close
Connect with us

Hi, what are you looking for?

ဆောင်းပါး

တပူပေါ်နှစ်ပူဆင့်တဲ့ယောချောင်းဘေးက တောင်သူ​တွေ

တဝုန်းဝုန်းရွာနေတဲ့ မိုးစက်တွေအောက်မှာ စပါးခင်းလေးတွေဟာ ထိုးထိုးထောင်ထောင်နဲ့ စိမ်းစိုနေတယ်။ စပါးခင်းလေးတွေဘေးမှာတော့ ယောချောင်းဟာတဝေါဝေါစီးဆင်းနေတယ်။ယောချောင်းဟာရေများနေပြီးရေစီးသန်လာတာကြောင့် ကမ်းပါးတွေကိုပါ တိုက်စားလာတယ်။ အဲဒီနောက် စပါးခင်းတွေဟာ ယောချောင်းထဲတဗြုန်းဗြုန်းပြိုဆင်းပြီး မျောပါသွားတော့တယ်။

Scorpio/People’s Spring

တဝုန်းဝုန်းရွာနေတဲ့ မိုးစက်တွေအောက်မှာ စပါးခင်းလေးတွေဟာ ထိုးထိုးထောင်ထောင်နဲ့ စိမ်းစိုနေတယ်။ စပါးခင်းလေးတွေဘေးမှာတော့ ယောချောင်းဟာတဝေါဝေါစီးဆင်းနေတယ်။ယောချောင်းဟာရေများနေပြီးရေစီးသန်လာတာကြောင့် ကမ်းပါးတွေကိုပါ တိုက်စားလာတယ်။ အဲဒီနောက် စပါးခင်းတွေဟာ ယောချောင်းထဲတဗြုန်းဗြုန်းပြိုဆင်းပြီး မျောပါသွားတော့တယ်။

အဲဒီစပါးခင်းတွေဟာမကွေးတိုင်း၊ပေါက်မြို့နယ်၊ ယောချောင်းဘေးကရေယဥ်ကျေးရွာ၊ဇီးဖြူကုန်းကျေးရွာနဲ သဖန်းချောက်ကျေးရွာတွေကပါ။ ဒီရက်ပိုင်း မိုးကြီးပြီး ယောချောင်းရေလျှံလာလို့ အဲဒီရွာက စပါးခင်းတွေ၊ လယ်ယာမြေတွေ ဧကများစွာ ရေတိုက်စားပြီး ပါသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပြပါတယ်။

“ ပျက်စီးတာက ဧကလေးဆယ်ခန့်။ထပ်လည်းပျက်စီးနေနိုင်ပါတယ်။ ရေကတိုးပြီး ကမ်းပြိုနေတာဆို‌တော့” လို့ အညာမြေတပ်ပေါင်းစုတာဝန်ခံ ကိုဘိုဘိုသန့်စင်က ပြောပြပါတယ်။

Public Service Announcement

Public Service Announcement

စပါးခင်းတွေဆုံးရှုံးခဲ့တဲ့ရေယဉ်ရွာဟာပြီးခဲ့တဲ့ သြဂုတ်လ ၂၀ ရက်နေ့ကမှ ပခုက္ကူနဲ့ ပေါက်က စစ်ကောင်စီ စစ်ကြောင်းထိုးလာပြီး နေအိမ် ၃၂ လုံး မီးရှို့ခဲ့ခံရတဲ့ရွာပါ။ ပြည်သူ ၃ ဦးလည်း ပစ်ခတ်ခံရပြီး ဒဏ်ရာတွေ ရသွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

“ ရှစ် လပိုင်းထဲတုန်းကလည်း အတော်ခံလိုက်ရတယ်အခုရောပဲ။ အကူအညီတွေလည်း လိုအပ်နေပါတယ်” လို့ ဒေသခံရွာသားတဦးက ပြောပါတယ်။ အဲဒီရွာခံဟာ အိမ်လည်း မီးရှို့ခံလိုက်ရသလို စပါးခင်းလည်း ရေစားခံလိုက်ရသူပါ။

အဲဒီမြေတွေဟာစပါးချိန် စ​ပါးစိုက်ပြီး ဆောင်းရောက်ရင်တော့ ကြက်သွန်၊ အာလူး၊ ငရုပ်စတဲ့ သီးနှံတွေ စိုက်ကြတယ်လို့ သိရတယ်။ဒေသခံတွေဟာ အဲဒီစပါးတွေကို လွယ်လွယ်ကူကူစိုက်ခဲ့ပျိုးခဲ့ကြတာမဟုတ်ပါဘူး။

ပေါက်မြို့နယ်ထဲကို စစ်ကြောင်းတွေကလည်း မကြာမကြာ ထိုးပါတယ်။ စက်တင်ဘာ ၂၄ ရက်နေ့ကပဲပေါက်မြို့နယ်မှာ ကပစ (၂၄) ကအင်အား ၂၀၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ပေါက်ချောင်းအထက်စုရွာက ပြည်သူ ၂ ဦးနဲ့ ပလောင်းရွာက ပြည်သူ ၃ ဦး စုစုပေါင်း ပြည်သူ ၅ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ၃ ဦးကို သတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောပါတယ်။

ဒါ့အပြင် စက်တင်ဘာလ ၂၂ ရက်နေ့ကပဲ ပေါက်မြို့နယ် တနေရာကိုY-12လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။ စစ်ကောင်စီတပ်ရဲ့ကပစ -၂၄ ကနေလည်း လက်နက်ကြီးတွေ မကြာမကြာ ပစ်ခတ်တတ်တယ်လို့ ဒေသခံတွေက ပြောပြတယ်။

