ပြောပါတယ် ။ အများဆုံးကတော့ စစ်တပ်လက်​အောက်မှာ လုပ်ပိုင်ခွင့် နဲ့ ​ငွေညှစ်ခွင့်​တွေရထားတဲ့ စစ်တပ်အုပ်စုနဲ့ စစ်တပ်နဲ့နီးစပ်သူ​တွေအများဆုံး​ပျော်ပါးကြတာပါ။

●မူးယစ်ဆေးတွေကိုဘယ်ကနေဝယ်ကြလဲ

စစ်ကောင်စီစိုးမိုးထားတဲ့ မြို့ကြီး တွေမှာ ဒီမူးယစ် ဆေးဝါး တွေကို ဝယ်ယူဖို့ ဖုန်းတစ်ကြိမ်ဆက်ဖို့ပဲလိုပါတယ်။ ကာရာအိုကေဆိုင်ကနေ ၊ညဘယ်နှနာရီပဲ ဖုန်းဆက်ဆက် နာရီဝက်အတွင်း အခန်းအ ရောက် ဆေးပို့ပေးသူတွေရှိ​ပါတယ်။

“ ဆေးမှာတာ ပီဇာမှာတာ လောက်မကြာဘူး” ဆိုတဲ့ စကားပြောင်တောင် ​​ဆေးသုံးတဲ့လူငယ်တွေကြားမှာ ရေပန်းစားပါတယ်။ ဒီမူးယစ်ဆေးဝါး​တွေကို စစ်တပ်က ဗိုလ်ကြီး​တွေ ၊ဗိုလ်မှူးတွေ စတဲ့အရာရှိ​တွေပါပူးပေါင်း ရောင်းချတာတွေလည်း ရှိတယ်လို့ မူးယစ်​ဆေးဝါးဖြန့်ဖြူးပုံကို​လေ့လာခဲ့သူတချို့က​ပြောပါတယ်။

လက်လီရောင်းချဖြန့်ဖြူး သူ​တွေမှာဆယ်ကျော် သက်အရွယ်လူငယ်​တွေအများအပြားပါဝင်တာကို​တွေ့ရပါတယ်။ဟိုတယ်တွေမှာလူငယ်အုပ်စုလိုက် ရက်ရှည် နေထိုင်ပြီး ကလပ်နဲ့ ကေတီဗီတွေကို မူးယစ် ဆေးပို့ဆောင်ပေးတာပါ။

လုံခြုံရေးတင်းကြပ်သလို ပေါ်တာဆွဲမှုတွေဆက်တိုက်ဖြစ် နေတဲ့ မန္တလေးမြို့မှာ​တောင် ည၁၂နာရီကနေ တညလုံးမူးယစ် ဆေးဖြန့်ဖြူးသူ တွေဟာ စစ်သား​တွေ၊ရဲ​တွေရဲ့ ​နှောက်ယှက်မှု မခံရပဲလွတ်လွတ်လပ်လက်သွားလာနိုင်ကြပါတယ်။

မူးယစ်ဆေးဖြန့်ခဲ့ဖူးတဲ့အမျိုးသမီးငယ်တဦးက” ကျွန်မတို့နာမည် တွေစခန်းမှာ အကုန်ရှိပြီးသားလေ။တခါကလည်း ဒီမှာ အဓိကဖြန့် တဲ့သူ တွေအကုန်စု နေလို့ဆိုပြီး ဝင်ဖမ်းဘူးတယ်။ပစ္စည်းမမိလို့လက်မှတ်ထိုးပြီး ပြန်လွတ်လာတာ” လို့ဆိုပါတယ်။

သူမကအသက်၁၈နှစ်မှာကလပ်နဲ့ KTV တွေမှာ မူးယစ် ဆေးဖြန့်တာကိုလုပ်ခဲ့ပြီး ဒီအလုပ်ကို နှစ်အနည်းငယ်လုပ်ပြီးနားလိုက်တယ်လို့​ပြောပါတယ်။ အဖမ်းခံရလို့ နားလိုက်တာ မဟုတ်ပဲ လူမှုရေးကိစ္စ ကြောင့်နားလိုက်တာပါ ။ မူးယစ် ဆေးရောင်းဝယ် နေရင် ရဲတွေနဲ့ အကုန်သိပြီးအဖမ်းခံရမှာ စိတ်ပူစရာမလိုပဲ လုံခြုံရေးစိတ်ချရတယ်လို့ သူမ‌ ကပြောပါတယ်။

