Scorpio/People’s Spring
စက်တင်ဘာ ၂၈ ရက်နေ့ မနက် ၁ နာရီလောက်ကတည်းက နတ်မောက်မြို့နယ်တနယ်လုံး မိုးတွေသည်းကြီးမည်းကြီး ရွာနေခဲ့တယ်။ နတ်မောက်နယ်ထဲက မယ်ဇလီပင်ကျေးရွာမှာလည်း မိုးနဲ့အတူ ရွာဘေးက ယင်းချောင်းရေကလည်း တဝေါဝေါနဲ့ ခပ်ကြမ်းကြမ်း စီးဆင်းနေခဲ့တယ်။
မယ်ဇလီပင်ကျေးရွာအပါအဝင် ယင်းချောင်းဘေးက ရွာတွေမှာက အညာရွာတွေမို့ သက်တမ်းရင့် တမာပင်တွေ၊ သရက်ပင်တွေရှိတယ်။ စိမ်းစိမ်းစိုတဲ့ ယာခင်းတွေရှိတယ်။ ငှက်ပျော၊ သင်္ဘောစတဲ့ သစ်သီးသစ်နှံပင်တွေလည်း ရှိတယ်။ မိုးရေတွေကြားထဲမှာ အပင်တွေဟာ ယိမ်းထိုးနေခဲ့တယ်။
ချောင်းနဲ့ခပ်လှမ်းလှမ်းမှာတော့အိမ်အသစ်လေးတစ်လုံးလည်းရှိနေတယ်။အိမ်သစ်ကလေးဟာ စက်တင်ဘာ ၂၉ ရက်နေ့၊ ဥပုသ်နေ့မနက်မှာ အိမ်သစ်တက်ပွဲ လုပ်ဖို့ ပြင်ဆင်ထားတာပါ။ အိမ်သစ်လေးပေါ်မှာတော့ မိဘနှစ်ပါးရယ်၊သားသမီး ၃ ယောက်ရယ်၊ သားမက်ရယ်၊ နောက်ပြီး မြေးငယ်လေးရယ် အတူတူ ရှိနေခဲ့ကြတယ်။

Public Service Announcement
သားသမီးတွေ မြေးတွေက မိဘတွေနဲ့အတူနေကြတာမဟုတ်ပါဘူး။ ရန်ကုန်ကနေ ညနေကမှ ရွာကို ရောက်လာကြတာပါ။မိဘအိမ်တက်အတွက် သားတွေ သမီးတွေနဲ့ မြေးလေးတွေဟာ ပျော်ပျော်ပါးပါး ရောက်လာကြတာပါ။ မဆုံတာကြာလို့ ညဦးပိုင်းမှာ မိသားစုတတွေ စကားတွေကောင်းခဲ့ကြပြီး ညဥ့်နက်လာတော့မှ အိပ်စက်ခဲ့ကြတယ်။
တစ်နာရီလောက်မှာ ရွာတဲ့မိုးဟာသည်းသထက်သည်းလာခဲ့တယ်။သည်းသည်းမည်းမည်း ရွာနေတဲ့မိုးကြောင့် ယင်းချောင်းရေဟာ အဆမတန် မြင့်တက်လာပြီး ရေပြင်ဟာလည်း ကျယ်လာခဲ့ပါပြီ။ အဲဒီအချိန်မှာပဲ တဝေါဝေါစီးဆင်းလာတဲ့ရေတွေဟာဝုန်းခနဲစီးဆင်းလာခဲ့တယ်။ရေစီးအားပြင်းထန်လွန်းလို့ ချောင်းဘေးက သက်တမ်းရင့်အပင်ကြီးတွေပါ မျောပါသွားတယ်။ ချောင်းဘေးရွာတွေက ရေတွင်းတွေမော်တာတွေလည်းရေထဲမျောပါသွားတယ်။
အဲဒီနောက် ရေလုံးကြီးတွေဟာ မယ်ဇလီပင်ကျေးရွာက အိမ်သစ်ကလေးကိုပါ ဝုန်းခနဲတိုက်ချသွားတော့တယ်။ မိသားစုထဲက ဖခင်ဖြစ်တဲ့သူ ဦးတင်ရွှေကတော့ သစ်ပင်တစ်ပင်ကို ဖမ်းဆုတ်လိုက်နိုင်လို့ အသက်ရှင်ခဲ့ပေမဲ့ ကျန်တဲ့မိသားစုဝင် ၆ ဦးလုံး ရေထဲမျောပါသွားခဲ့ရတယ်။ဆိတ်ကောင်ရေ ၄၀ လောက်လည်း ရေထဲမျောပါသွားတယ်။
ကလေးငယ် အပါအဝင် မိသားစု ၄ဦးတို့ရဲ့ ရုပ်အလောင်းတွေကိုတော့ နောက်တနေ့ ညနေမှာပဲ ပြန်ရှာတွေ့ခဲ့ရတယ်။ ကျန်မိသားစုဝင် ၂ ဦး ရုပ်အလောင်းတွေကတော့ ရှာမတွေ့ခဲ့ဘူး။
“ ရန်ကုန်ကနေခဏပြန်တာ။တစ်ရက်တောင်မပြည့်သေးဘူးရောက်တာ။ဖုန်ဆက်ပြောလာလို့ မယုံနိုင်ဘူး။” လို့ သေဆုံးသားမက်ဖြစ်သူရဲ့ ဆွေမျိုးတဦးက ပြောပါတယ်။
