close
Connect with us

Hi, what are you looking for?

ဆောင်းပါး

စစ်ကောင်စီရဲ့ပန်းတောင်းခံစစ်နောက်ကွယ် …

၂၀၂၅ ရဲ့ ပထမဆုံး ခရီးစဥ်အဖြစ် အခုလထဲ ပဲခူးတိုင်း၊ အနောက်ခြမ်းက ပြည်ခရိုင်ဘက်ကို ခရီးသွားဖြစ်တယ်။ ၁၂ လရာသီခွင်အရ တော် သလင်းလထဲဖြစ်လေတော့ “ တော်သလင်းနေ ပုဇွန်သေ” ဆိုတဲ့အတိုင်း ခရီးတလျောက် ပူလောင်အိုက်စပ်တဲ့ဒဏ်ကို သိသိသာသာ ခံစားရတယ်။

အာရက္ခတပ်​တော်က ရခိုင်ပြည်နယ်နှင့် ပဲခူးတိုင်းအစပ်ရှိ မိုးထိ​တောင်တပ်စခန် ၊​ညောင်ကျိုးရဲစခန်းတို့ကို ၂၀၂၅ ဇန်နဝါရီလ နှင့် ဧပြီလတွင်သိမ်းပိုက်ပြီး​နောက်​တွေ့ရစဥ် /ကပစစက်ရုံ​တွေတည်​နေရာနဲ့ AA သိမ်းထားတဲ့စခန်း ၂ ခုတည်​နေရာပြ​မြေပုံ/ စစ်သား နဲ့ ပျူ​စောထီး​တွေက ပြည်သူ့ကားများကိုစစ်​ဆေး​နေစဥ်။ဓါတ်ပုံ-AA Info Desk ၊စစ်​ကောင်စီ

အာရုဏ်ဦး/People’s Spring

၂၀၂၅ ရဲ့ ပထမဆုံး ခရီးစဥ်အဖြစ် အခုလထဲ ပဲခူးတိုင်း၊ အနောက်ခြမ်းက ပြည်ခရိုင်ဘက်ကို ခရီးသွားဖြစ်တယ်။ ၁၂ လရာသီခွင်အရ တော် သလင်းလထဲဖြစ်လေတော့ “ တော်သလင်းနေ ပုဇွန်သေ” ဆိုတဲ့အတိုင်း ခရီးတလျောက် ပူလောင်အိုက်စပ်တဲ့ဒဏ်ကို သိသိသာသာ ခံစားရတယ်။

ခေတ်ပျက်ထဲ ခရီးသွားရတာမို့ လမ်းတလျှောက် အစစ်အဆေးတွေက များလိုက်တဲ့ဖြစ်ချင်း။ ခဏတိုင်းခဏတိုင်း ဘတ်စ်ကားကို ရပ်ရပ်ပေးနေရတယ်။

ခရီးသည်တွေဟာ မိမိရဲ့မှတ်ပုံတင်ကို အသင့်ထုတ်ကိုင်ထားကြရတယ်။တချို့ဂိတ်တွေမှာကိုယ့်ခုံတင် ထိုင်စောင့်နေရတာရှိသလို နေပူထဲ လမ်းဆင်းလျှောက်ရတဲ့ဂိတ်တွေလည်းရှိရဲ့။အဲဒီလို စစ်ကောင်စီစစ်ဆေးရေးဂိတ်တခုကိုဖြတ်တိုင်း “ ဘာများဖြစ်မလဲ” ဆိုတဲ့အတွေးနဲ့ ရင်တထိတ်ထိတ်ပါပဲ။

Public Service Announcement

Public Service Announcement

ပြည်မြို့ကိုဝင်တော့ဂိတ်တွေပိုစိပ်လာသလိုအ စစ်ခံရတဲ့အချိန်လည်း ပိုကြာလာတယ်။ တဂိတ်တဂိတ် နာရီဝက်၊ ၄၅ မိနစ်ဆိုတာ အသာလေး။

ဧရာဝတီမြစ် အနောက်ဘက်ကမ်းပန်းတောင်းမြို့နယ်ဘက်ကူးတော့ နဝဒေးတံတားကြီးရဲ့ ဒီဘက်ထိပ်ရောဟိုဘက်ထိပ်မှာပါတော်တော်ကြာအောင် အစစ်ခံကြရတယ်။

