Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တနင်္သာရီတိုင်းတွင် တစ်ပတ်အတွင်း သုံးရက်ဆက် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုများ

ထိတွေ့တိုက်ပွဲများအနက် မြိတ်ခရိုင်တွင် ဧပြီ ၇ ရက်က တစ်ကြိမ်၊ ဧပြီ ၈ ရက်တွင် တစ်ကြိမ်နှင့် ဧပြီ ၁၀ရက်တွင်တစ်ကြိမ် အသီးသီးထိတွေ့မှုရှိခဲ့ပြီး ထားဝယ်ခရိုင်အတွင်း ဧပြီ ၉ ရက်တစ်ရက်တည်း စစ်ရေးပစ်မှတ်သုံးနေရာကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

(စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်သူများအား သတ်ဖြတ်နေသော အကြမ်းဖက် တပ်မ(၇၇)မှ တပ်သားများအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်သူများအား သတ်ဖြတ်နေသော အကြမ်းဖက် တပ်မ(၇၇)မှ တပ်သားများအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

တနင်္သာရီတိုင်း မြိတ်ခရိုင်နှင့် ထားဝယ်ခရိုင်တို့တွင် ဧပြီဒုတိယပတ်မှစပြီး တိုက်ပွဲများဖြစ်ပွားရာ စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုများကြောင်း သက်ဆိုင်ရာ ခရိုင် PDFတပ်ရင်းများမှ တာဝန်ရှိသူများက People’s Spring သတင်းဌာနသို့ ပြောသည်။

ထိတွေ့တိုက်ပွဲများအနက် မြိတ်ခရိုင်တွင် ဧပြီ ၇ ရက်က တစ်ကြိမ်၊ ဧပြီ ၈ ရက်တွင် တစ်ကြိမ်နှင့် ဧပြီ ၁၀ရက်တွင်တစ်ကြိမ် အသီးသီးထိတွေ့မှုရှိခဲ့ပြီး ထားဝယ်ခရိုင်အတွင်း ဧပြီ ၉ ရက်တစ်ရက်တည်း စစ်ရေးပစ်မှတ်သုံးနေရာကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

မြိတ်ခရိုင်

မြိတ်ခရိုင်အတွင်း တိုက်ပွဲများတွင် ဧပြီ ၇ရက်ကစတင်ဖြစ်ပွားခဲ့ရာ ပုလောနယ်သို့စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို မင်းထိန်နှင့် ပေါက်ကုန်းကြားတွင် မိုင်းဆွဲတိုက်ခိုက်မှု လေးကြိမ်လုပ်ဆောင်ခဲ့ကြောင်း မြိတ်ခရိုင် PDF (၁)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါစစ်ကြောင်းသည် မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ညနေ ၅ နာရီခန့်တွင် ပေါက်ကုန်းရွာအတွင်းသို့ ဝင်ရောက်လာရာ အဆိုပါကျေးရွာအတွင်း အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ အများအပြားသေ ဆုံးသည်ဟု ဆိုသည်။

“အဲဒီ ၇ ရက်နေ့တိုက်ပွဲမှာ သူတို့ဘက်က မီးသဂြိုလ်တာ ၄၉ ဦးရှိတယ်။ ထိခိုက်ဒဏ်ရာရသူက ၁၄ဦး။ ဒါက ကျွန်တော်တို့ မျက်မြင်အတည်ပြုနိုက်ခဲ့တာ။ အဲဒီ ၁၄ဦးထဲက နောက်တိုးရှိသေးတယ်”ဟု မြိတ်ခရိုင် PDF တပ်ရင်း (၁)မှ တာဝန်ရှိသူက People’s Springသို့ ပြောသည်။

အလားတူ ဧပြီ ၈ ရက် နံနက် ၁၀နာရီခန့်တွင် ကားလမကြီးဘေး ပေါက်ကုန်းဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တပ်ရင်း (၁)မှ ရဲဘော်များက သွားရောက်တိုက်ခိုက်ခဲ့ရာ ညနေ ၄ နာရီခန့်အထိ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟုဆိုသည်။