သူမ မူးယစ်ဆေး​တွေရောင်း​နေတုန်းက ငလျင် ကြောင့်ပြိုသွားတဲ့ ဟိုတယ်ကြီးတခုမှာ နေထိုင်ခဲ့တာဖြစ်ပြီး အဲဒီတုန်းက သူမရဲ့ချစ်သူ ကောင် လေးက ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဒီဆေးတွေကို လက်ကားယူခဲ့တာလို့ဆိုပါတယ်။

“ အကြီးကတော့ဘယ်သူလဲမသိဘူး ။ဆေးတွေ အကုန်လုံးက ဟိုတယ် အောက်ထပ်မှာပဲရှိတယ်လို့ သိထားတယ်။အဲဒီမှာ ကျွန်မတို့ယူတဲ့ လင်မယားနှစ်‌​ယောက်လည်း တဆင့်ခံ ရှိသေးတယ်” လို့သူက​ပြောပြပါတယ်။

ပင်ရင်းကတော့ သူမဒီလောက်ပဲသိတယ်လို့ဆိုပါတယ်။တကယ့်လက်ကားဒိုင်ကြီးတွေရဲ့ သတင်းကလိုက်ရခက်ပါတယ်။

ဒါ​ပေမယ့်​ စစ်အုပ်စုနဲ့ဆက်နွှယ်သူ ၊စစ်တပ်နဲ့ နီးစပ်သူ​တွေပဲ လက်ကားဒိုင်လုပ်ပြီး လွတ်လွတ်လပ်လပ်​ရောင်းဝယ်နိုင်တာဖြစ်တယ်လို့ လက်လီ​ဆေးဖြန့်ဖူးသူအချို့ နဲ့ မူးယစ်​ဆေးသုံးဖူးသူအချို့က​ပြောပါတယ် ။

●မူးယစ်သုံစွဲ​၊​ရောင်းဝယ်​ပျော်ပါး​နေသူ​တွေကိုမဖမ်းတဲ့စစ်တပ်

လူငယ် တွေကို ပုဒ်မမျိုးစုံတပ်ဖမ်းဆီးပြီးစစ်သားသစ် အဓမ္မစု​ဆောင်းနေတဲ့ စစ်တပ်ဟာ လူငယ်​တွေကို မူးယစ် ဆေးဝါးကိုစိတ်ကြိုက်သုံးစွဲခွင့်ပြုထားပါတယ်။ဒါ​ကြောင့်မြို့ကြီး တွေမှာ မူးယစ် ဆေးကို ပေါ်ပေါ်ထင်ထင်အသုံးပြုခွင့် ပေးထားပါတယ်။

တစ်ခါတရံအယောင်ပြစီးနင်းမှုအဖြစ် လာဘ်ငွေ‌‌ပေးတာနည်းတဲ့ KTV တွေကို စစ်အုပ်စုကဝင် ရောက်စီးနင်းတာ တွေပြုလုပ် လေ့ရှိပါတယ်။

၂၀၂၅ခုနှစ်၊နှစ်အစပိုင်းမှာဆိုရင် မန္တလေးမြို့၊မြို့ပတ်လည်းက တညကို အခန်းခတင် အနိမ့်ဆုံးသိန်း ၅၀ အထိပေါက်တဲ့ Space 29 ကို စစ်တပ်ကမကြာခဏဝင် ရောက် စီးနင်းခဲ့ပါတယ်။ဒါပေမယ့် စစ်တပ်ဝင်မယ့်အကြောင်းကို KTV ဝန်ထမ်းနဲ့ပိုင်ရှင် တွေဆီကြိုတင် အကြောင်းကြားပြီးသားပါ။