ပန်းတောင်းမြို့နယ်ဆိုတာကလည်း အရင်လို ပုံမှန်အခြေအနေ ဟုတ်မနေဘူး။ အခုက စစ်ဇုန်ထဲမှာ။ ၂၀၂၅ ဖေဖော်ဝါရီလောက်ကစပြီး ပန်းတောင်နယ်ထဲက စစ်ကောင်စီလက်အောက် ခံ ဗျူဟာကုန်းနဲ့ စခန်းတွေကို အာရက္ခတပ်တော်( AA )နဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ထိုးစစ်ဆင်နေခဲ့တာပါ။

​ပဲခူးတိုင်းမှာရှိတဲ့ မြို့နယ်တွေထဲမှာ ပန်းတောင်းဟာ ဧရာဝတီမြစ် အနောက်ဘက်ကမ်းမှာရှိတဲ့ တခုတည်းသော မြို့နယ်ဖြစ်ပါတယ်။ ပန်းတောင်းမြို့နယ်ကိုပန်းတောင်း၊ဆင်တဲ၊ထုံးဘို နဲ့ဥသျှစ်ပင်စတဲ့မြို့လေးမြို့နဲ့ ဖွဲ့စည်းထားတယ်။

ပထဝီဝင်အနေအထားအရ ရခိုင်ပြည်နယ်က တောင်ကုတ်မြို့နယ်၊ မကွေးတိုင်းက ကံမမြို့ နယ်၊ ဧရာဝတီတိုင်းက ကြံခင်းမြို့နယ်တွေနဲ့ နယ်မြေချင်းထိစပ်နေပါတယ်။ ဒါကြောင့် ပြည်-တောင်ကုတ်လမ်း၊ပြည်-ကံမ-သရက်လမ်းနဲ့ ပုသိမ်-မုံရွာ အဝေးပြေးလမ်းတွေဟာ ပန်းတောင်းမြို့ နယ်ထဲကို ဖြတ်သန်းဖောက်လုပ်ထားတယ်။

ရခိုင်ရိုးမကနေယှက်ဖြာလာတဲ့တောင်စွယ်တောင်တန်းတွေဟာ ပန်းတောင်းမြို့နယ်ထဲအထိ ဆက်စပ်နေပါတယ်။အဲလိုဆက်စပ်နေလို့လည်း မြို့နယ်တွင်းဖြတ်သွားတဲ့ အဝေးပြေးလမ်းတွေဟာ အကွေ့အကောက်အတက်အဆင်းတွေ ထူပြောပါတယ်။

ပန်းတောင်နယ်မှာ အခုလို တောင်တန်းတောင်စွယ်တွေလည်းရှိ ဧရာဝတီမြစ်ကမ်းအနီးတည်ရှိလို့လည်း ခေတ်အဆက်ဆက် စစ်ဗိုလ်ချုပ်တွေ မျက်စိကျခဲ့ဟန်တူပါရဲ့။ ပဲခူးတတိုင်းလုံးမှာ ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံ(ကပစ) ခုနစ်ရုံရှိတဲ့အနက် ပန်းတောင်းမြို့နယ်ထဲတင် စက်ရုံငါးရုံအထိ တည်ဆောက်ထားတာ တွေ့ရတယ်။

အဲဒီစက်ရုံတွေက​ ကပစ-၃(ဆင်တဲ)၊ ကပစ-၅ (ကမြိုင်)၊ ကပစ-၆(ညောင်ခြေထောက်)၊ကပ စ-၉(ကျောက်ဖူး)နဲ့ ကပစ-၁၆(မသုန်)တို့ ဖြစ်ပါတယ်။ ကပစ-၆ ဟာ လက်နက်ငယ်ကျည်တွေထုတ်လုပ်သလို ကာကွယ်ရေးပစ္စည်းထုတ်စက် ရုံတွေရဲ့ ကုန်ကြမ်းထုတ်လုပ်ရာ အရေးပါတဲ့ စက်ရုံတရုံပါ။

