Scorpio/People’s Spring
အာဏာလု စစ်အုပ်စုလက်ထက် တရားဥပဒေစိုးမိုးမှုကင်းမဲ့သွားချိန် အဆိုးရွားဆုံး ဖြစ်ပွားလာတဲ့ ဖြစ်စဥ်တွေထဲမှာ သူခိုးသောင်းကျန်းတာတွေလည်း ထိပ်ဆုံးက ပါပါတယ်။ စစ်အုပ်စုဟာ သူခိုးတွေကိုတော့ ဖမ်းဆီးနိုင်ခြင်း၊ ဖမ်းဆီးခြင်း မရှိဘဲ ခေတ်ဆိုးခေတ်ပျက်ကြီးထဲ ခက်ခက်ခဲခဲ လုပ်ကိုင်စားသောက်နေရတဲ့ ပြည်သူတွေကိုတော့ အမျိုးစုံ ဒုက္ခပေးနေတာပါ။
ယခုလပိုင်းအတွင်းမှာပဲ ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးတွေမှာ မျိုးစုံသော ဖောက်ထွင်း မှုတွေ ပိုမို ဖြစ်ပွားလာခဲ့ပါတယ်။ အဲဒီဖြစ်စဥ်တွေကိုကြည့်ရင်းဘယ်မြို့ရဲ့လုံခြုံရေးအခြေအနေ အဆိုးဆုံးဖြစ်မလဲ နှိုင်းယှဥ်ကြည့်ကြရအောင်ပါ။
●ရန်ကုန်

Public Service Announcement
ကျနော်တို့ ရန်ကုန်က စကြရအောင်ပါ။ မြန်မာနိုင်ငံရဲ့လူဦးရေအထူထပ်ဆုံး မြို့တော်ကြီးတခုဖြစ်တဲ့ ရန်ကုန်မြို့မှာလည်း ဖောက်ထွင်းမှုတွေ မကြာခဏ ဖြစ်ပွားနေပါတယ်။ အဲဒါကြောင့် မြို့ခံတွေဟာ သံဆူးကြိုးတွေကာ၊ CCTV တွေတပ်ကြတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ရက်နေ့ကတော့ ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်၊ ၁၄/၂ရပ်ကွက်မှာ မနက် ၃ နာရီထိုးခါနီး သူခိုးဝင်ပါတယ်။ သူခိုးဟာ သူတို့ကို စောင့်ကြည့်ဖို့တပ်ထားတဲ့ CCTV ကိုမှ ဖြုတ်ပြီး ပြန်ဆင်းသွားပါသတဲ့။
အိမ်ရှင်က CCTV မှတ်တမ်းထဲက သူခိုးပုံကို လူမှုကွန်ရက်မှာ တင်လိုက်ပြီး သူခိုးရဲ့လိပ်စာကိုသိလို့ သတင်းပေးရင် ဆုငွေဆယ်သိန်းကျပ်ပေးမယ်လို့ ရေးထားပါသေးတယ်။
ဒါတင်မကသေးဘဲ ရန်ကုန်မြို့မှာ လူသေတဲ့အထိ ဖြစ်ပွားစေခဲ့တဲ့ ဖောက်ထွင်းမှုတခု ဖြစ်ပွားခဲ့ပါသေးတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်နေ့က ရန်ကုန်မြို့၊ဒဂုံမြို့သစ်တောင်ပိုင်း၊ သုခဒဂုံအိမ်ရာက တိုက်ခန်းတခုမှာ နေအိမ်အတွင်းပစ္စည်းဝင်ခိုးသူကို အိမ်ရှင်အမျိုးသားက တွေ့သွားခဲ့တယ်။ သူခိုးက ဓားနဲ့ထိုးပြေးလို့ ယောင်္ကျားဖြစ်သူ သေဆုံးပြီး မိန်းမဖြစ်သူ ဒဏ်ရာရခဲ့ပါသေးတယ်။
ဒီကနေ့အထိလည်း ရန်ကုန်မြို့မှာ ဖောက်ထွင်းမှုတွေဖြစ်ပွားနေပြီးကလေးသူငယ်တွေကအစ ပါဝင်လာတာကို တွေ့ရပါတယ်နေ့ခင်းကြောင်တောင်တွေပါ ခိုးယူနေကြပြီး လမ်းဘေးရပ်ထားတဲ့ ကားမှန်ကအစ ခိုးယူခံနေရပါတယ်။
●မန္တလေး