ရှောင်တခင်ဆိုပြီး ဝင်လာတာမျိုးဟာရက်ကြိုတင် သတင်း​ပေးထားပြီသားဖြစ်ပါတယ် ။ကေတီဗီအခန်း တွေကို ဝန်ထမ်းတွေကဝင်ပြီယ စားပွဲ ပေါ်​တွေက မူးယစ်ပစ္စည်းအားလုံးကို သိမ်းလိုက်ကြပါတယ်။ DJ KTVအစား၊သီချင်းဆို‌‌တဲ့ KTVအဖြစ် ပြောင်းလဲလိုက်ပါတယ်။ ဒါ​ကြောင့် ရဲနဲ့ စစ်သားတွေ ဝင်လာတာရင် ရိုးရိုး​ကေတီဗီ​တွေဖြစ်ကုန်ပါတယ်။ စစ်သားနဲ့ ရဲ​တွေက တရားခံ မဖြစ်မနေ လိုအပ်တဲ့အချိန်ဆိုရင် တော့ ဒီလိုဝင်စစ်ဆေးချိန်မှာ ငွေသိပ်မသုံးတဲ့ လူငယ်အုပ်စု​တွေကိုပါ စီးနင်းတယ်ဆိုပြီးအဆွဲခံရတက်ပါတယ်။ ဒါ​ပေမယ့် KTV ပိုင်ရှင်နဲ့ အဓိကတာဝန်ရှိသူတွေကတော့ဖမ်းဆီးခံရ​​လေ့မရှိပါဘူး။

“ စီမံချက်ရှိတဲ့အချိန်ဆို ဝင်စစ်တယ်။အခန်းတွေ အကုန်လုံးကလူ တွေအကုန်အပြင်ထွက်ပြီး လက်တွေ ခေါင်း ပေါ်တင်ပြီးထိုင်နေရတာ။ခဏနေ တော့ပြန်သွားတယ်” လို့ KTV သွားရင်း အစစ်ဆေးခံခဲ့ရဖူးတဲ့ လူငယ်တဦးက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်လက်​အောက်မှာစစ်အုပ်စုက မဖုံးနိုင် ၊မဖိနိုင်လို့ဖမ်းဆီး​ပေးရတဲ့အမှုကြီး တွေလည်းရှိခဲ့ဖူးတယ်။ ဖမ်းဆီးခဲ့တဲ့ ဖြစ်ရပ်အများစုကို​လေ့လာကြည့်မယ်ဆိုရင် ဖမ်းဆီးခံခဲ့ရသူ တွေထဲမှာ စစ်တပ်ကအရာရှိငယ်တွေ အမြဲပါဝင် နေတာကို တွေ့ရပါတယ်။

●​ကေတီဗီ၊ကလပ်​တွေအ​ပေါ်စစ်တပ်ရဲ့သ​ဘောထား

မန္တ​လေးမြို့မှာပြီးခဲ့တဲ့ဇူလိုင်လအတွင်းမှာ မူးယစ်ဆေး အလွန်အကျွံသုံးစွဲမှုကြောင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က အရာရှိကြီးတယောက်သေဆုံးခဲ့ပါတယ်။အဲဒီသတင်းပြန့်လာပြီး စစ်တပ်ကမန္တလေးက KTV ၅၀ ကျော်ကို ၁၅ ရက်ပိတ်ခိုင်းခဲ့ပါတယ်။ ​ကေတီဗီ​တွေ ကိုယာယီပိတ်ခိုင်းချိန်မှာစစ်တပ် ထောက်ခံသူ တွေကိုယ်တိုင် က ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌အရေးမကြီးတာကို လုပ်တယ်ဆိုပြီး ​ကေတီဗီ​​တွေပိတ်တာကို ဝေဖန်ခဲ့ပါတယ်။