ကပစ (၃) ဆိုရင် ​လေယာဥ်​ပေါ်ကကြဲတဲ့ အဓိကဗုံးထုတ်တဲ့ စက်ရုံဖြစ်ပါတယ် ။

အာရက္ခတပ်တော် -AA ဦးဆောင်တဲ့ တော်လှန် ရေးပူးပေါင်းအဖွဲ့တွေရဲ့ ထိုးစက်ဟာ စက်တင် ဘာလထဲမှာ ကပစ(၆ )တည်ရှိရာ ညောင်ခြေ ထောက်ရွာအနီးက စစ်တပ်ဗျူဟာနဲ့ ကာကင်းစခန်းတွေအထိ ရောက်ရှိလာပါပြီ။ ၂၀၂၅ခုနှစ်ဇန်နဝါရီကနေ မတ်လအတွင်း ပန်းတောင်းမြို့နယ်နဲ့ တောင်ကုတ်မြို့နယ်အစပ်က မိုးထိတောင်စခန်း၊ ပန်းတောင်းနယ် ညောင်ကျိုးစခန်းနဲ့ စစ်တပ်စခန်းငယ်တွေကို AA ဘက်ကထိုးစစ်ဆင်သိမ်းယူခဲ့ပြီး ဖြစ်ပါတယ်။

အဲဒီလို စခန်းတွေတခုပြီးတခု ထိုးစစ်ဆင်ခံလာရချိန်မှာ စစ်ကောင်စီက ပန်းတောင်းမြို့နယ်ထဲကစစ်တပ်စခန်းတွေကို အင်အားတွေထပ်ဖြည့်ပြီး ခံစစ်အတွက် အခိုင်အမာ ပြင်ဆင်ခဲ့ပါတယ်။ ဒီအခါမှာ ဒေသတွင်းက ပြည်သူလူထုကို အနိုင်ကျင့်ဗိုလ်ကျ၊ဖိနှိပ်မှုတွေ နည်းမျိုးစုံနဲ့ လုပ်လာပါတော့တယ်။

အထူးသဖြင့် သူတို့ရဲ့ခံစစ်စခန်းတွေကို အင်အားဖြည့်တာ၊ လက်နက်ခဲယမ်းတွေပို့တာ၊ ထိုး စစ်ကိုခုခံရင်း ထိခိုက်သေဆုံးသူတွေကိုသယ်ထုတ်တာ၊ တပ်မိသားစုတွေ ပြောင်းရွှေ့တာ စတဲ့ သယ်ယူပို့ဆောင်ရေးအစီအစဥ်အတွက် ကားချောဆွဲတာတွေကို တောက်လျှောက်လုပ်လာနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ပန်းတောင်းနယ်က ညောင်ကျိုးစခန်းထိုးစစ်ဆင်ခံရတဲ့ ဖေဖော်ဝါရီနဲ့ မတ်လတွေအတွင်းက မြို့နယ်အလိုက် အလှည့်ကျစနစ် နဲ့ ယာဥ်ပိုင်ရှင်တွေ ချောပို့ကြရပါတယ်။ အဲလိုချောပို့ရာမှာ ပန်းတောင်းနဲ့အနီးဝန်းကျင်မြို့တွေဖြစ်တဲ့ ပြည်၊ ရွှေတောင်၊ ကြံခင်း၊ ဆင်တဲ၊ ထုံးဘို၊ ဥ သျှစ်ပင်၊ ကံမ၊ သရက်စသဖြင့် မြို့နယ်အလိုက်ခေါ်ယူတာမျိုးပါ။

မြို့နယ်အလိုက် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ယာဥ်ပိုင်ရှင်တွေကို အစည်းအဝေးခေါ်တယ်။ ပြီးရင် သူတို့စိတ်ထဲရှိသလို အလှည့်ကျ ချောပို့ဖို့ သတ်မှတ်ပေးတယ်။ ဒါတင်မက​သေးပါဘူး။ယာဥ်အကြီးအ သေးပေါ်မူတည်ပြီး ကျပ်သုံးသိန်းကနေ ကျပ်ဆယ်သိန်းအထိ ဆက်ကြေးကောက်တယ်။

ကနဦးမှာ လစဥ်ဆက်ကြေးပေးနိုင်သူကို ချော ဆွဲခံရမယ့်အခြေအနေကနေ သက်ဆိုင်ရာမြို့ နယ်က ကင်းလွတ်ခွင့်ပေးတယ်။ အဲလိုမသွင်းနိုင်ရင်တော့ ခခွေးလေးလုံးပုံပြင်လို ခေါ်ရင်လာ၊ ခိုင်းရင်လုပ်၊ ခံမပြောနဲ့။