မန္တလေးမြို့မှာဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်ကတော့ တော်တော်ဆိုးရွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ ရက်ကညက မန္တလေးမြို့က စားသောက်ကုန်ဂိုဒေါင်တခုမှာ မိန်းကလေး လေးယောက် စုပြီး အိပ်နေကြချိန် သူခိုးဝင်ကပ်ပါတယ်။ လူငယ်သာရှိသေးတဲ့သူခိုးဟာ မိန်းခလေးတွေရဲ့ဖုန်းတွေခိုးယူပြီး မပြန်သေးပါဘူး။အိပ်မောကျနေတဲ့မိန်းခလေးတွေကိုကြည့်ရင် တကိုယ်ရည်အာသာဖြေသွားခဲ့တာပါ။
မိန်းကလေးသာလေးယောက်မဟုတ်ဘဲတယောက်တည်းသာဖြစ်နေခဲ့ရင် ဒီ့ထက်ဆိုးရွာတဲ့အမှုအခင်းတွေဖြစ်သွားနိုင်တယ်လို့ မြို့ခံတွေက မှတ်ချက်ပြုခဲ့ကြပါတယ်။
●မုံရွာ
စစ်ကိုင်းတိုင်းရဲ့မြို့တော်မုံရွာဟာ အာဏာသိမ်းစစ်ကောင်စီလက်ထက်မှာအဆိုးအရွားဆုံး ဖောက်ထွင်းခိုးယူမှုတွေ၊ လုယက်မှုတွေ၊ ဓါးပြတိုက် ပြန်ပေးဆွဲမှုတွေ ဖြစ်ပွားနေပါတယ်။
စက်တင်ဘာ၂၂ ရက်နေ့မှာပဲမုံရွာမြို့ပေါ်ကျောက်စိမ်းဟိုတယ်အနီးက ဓာတ်ပုံဆိုင်တဆိုင် ဖောက်ထွင်းခံရပြီးဓာတ်ပုံဆိုင်လုပ်ငန်းသုံး ပစ္စည်းမှန်သမျှ အကုန်ပါသွားကြောင်း မြို့ခံတွေက ပြောပါတယ်။
ဒီကနေ့မနက်စောစောကပဲ သာစည်လမ်းက ဇလပ်ဝါပွဲရုံဆီဆိုင်ဓါးပြတိုက်ခံခဲ့ရပြန်ပါတယ်။ သေနတ်တွေနဲ့လာတိုက်သွားတာဖြစ်ပြီး ဆုံးရှုံးမှုပမာဏ မသိရသေးဘူးလို့ မြို့ခံတွေက ပြောတယ်။
စက်တင်ဘာ ၂၁ ရက်နေ့ကလည်း မုံရွာမြို့၊ ထန်းတောဇီးခြံရပ်မှာ ကုန်စုံဆိုင်တဆိုင် ဓါးပြတိုက်ခံရပြီးငွေခြောက်သိန်းနဲ့ ဖုန်း၄လုံး ပါသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
●ပခုက္ကူ
မကွေးတိုင်း၊ ပခုက္ကူမြို့ပေါ်မှာတော့ ဆေးရုံတက်သူတွေကို ထမင်းဝေနေတဲ့ ထင်းတန်းလမ်း၊ မြို့နယ်ဆေးရုံရှေ့က အာယုသုခအသင်းရဲ့ ထမင်းအာဟာရဒါနအဆောက်အဦးငယ် မနေ့က စက်တင်ဘာ ၂၁ ရက်ညက ဖောက်ထွင်းခံလိုက်ရပါတယ်။
အဲဒီအဆောက်အဦးထဲက လှူတဲ့နေရာမှာသုံးတဲ့ ဆန်၊ ဆီ၊ ငါးပိတွေနဲ့ ဒန်အိုး၊ ဒန်ခွက်တွေကိုပါ ခိုးယူသွားကြောင်း အသင်းနဲ့နီးစပ်သူတွေက ပြောပါတယ်။ ပခုက္ကူမြို့ပေါ်မှာ သူခိုးအခိုးခံရတဲ့ဖြစ်စဥ်တွေ မကြာခဏ ဖြစ်ပွားနေပြီး စစ်အုပ်စုက ဖမ်းဆီးနိုင်ခြင်းမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
အထက်က ဖြစ်စဥ်တွေဟာ ယခုရက်ပိုင်း နဲ့ လပိုင်းအတွင်းက ဖြစ်စဥ်တွေကိုသာ ထုတ်နုတ်ပြခြင်းဖြစ်ပါတယ်။ ဒီ့ထက်ဆိုးရွားတဲ့ ရာဇဝတ်မှုတွေ မြို့ကြီးတွေမှာ နေ့စဥ်နီးပါး ဖြစ်ပွားနေပါတယ်။ စစ်ကောင်စီကတော့ မြို့ပေါ်က ပြည်သူတွေကို လုံခြုံရေးမပေးတဲ့အပြင် ပြည်သူတွေကိုပါ ပေါ်တာဆွဲတာ၊ ဖမ်းဆီးတာ၊ ငွေညှစ်တာ၊ သတ်ဖြတ်တာတွေပြုလုပ်နေဆဲဖြစ်ပါတယ်။ တော်လှန်ရေး အားကောင်းတဲ့ဒေသတွေကိုတော့ စစ်တပ်က ယခင်နှစ်တွေတုန်းကလိုပဲ လေကြောင်းကနေ ဗုံးကြဲသတ်ဖြတ်တာတွေ ပြုလုပ်နေဆဲ ဖြစ်ပါတယ်။ ။
