Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ယူကရိန်း-တရုတ် ခေါင်းဆောင်တွေ ဖုန်းဆက် ဆွေးနွေးမှုကို အမေရိကန် ကြိုဆို

အိမ်ဖြူတော်မှာရှိတဲ့ အမေရိကန် အစိုးရ အမျိုးသား လုံခြုံရေးဆိုင်ရာ ပြောရေးဆိုခွင့်ရ အရာရှိ ဂျွန်ကာဘီကတော့ ဒီကိစ္စဟာ ယူကရိန်း ပဋိပက္ခနဲ့ ပတ်သက်ပြီး ကြားဝင်ဖြေရှင်းဖို့ တရုတ်က ထင်သာမြင်သာ ကြားဝင်လာတာလို့ ယူဆပြီး ကြိုဆို အားပေးကြောင်း ပြောပါတယ်။

ယူကရိန်း-တရုတ် ခေါင်းဆောင်တွေ ဖုန်းဆက် ဆွေးနွေးမှုကို အမေရိကန် ကြိုဆို
ယူကရိန်း-တရုတ် ခေါင်းဆောင်တွေ ဖုန်းဆက် ဆွေးနွေးမှုကို အမေရိကန် ကြိုဆို

တရုတ်နဲ့ ယူကရိန်း သမ္မတတွေ ဖုန်းဆက် ဆွေးနွေးခဲ့တဲ့ အခြေအနေကို ကြိုဆို ထောက်ခံကြောင်း အမေရိကန် အစိုးရက ပြောကြားခဲ့ပါတယ်။

ရုရှား-ယူကရိန်း စစ်ပွဲကာလ တလျှောက်လုံးမှာ ပထမဆုံး အကြိမ်အဖြစ် ဧပြီ ၂၆ ရက်က တရုတ် သမ္မတ ရှီကျင့်ဖျင်နဲ့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးတို့ ဖုန်းဆက်ပြီး လက်ရှိ ဖြစ်ပွားနေတဲ့ ပဋိပက္ခနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ပါတယ်။

ယူကရိန်းဖက်က စတင် ဖုန်းဆက်ခဲ့တဲ့ ဆွေးနွေးမှုမှာ တရုတ် သမ္မတက စစ်ပွဲရပ်ဆိုင်းရေးကိစ္စ ကူညီ ဆွေးနွေးဖို့ ယူကရိန်းဆီ ကိုယ်စားလှယ် အဖွဲ့တစ်ခု စေလွှတ်သွားမယ်လို့ ဇီလန်စကီးကို ကတိပြုခဲ့ပါတယ်။

တရုတ်ဟာ စစ်ပွဲနဲ့ ပတ်သက်ရင် ဘယ်ဖက်ကမှ ရပ်တည်မှာ မဟုတ်သလို ပဋိပက္ခတွေ ပိုဆိုးလာအောင် အရှိန်မြှင့်ပေးပြီး ကြားဝင် အမြတ်ထုတ်မှာ မဟုတ်ဘူးလို့လည်း ရှီက ပြောခဲ့ကြောင်း တရုတ် အစိုးရ မီဒီယာတွေက ဖော်ပြပါတယ်။

ဇီလန်စကီးကလည်း သူဟာ ရှီနဲ့ ဖုန်းပြောချိန်မှာ ရှည်လျားပေမယ့် အဓိပ္ပါယ် လေးနက်တဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်ခွင့် ရခဲ့တယ်လို့ ပြောကြားသွားပါတယ်။

အိမ်ဖြူတော်မှာရှိတဲ့ အမေရိကန် အစိုးရ အမျိုးသား လုံခြုံရေးဆိုင်ရာ ပြောရေးဆိုခွင့်ရ အရာရှိ ဂျွန်ကာဘီကတော့ ဒီကိစ္စဟာ ယူကရိန်း ပဋိပက္ခနဲ့ ပတ်သက်ပြီး ကြားဝင်ဖြေရှင်းဖို့ တရုတ်က ထင်သာမြင်သာ ကြားဝင်လာတာလို့ ယူဆပြီး ကြိုဆို အားပေးကြောင်း ပြောပါတယ်။

တရုတ်ရဲ့ လုပ်ဆောင်မှုဟာ အဓိပ္ပါယ် ပြည့်ဝတဲ့ ငြိမ်းချမ်းရေး လှုပ်ရှားမှုတွေ၊ အစီအမံတွေ၊ အဆိုပြုချက်တွေနဲ့ ပတ်သက်လို့ ဘယ်လမ်းကြောင်းဆီ ဦးတည်မလဲ ဆိုတာကို စောင့်ကြည့်ရမှာဖြစ်ကြောင်း၊ လောလောဆယ်မှာတော့ အဲဒီကိစ္စတွေကို ဘယ်လိုမှ မှန်းဆလို့ မရသေးကြောင်း ကာဘီက ဆိုပါတယ်။

သူက ယူကရိန်းနဲ့ တရုတ် ခေါင်းဆောင်တွေ ဖုန်းဆက် ဆွေးနွေးမယ့် အကြောင်းကို အမေရိကန်က ကြိုတင် မသိခဲ့ကြောင်းနဲ့ သိဖို့လည်း အရေးတကြီး မလိုအပ်ကြောင်း ထပ်လောင်း ပြောကြားသွားပါတယ်။