အခုနောက်ပိုင်းကျတော့စစ်ကောင်စီကပုံစံပြောင်းပြီး ဗိုလ်ကျလာပြန်တယ်။

ဘယ်ပုံလုပ်လာလည်းဆိုတော့ ပြည်မြို့နယ်ထဲကယာဥ် ၁စီး စီဟာပန်းတောင်းဘက်ကျော်ပြီးသွားရင် လမ်းပိုင်းစစ်ဆေးရေးဂိတ်တင် ဖမ်းခေါ်ထားလိုက်ပြီး ချောဆွဲခံရတယ်။ နောက်ပုံစံတခုက မကွေးတိုင်းကနေ ပဲခူးတိုင်းထဲ ဖြတ်သန်းသွား လာရင်း ချောဆွဲခံရနိုင်သလို ပဲခူးတိုင်းကနေ ဧရာဝတီတိုင်းဘက်ကူးရင်လည်း အလာတူ​ချောဆွဲခံရနိုင်ပါတယ်။

ဒါ့အပြင် အရင်က ကားချောဆွဲခံရရင် လေးငါးရက်တပတ်ဆို ပြန်ရောက်ကြတယ်လို့ စုံစမ်းသိရတယ်။ အခုနောက်ပိုင်း အဲဒီလိုပြန်မလွှတ်တော့ဘူး။ တပတ်ကနေ နှစ်ပတ်၊ နှစ်ပတ်က သုံးပတ် တချို့ကားသမားတွေဆို ရက်ပေါင်း ၂၀ လောက်အထိ စစ်တပ်ထဲ ခေါ်ထားခံရတယ်လို့ သိရတယ်။

ဒီတင် မပြီးသေးဘူး။ ရက်တွေသိပ်ကြာလာလို့ ကားရောလူရော ပြန်ရောက်မလာရင် ငွေထုပ် ပိုက်ပြီး မိသားစုက လိုက်ရွေးယူကြရတယ်။ ဒီအခါမှာ ယာဥ်အကြီးအသေးနဲ့ ကားတန်ဖိုးပေါ်မူတည်ပြီး အနည်းဆုံး ကျပ်သိန်း ၂၀ ကနေ ကျပ်သိန်း ၄၀ လောက်အထိ ပေးကြရတယ်လို့ပါတယ်။

ချောဆွဲခံထားရတဲ့အချိန်မှာလည်း တပ်စခန်းတွေထဲ စစ်ကောင်စီတပ်သားတွေနဲ့ အတူနေရတာမို့ “ ဘယ်အချိန် ဝင်တိုက်ခံရမလဲ” ဆိုတဲ့အ တွေးနဲ့ ကျောချမ်းရတယ်လို့ ကိုယ်တိုင်ကြုဲခဲ့သူတချို့နဲ့ နီးစပ်သူတွေထံက သိရပါတယ်။

ပြီးတော့ တိုက်ပွဲထဲမှာ ထိခိုက်သေဆုံးသွားသူတွေကို ရွှေတောင်မြို့မှာရှိတဲ့ ကုတင်(၁၀၀) စစ် ဆေးရုံကိုပို့ပေးရသလို ထုံးဘိုမြို့မှာရှိတဲ့ စစ် တပ်ဆေးရုံကိုလည်း ပို့ပေးကြရတယ်လို့ သိရပါတယ်။ အဲဒီလိုအခြေအနေမျိုးမှာ ရှေ့ဆုံးကပွိုင့်ကားတစ်စီးသာ စစ်ကား(သေး)ပါဝင်ပြီး အဲဒီပွိုင့်ကားရဲ့နောက်ကနေမှ ချောဆွဲခံထားရတဲ့ အရပ်သား​တွေရဲ့ယာဥ်လေး၊ငါးစီး တန်းစီလိုက်ပို့​ပေးရတာပါ။

လမ်းကြောပေါ်ရောက်တဲ့အခါ ညဘက်ဖြစ်ပေမယ့် ကားမီးမထွန်းဖို့၊ အရှိန်ကို ကီလို ၆၀ ထက်လျှောမမောင်းဖို့ တပါတည်းအမိန့်ပေးတယ်လို့ ဆိုပါတယ်။ (ကီလို ၆၀ ဆိုတာ ၁ နာရီမှာ ၃၇ မိုင်လောက်အထိ ခရီးရောက်နိုင်တဲ့ မြန်နှုန်းတခုပါ။)