စစ်တပ်ဝါဒဖြန့် ဟန်ငြိမ်းဦး တယ်လီဂရန်ချန်နယ်ကတောင် “ အရေးကြီးဆုံးက အကြမ်းဖက်မှုအဆုံးသတ်ပီး ပြည်သူတွေတွေ အေးအေးချမ်းချမ်းလုပ်ကိုင်းစားသောက် နေထိုင်ရဖို့သာအဓိကပါ ဘာနိုင်ငံရေးမှ စိတ်မဝင်စား သူ့ပိုက်ဆံနဲ့ သူ စိတ်အပမ်းဖြေနေကြတာကိုပါ လိုက်ပိတ်နေရင်တော့ ပိုက်ဆံရှိတဲ့သူတိုင်းက ပျော်စရာရှိတဲ့ နိုင်ငံကိုပဲ ထွက်သွားကြတာများတယ်။ စစ်ဖြစ်နေတဲ့နေရာကို ဘယ်သူမှ မသွားချင်ကြသလို၊ ပျော်ရွှင် စရာရှိတဲ့ နေရာကိုပဲ လူတိုင်းက နေချင်ကြ သွားချင်ကြတာ ကိုတော့ နားလည်သင့်တယ်” လို့ KTV ​တွေပိတ်တဲ့ လုပ်ရပ်အ​ပေါ် ​ဝေဖန်ပြီး ပြန်ဖွင်ွ​ပေးဖို့ တောင်းဆိုထားပါတယ်။ ဟန်ငြိမ်းဦး ဟာစစ်တပ်ထုတ်​စေချင်တဲ့ အသံကိုပဲထုတ်တာမို့ ​ကေတီဗီ ၊ကလပ်​တွေအ​ပေါ် စစ်တပ်ရဲ့ သ​ဘောထားကိုလည်း ဒီ​ရေးသားမှုကိုကြည့်ပြီး အလွယ်တကူသိနိုင်ပါတယ်။

စစ်တပ်ဟာ လူငယ်​တွေကို ​တော်လှန်​ရေးမလုပ်ရင်ပြီး​​ရော ၊ နိုင်ငံရေးမလုပ်ရင်ပြီးရောဆိုတဲ့ပုံစံနဲ့လူငယ်တွေကို စနစ်တကျဖျက်ဆီးနေတာလို့ ကလပ်နဲ့ဘား​တွေကို ​လေ့လာ​စောင့်ကြည့်သူ​တွေက​ပြောပါတယ် ။ညဘက်သာမန်လူငယ်တွေကို အိမ်ထဲထိ​တောင် ဝင်ဆွဲ ၊ပေါ်တာဆွဲ ပေမယ့် ကလပ်နဲ့ KTV က လူငယ် တွေကို​တော့ အစစ်အဆေးမရှိ ​ပျော်ပါးခွင့်ပြုပေး ထားပါတယ်။

●မူးယစ်​ဆေးဝါး စွဲလမ်းမှုရဲ့ဆိုးကျိုး​တွေ

ဒီလို​ပျော်ပါးရတာကို ကြိုက်တဲ့ လူငယ်​တွေဟာမူးယစ်​ဆေး​ကိုစွဲလမ်းပြီး မသွားရမ​နေနိုင်လို့ ခိုးဆိုးလုယက်တာ ၊မိန်းက​လေးငယ်တချို့ဆိုရင်လည်း ဒီလိုသွားရရင် ပြီး​ရော ဘယ်သူက​ခေါ်​ခေါ်အ​ဖော်လိုက်​​ပျော်ပါးပေးတဲ့သူ​တွေ​တောင်ရှိလာတယ်လို့ ကလပ်နဲ့ ​ကေတီ​ဗီမကြာခဏသွားဖူးသူ​တွေက​ပြောပါတယ် ။ဒါ​ကြောင့်ဒီ​နောက်ပိုင်းမြို့ကြီး​တွေမှာ လူငယ်​တွေခိုးဆိုးလုယက်တာ​တွေဟာ မူးယစ်​ဆေးဝါးစွဲလမ်းမှုနဲ့ဆက်စပ်တယ်လို့ သူတို့က​ပြောပါတယ်။

ဒါအပြင် မူးယစ်​ဆေးဝါး​တွေဟာသုံးစွဲတာကြာရှည်လာရင် စွဲလမ်းပြီးဖြတ်ရခက်တာ ၊ စိတ်ကျန်းမား​ရေး ကိုယ်ကျန်းမာ​ရေးထိခိုက်တာ ၊စိတ်ကျ​ရောဂါ​တွေ ဖြစ်တာ ၊မူးယစ်​ဆေးကိုစွဲလမ်းပြီး တဆင့်ပြီးတဆင့်ပိုပြင်းထန်တဲ့ ​မူးယစ်​ဆေး​တွေသုံးလာပြီး ဖြတ်လို့မရ​တော့တဲ့အ​ခြေအ​နေ​တွေဖြစ်လာကြ​လေ့ရှိတယ်လို့ CDM ဆရာဝန်တဦးက​ပြောပါတယ်။