ဒေသခံတွေကတော့မယ်ဇလီပင်ကျေးရွာနဲ့ တစ်မိုင်လောက်ပဲဝေးတဲ့ အောင်ပန်းကျွန်းဆည် ကျိုးရာကနေ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့တာဖြစ်ကြောင်း ပြောဆိုကြပါတယ်။
တကယ်တော့ အဲဒီအိမ်လေးဟာတမိသားစုလုံး လေးငါးခြောက်နှစ် ခြစ်ခြစ်ကုတ်ကုတ် ရှာဖွေစုဆောင်းပြီးမှ ဆောက်နိုင်ခဲ့တဲ့ အိမ်ကလေးပါ။ ဥပုသ်နေ့မှာ ဘုန်းကြီးတွေပင့်၊ ရွာဆွေရွာမျိုးတွေဖိတ်ပြီး အိမ်တက်မင်္ဂလာလုပ်ဖို့ မိသားစုစုံညီ ရောက်လာခဲ့ကြတာပါ။
“ အမေဖြစ်သူက ရွာအိမ်လေးအိမ်တက် တရားနာ လုပ်ဖို့ရန်ကုန်ကမိသားစုဝင်တွေ သားသမီးမြေး တို့ကို ပြန် ခေါ်ထားတဲ့အချိန် ခုလို အဖြစ်ဆိုးနဲ့တည့်တည့်တိုးရတာပါပဲ။ရွာအိမ်ကို မနက်ခရီးရောက် ရောက်တဲ့ ညမှာပဲ အဲ့လို ဖြစ်သွားတာ” လို့ ဒေသခံတဦးက ပြောပါတယ်။
ထပ်မံရရှိတဲ့သတင်းတွေအရ ရန်ကုန်ကလာတဲ့ သမီးတယောက်ဟာ ကိုယ်ဝန် ၅ လနဲ့ ရေထဲမျောပါသွားခဲ့တာလို့ သွားရောက်ကူညီသူတွေက ပြောပါတယ်။ ဒါကြောင့် ဗိုက်ထဲက ရင်သွေးငယ်လေးပါထည့်တွက်ရင် သေဆုံးသူ ၇ ဦးရှိခဲ့တယ်လို့ ဆိုရမှာပါ။
နတ်မောက်မြို့နယ်ထဲကကျွဲမင်းရွာမှာလည်း အမျိုးသမီးကြီးတဦး အိမ်နဲ့အတူ ပါသွားခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။ “ အဲဒီ အဒေါ်ကြီးက သူ့အိမ်နဲ့ ချောင်းက လှမ်းမြင်ယုံမို့ ဝေးတယ်လွတ်တယ်ထင်ပြီးဆင်းမပြေးဘဲနေတာ။ရေလမ်းကြောင်းပြောင်းပြီး လာတာမို့ အိမ်နဲ့အတူ သူပါပါသွားတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
နတ်မောက်ယင်းချောင်းဘေးက ကျေးရွာတွေတင်မကဘဲ နတ်မောက်မြို့ပေါ်က မြို့ပေါ် ၅ ရပ်ကွက်လောက်လည်း ရေကြီးရေလျှံခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ နတ်မောက်နယ်က အသက် (၆၀)ကျော် (၇၀)တွေက “ တသက်နဲ့တကိုယ် မတွေ့ဘူးပါ” လို့ ပြောကြတယ်။
နဂိုကမှ သဘာဝဘေးဒဏ်ကိုနှစ်စဥ်လှိမ့်နေအောင် ခံနေကြရတဲ့ မြန်မာနိုင်ငံက ပြည်သူတွေဟာ အာဏာသိမ်းကာလအတွင်းမှာတော့ ပိုမိုဆိုးရွားတဲ့ ဘေးဒဏ်ပေါင်းစုံကို ခံနေကြရပါတယ်။
မယ်ဇလီပင်ကျေးရွာမှာတော့ ရေတွေပြန်ကျသွားခဲ့ပါပြီ။ သစ်ပင်တွေလည်းလဲပြို၊ ယာခင်းတွေလည်း သဲတွေဖုံးလွှမ်းနေခဲ့တယ်။ ယောချောင်းကတော့ တနေ့ကသူမဟုတ်သလိုပဲ အေးအေးသက်သာ စီးဆင်းနေခဲ့တယ်။
မိသားစုဝင် ၇ ဦး ဆုံးပါးခဲ့ရတဲ့အိမ်သစ်ကလေးကတော့ အိမ်တိုင်လေးနဲ့ လှေကားအုတ်ခုံလေးကလွဲလို့ ဘာမှမကျန်ခဲ့တော့ဘူး။ အိမ်ကလေးကိုကော မိသားစုဝင်တွေကိုပါ သဘာဝဘေးက ဆွဲခေါ်သွားခဲ့ပါတယ်။
“ ခုတော့ ရက်လည်ဆွမ်းသွပ်လုပ်ဖို့တောင် ဘာမှမကျန်တော့တဲ့ အခြေအနေပါ” လို့ ဒေသခံက ပြောလိုက်ပါတယ်။