အဲဒီလိုလုပ်ရတဲ့ စစ်တပ်ရဲ့ အဓိကရည်ရွယ်ချက်ဟာ ရှေ့ဆုံးကနေ လမ်းပြလိုက်လာတဲ့ စစ်သုံးကားကို အလွယ်တကူ မြင်သိသွားမှာ စိုးရိမ်တာကြောင့်လို့ သိရပါတယ်။ အခုလို ချောဆွဲခံရတဲ့ဖြစ်စဥ်တွေ ပန်းတောင်းဒေသအတွင်းမှာ ခပ်စိပ်စိပ်ဖြစ်လာနေတော့ ကျေးလက်ဒေသတွေကနေ ပြည်မြို့အထိပြေးဆွဲနေတဲ့ ခရီးသွားယာဥ်အများစု ရပ်နားသွားပါတယ်။

ဒါကြောင့် ပန်းတောင်းမြို့နယ်အပါအဝင် သူနဲ့ဆက်စပ်နေတဲ့မြို့နယ်တွေမှာ ကုန်စည်ကူးသန်း ရောင်းဝယ်မှုတွေ ခက်ခဲပြီး ဒေသခံတွေဟာ ကုန်စျေးနှုန်းမြင့်တက်တဲ့ဒဏ်ကို ပိုမိုခံစားလာနေရပါတယ်။

ထပ်သိရတာကတော့ စစ်ကောင်စီတပ်ဟာ ပန်းတောင်းမြို့နယ်အတွင်းက ခံစစ်တွေကို ပံ့ပိုးဖို့ အရပ်သားယာဥ်တွေကို ချောဆွဲရမှာ နီတာ၊ စိမ်းတာ၊ ဝါတာ၊ ပြာတာတွေ ခွဲခြားမနေဘူး ဆိုတာပါပဲ။ သေချာတာက ပန်းတောင်းနယ်နဲ့ ထိစပ်ဒေသတွေမှာ စစ်အုပ်စုရဲ့လုပ်ရပ်ကို မနှစ်မြို့သူတွေ ငြိမ်နေကြရသလို အဘခေါ်ပြီး တပ်ကိုထောက်ခံနေသူတွေလည်း ကုပ်နေကြရတယ်ဆိုတာ ခရီးသွားရင်း သိခွင့်ရခဲ့ပါတယ်။

ဒီတော့မှ ခရီးစဥ်အတွင်း တော်သလင်းနေခြစ်ခြစ်တောက်တဲ့​အောက်မှာ ပန်းတောင်းနယ်ထဲ ခြေဆန့်ရင်း ‘ပူလိုက်တာ’လို့ ညည်းညူမိသမျှ ဒေသခံတွေရဲ့ ရင်ထဲကအပူကို သိနားလည်လာတဲ့အခါ ‘အော် ငါ့အပူက ဘာဟုတ်သေးလဲ’လို့ တွေးမိရက်သား ဖြစ်ရပါတော့တယ်။ ။

ဆက်စပ်သတင်းများ

သတင်း

ပြည်မြို့အနီးတွင်ရစ်ခ်တာစကေး ၄ ဒဿမ၂ အဆင့်ရှိ မြေငလျင်တစ်ခုယနေ့နံနက်၆ နာရီခွဲခန့်၌လှုပ်ရှားခဲ့သည်။

သတင်း

ပစ်ခတ်မှုပြီးနောက် လူငယ် ၁၀ဦးထက်မနည်း စစ်တပ် ဖမ်းဆီး

သတင်း

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်မှညောင်ကျိုးစခန်းကိုအာရက္ခတပ်တော်(AA)ဦး​ဆောင်​သောပူး​ပေါင်းတပ်များကသိမ်းယူပြီးနောက် စစ်ကောင်စီတပ်က ပြည် နှင့် ဥသျှစ်ပင်မြို့ရောက် ရခိုင်စစ်ဘေးရှောင်များကိုဖမ်းဆီးနေကြောင်း သတင်းရရှိသည်။

သတင်း

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ အခိုင်အမာစခန်းဖြစ်သော ညောင်ကျိုးရွာစခန်းအား အာရက္ခတပ်တော်(AA)က ထပ်မံသိမ်းယူလိုက်ကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

Facebook