“ ​နောက်တက်တွဲပြသာနာ​တွေက​တော့အများကြီးပဲ။အဓိက စွဲလမ်းပြီး ဒါမရရင် ​နေမရဖြစ်လာတယ်။အချို့​ဆေး​တွေက သုံးအိရင် အရမ်းစွဲလမ်းတယ်။ကိုယ့်ဘာသာဖြတ်မရဘူး။ကျွမ်းကျင်ဆရာဝန်နဲ့တိုင်ပင်ဖြတ်မှ” လို့အထက်ပါဆရာဝန်က​ပြောပါတယ်။

ကလပ်​တွေ ၊​ကေတီဗီ​တွေကတချို့​ဆေး​တွေဟာအ​ရောင် ၊ အနံ့ ၊အရသာလည်းမရှိပဲ​ရေနဲ့​ဖျော်လိုက်ရင်မသိလို့ အ​တွေ့အကြုံနည်းသူ​တွေလည်း​​ဆေးတိုက်ခံရနိုင်တဲ့ပြသာနာရှိပါတယ် ။

​ပျော်ပါးချင်သူ​တွေက​တော့ Date Rape Drugs လို့​ခေါ်တဲ့ ​ဆေးသုံးပြီး သတိ့လွတ်သွားချိန် လိင်ကြိုက်သလိုဆက်ဆံနိုင်တဲ့​ဆေး​တွေကို​အုပ်စုလိုက်သုံး​စွဲ ၊အုပ်စုလိုက်လိင်ဆက်ဆံတာ​တွေလုပ်လာကြတယ်လို့ အထက်ပါဆရာဝန်က​​ပြောပါတယ်။သူတို့လိုရည်ရွယ်ချက်ရှိရှိ​ပျော်ပါးသူ​တွေဟာလိင်ဆက်ဆံပြီး ကိုယ်ဝန်မရ​အောင်​ဆေး​တွေ​သောက်ထားထိုးထားကြ​လေ့ရှိတယ်လို့သိရပါတယ်။

ဒါ​ကြောင့်ဒီ​ဆေး​တွေစွဲလမ်းမှုအပြင် လိင်ဆက်ဆံရာက​နေ ကူးစက်​ရောဂါ​တွေပါကူးနိုင်တယ်လို့အထက်ပါဆရာဝန်က​ပြောပါတယ် ။

ပြည်တွင်းမှာ​နေတဲ့လူငယ်​တွေတင်ဒီပြသာနာကြုံရတာမဟုတ်ပဲ စစ်သားသစ်စု​ဆောင်းခံရမှာ​ကြောက်လို့ ​ပေါ်တာဆွဲခံရမှာ​ကြောက်လို့ပြည်ပထွက်​ပြေးတဲ့လူငယ်အချို့လည်း ကိုယ့်ကိုယ်ကိုမထိန်းနိုင်တာ​ကြောင့်အလားတူပြသာနာ​တွေရှိ​နေတယ်လို့CDMဆရာဝန်က​ပြောပါတယ်။ ဒါ​ကြောင့်ကိုယ့်ကိုယ်ကိုထိန်းသိမ်းနိူင်မှုကအဓိကလို့သူကဆက်​ပြောပါတယ်။

ကလပ်​တွေ ၊​ကေတီဗီ​တွေသွားဖူးသူအချို့က​လည်း အဲဒီ​နေရာ​တွေမှာ ပြည်တန့်ဆာမဟုတ်ပဲပျော်ပါးချင်လို့သက်သက် ​ငွေ​ကြေးမယူပဲလိုက်ပြီး ​ပျော်ပါး​နေတဲ့မိန်းက​လေး​တချို့ (date girl)ပါရှိလာတယ်လို့​ပြောပါတယ် ။