အဲဒီလိုမြေပြင်စစ်ကြောင်းတွေ၊ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြားကနေ ပြေးပြေးလွှားလွှား ခက်ခက်ခဲခဲ စိုက်ခဲ့ပျိုးခဲ့ကြတဲ့ စပါးတွေဟာ မုန်တိုင်းမိုးကြောင့် ရေထဲမျောပါ ပျက်စီးခဲ့ရပြန်ပါတယ်။

“ တော်တော်စိတ်ညစ်တာပေါ့။စစ်ကြောင်းကတဖက်နဲ့ မနည်း လုပ်ထားရတာဆိုတော့” လို့ ဒေသခံတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် အောက်တိုဘာလတုန်းကလည်း ပေါက်မြို့နယ်၊ ယောချောင်း၊ ကျောချောင်း အစပ်မှာရှိတဲ့ ရှခွကြီးရွာ၊ မုံတောရွာနဲ့ ဆူးလေကုန်းရွာတွေမှာ တောင်ကျရေကြောင့် နေအိမ် ၁၁ လုံး ရေထဲမျောပါ ပျက်စီးခဲ့ပါတယ်။

ဒီနှစ်မှာလည်း ယောချောင်းရေ မြင့်တတ်လာနိုင်လို့ ပေါက်နဲ့ဆိပ်ဖြူမြို့နယ်ကဒေသခံတွေ သတိထားနေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေက သတိပေးခဲ့ပါသေးတယ်။

ဖိလစ်ပိုင်ပင်လယ််မှာဖြစ်ပေါ်လာတဲ့အလွန်အားကောင်းတဲ့ စူပါတိုင်ဖုန်း RAGASA ရဲ့ ကြွင်းကျန်မုန်တိုင်းဆဲလ်တွေကြောင့် မြန်မာနိုင်ငံနေရာအနှံ့အပြား မိုးရွာသွန်းနိုင်ကြောင်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့တောင်ပိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ နေရာအနှံ့အပြားမိုးထစ်ခြုန်းရွာနိုင်တယ်လို့ NUGရဲ့လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက သတိပေးထားပါတယ်။

ဒါအပြင်အချို့နေရာများမှာ မိုးသက်လေပြင်းကျရောက်ခြင်းနဲ့ မိုးကြီးခြင်းတို့ ဖြစ်ပေါ်နိုင်ပါတယ်။

အထူးသဖြင့် မိုး ၃-၄ ရက်ဆက်တိုက်ရွာသွန်းတဲ့ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းနဲ့ ချင်းပြည်နယ်တို့မှာမြေပြိုခြင်းအန္တရာယ်ကိုလည်းကောင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်နဲ့ ပဲခူးတိုင်းတို့ရှိ မြို့ပြဒေသများမှာ ရုတ်တရက် ရေကြီးရေလျှံခြင်းအန္တရာယ်ကိုအထူးသတိပြုဖို့လည်း သတိ​ပေးထားပါတယ်။

ပေါက်၊မြိုင် ဒေသခံတွေမှာ စစ်ကြောင်းနဲ့ အန္တရာယ်ပေးလို့ အတိဒုက္ခရောက်နေကြတာ တမျိုး၊ လေယာဉ်မျိုးစုံနဲ့ နေ့စဉ်အရပ်သားတွေကို ပစ်ခတ်လို့ သေဆုံးကြရ၊စိတ်ထိခိုက်ကြရနဲ့ ကြောက်လန့်နေကြရတာတမျိုး၊သောကမျိုးစုံကြုံနေကြရပါတယ်လို့ အညာမြေတပ်ပေါင်းစုတာဝန်ခံ ကိုဘိုဘိုသန့်စင်က ပြောပြပါတယ်။ ပညာသင်ခွင့်ဆုံးရှုံး၊ကျန်းမာရေးကုသခွင့်ဆုံးရှုံးနဲ့ တော်တော်ကို စိတ်ဒဏ်ရာတွေရနေကြတယ်လို့ သူက ရင်ဖွင့်တယ်။

“ အခုလို သဘာဝဘေးနဲ့ပါ ထပ်ကြုံရတော့ ဖော်မပြနိုင်တဲ့ အားငယ် ဝမ်းနည်းမှုပါပဲ” လို့ သူက ပြောပြပါတယ်။

“ လက်ရှိလည်း မိုးက ရွာနေတုန်းပဲ။ ချောင်းရေကလည်း တိုးနေတုန်းပါပဲ။” လို့ ဒေသခံတဦးက စိတ်မသက်မသာနဲ့ ပြောလိုက်ပါတယ်။ ။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ပူတာအိုမြို့နယ်၊မန်စေခွန်ကျေးရွာအပါအဝင်​ကျေးရွာအချို့မှာ မိုးသည်းထန်ပြီး တောင်ကျရေ​တွေနဲ့အတူ ပါလာတဲ့တဲ့သဲမြေတွေ၊ရွှံနွံ​တွေ ဖုံးလွမ်းသွားတဲ့အတွက် စပါးစိုက်ခင်းတွေ တစ်ရွာလုံးနီးပါး ပျက်စီးသွားခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်အခြေစိုက် Rocket Figherတပ်ဖွဲ့ရဲ့ ခဲယမ်းသိုလှောင်စခန်း မီးလောင် ပေါက်ကွဲပြီး ကျပ်သိန်း ၅၀၀ဖိုးခန့် ဆုံးရှုံးသွားခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ပေါက်မြို့နယ်ကို စစ်ကောင်စီက လေကြောင်းမှဗုံးကြဲခဲ့ရာ ကလေးငယ်တဦးအပါအဝင် အရပ်သား ငါးဦး သေဆုံးခဲ့တယ်လို့ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ပေါက်မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားနှစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။