အဆိုပါ တိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ သုံးဦးသေဆုံးသည်ကို မျက်မြင်အတည်ပြုနိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူခြောက်ဦးထက်မနည်းဏှိခဲ့ကြောင်း တပ်ရင်း (၁)မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

ယင်းနောက် ဧပြီ ၁၀ ရက်တွင်လည်း ပေါက်ကုန်းရွာအနီး တပ်စခန်းကုန်းဟောင်းသို့ ပြန်ရောက် လာသော စစ်ကောင်စီတပ်ကို တော်လှန်ရေးရဲဘော်များက တိုက်မိုင်း၊ ဆွဲမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ ငါးဦးခန့်သေဆုံးကာ ထိခိုက်ဒဏ်ရာရသူများလည်း ရှိခဲ့သည်ဟု အထက်ပါတာဝန်ရှိသူက ဆက်ပြောသည်။

ထားဝယ်ခရိုင်

ထားဝယ်ခရိုင်အတွင်း တိုက်ပွဲများအနက် ဧပြီ ၉ ရက်တစ်ရက်တည်းတွင် သရက်ချောင်းမြို့နယ် တွင် တစ်ကြိမ်၊ ထားဝယ်မြို့နယ်တွင် နှစ်ကြိမ်ဖြင့် စစ်ရေးတိုက်ခိုက်မှု သုံးကြိမ်ရှိခဲ့သည်။

သရက်ချောင်းမြို့နယ်တိုက်ပွဲမှာ စော်ဖျားရွာအနီးရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့များက ဧပြီ ၉ ရက်နံနက် ၆ နာရီတွင် တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နံနက် ၁၁နာရီခန့်အထိ နှစ်ဖက် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သရက်ချောင်းမြို့နယ် (ပ.က.ဖ)မှ ပြောသည်။

အဆိုပါ တိုက်ခိုက်မှုတွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်ခဲ့ခြင်းဖြစ်သော် လည်း ထိခိုက်သေဆုံးမှုအခြေအနေအား မြေပြင်အ ခြေအနေများအရ မသိရသေးပေ။

အလားတူ ထားဝယ်မြို့နယ်တွင်း တိုက်ပွဲများတွင် ထား ဝယ်-ရေးကားလမ်းပေါ် မောင်မယ်ရှောင်ရွာအနီးရှိ ဘုရားမဲစစ်ဆေးရေးဂိတ်ကို ဧပြီ ၉ ရက်နံနက် ၉ နာရီမှ ၁၁ နာရီခန့်အထိ တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

တိုက်ခိုက်မှုအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုအခြေအနေအား မသိရသေးဘဲ စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံပြည်သူများ ဘေးလွတ်ရာရှောင်တိမ်းရမှုများရှိခဲ့သည်ဟုဆိုသည်။

ထို့အပြင် ထားဝယ်မြို့နယ်ရှိ ပကာရီရဲစခန်းကို ယင်းနေ့(ဧပြီ ၉)နံနက်ပိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ခုနစ်ဦးထက်မနည်းသေဆုံးနိုင်ပြီး ထိခိုက်ဒဏ်ရာရသူများလည်းရှိကြောင်း သံမဏိပြောက်ကျားတပ်ဖွဲ့က ပြောကြားထားသည်။

လက်ရှိအခြေအနေတွင် စစ်ကောင်စီတပ်မှ မြိတ် ခရိုင်နှင့် ထားဝယ်ခရိုင်တို့တွင် ပြည်သူများအား မတရားဖမ်းဆီးမှုများရှိနေပြီး ငွေဖြင့်ပြန်လည် ရွေးယူခိုင်းခြင်း၊ တပ်အင် အားတို့ချဲ့ခြင်းများရှိရာ တိုက်ပွဲများအချိန်မရွေးဖြစ်လာနိုင်သောကြောင့် သတိထားသွားလာကြရန် တော်လှန်ရေးတပ်ဖွဲ့များက အသိပေးထားသည်။