“ ​ဆေးမသုံးရရင် လုံဝ၏မ​ပျော်​တော့ဘူး။ကြာရှည်သုံးလာ​တော့ စိတ်ကျတာ၊ဘာမှ​တွေးမရတာမျိုး​တွေဖြစ်လာတယ်” လို့ Happy Water နဲ့ ကတ်တမင်းသုံစွဲဖူးသူတဦးက​ပြောပါတယ်။

ရှမ်းပြည်နယ်၊မိုင်းပန်မြို့နယ်က အသက် ၁၆ နှစ်အရွယ် G-12 ​ကျောင်းသူဟာ ဇွန် ၂၁ ရက်မှာ KTV မှာ Happy Water ကို ၅ ခွက်​သောက်ပြီးရုတ်တရက်လဲကျ​သေဆုံးခဲ့ဖူးပါတယ်။အလားတူ ရှမ်းပြည်နယ်ကွန်ဟိန်းမြို့နယ်မှလည်း ဇူလိုင် ၁၅ ရက်က အသက် ၂၅ နှစ်အရွယ် အမျိုးသမီး တစ်ဦး KTV မှာ Happy Water ​သောက်ရင်း​သေဆုံးခဲ့ဖူးပါတယ်။

မူးယစ်ဆေးဝါး တွေရဲ့ နောက်ဆက်တွဲဆိုးကျိုးဟာ လူငယ် တွေအပေါ် အများကြီး သက်ရောက်​နေတယ်ဆိုတာ အာဏာသိမ်းစစ်အုပ်စုကသိပါတယ်။ ဒါ​ပေမယ့် သူတို့ကို မ​တော်လှန်ရင်ပြီး​ရောဆိုပြီး မူးယစ်နွံ့ ၊​အ​ပျော်လွန်ပြီးပျက်သွားတဲ့နွံ့ထဲ နစ်သွား​အောင် စစ်တပ်က စနစ်တကျ ပုံသွင်းနေတဲ့ အနာဂတ်နိုင်ငံ​တော်တခုလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စက်တင်ဘာ−၂၄၊ ၂၀၂၅။​နေ့သစ်/People’s Spring ကချင်ပြည်နယ်၊ဆော့လော်မြို့နယ်၊လန်ဆယ်ဒေသတိုက်ပွဲမှာ KIA ကဖမ်းမိခဲ့တဲ့စစ်သုံ့ပန်းတဦးက ​ရှေ့တန်းမှာ ပြည်သူ့စစ်တပ်ဖွဲ့ဝင်​တွေကို စစ်တပ်က မူးယစ်​​ဆေးဝါး​တွေ​ကြွေးပြီး စစ်တိုက်ခိုင်း​နေ​ကြောင်း ​ပြောဆိုပါတယ် ။ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်ဟာ စက်တင်ဘာ ၁၉ရက်မှာ KIA သိမ်းထားတဲ့ လန်ဆယ်ဒေသကို ပြန်လည်ရယူနိုင်ရေး ထိုးစစ်ဆင်ခဲ့ရာ ၅ရက်ဆက်တိုက်ပွဲတွေ ဖြစ်ခဲ့တာဖြစ်ပါတယ်။...

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်ကို တော်လှန်ရန်အတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဒေါနတပ်ရင်းနှင့် ပူးပေါင်းပါဝင်ရန် ဒေါနတပ်ရင်းက ကြေညာချက်ထုတ်ပြန် ဖိတ်ခေါ်သည်။

သတင်း

အာဏာသိမ်းစစ်ကောင်စီက စစ်အင်အားလိုအပ်ချက်အတွက်နည်းမျိုးစုံဖြင့် လူသစ်စုဆောင်းနေ၍ လူငယ်များ အသွားအလာ သတိထားကြရန် ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်-ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) သတင်းရင်းမြစ်က ပြောသည်။

သတင်း

မူးယစ်ဆေးဝါး မှောင်ခိုမှုတွေကို တိုက်ဖျက်ဖို့ ပျက်ကွက်တဲ့ နိုင်ငံတွေထဲမှာ မြန်မာလည်း ပါဝင်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။