Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မကောင်းမှု မှန်သမျှ လုပ်နေသည့် မင်းအောင်လှိုင်လက်အောက်တွင် စစ်ခွေးအခေါ်မခံဘဲ ပြည်သူ့ဘက် ပူးပေါင်းကြရန် ချင်းတပ် CNDF တပ်မှူး တိုက်တွန်း

CNDF တပ်မှူး ဒီဒီ သည် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄ဦးသေဆုံးပြီး ၁၁ဦး အရှင်ဖမ်းမိခဲသည့် ဖလမ်းမြို့နယ် ဗားရ်စခန်းသိမ်းတိုက်ပွဲတွင် ပါဝင်ဆောင်ရွက်ခဲ့သူတစ်ဦးဖြစ်ပြီး ၎င်းကိုယ်တိုင် CDM တစ်ဦးဖြစ်သည်ဟုဆိုသည်။

မကောင်းမှု မှန်သမျှ လုပ်နေသည့် မင်းအောင်လှိုင်လက်အောက်တွင် စစ်ခွေးအခေါ်မခံဘဲ ပြည်သူ့ဘက် ပူးပေါင်းကြရန် ချင်းတပ် CNDF တပ်မှူး တိုက်တွန်း
မကောင်းမှု မှန်သမျှ လုပ်နေသည့် မင်းအောင်လှိုင်လက်အောက်တွင် စစ်ခွေးအခေါ်မခံဘဲ ပြည်သူ့ဘက် ပူးပေါင်းကြရန် ချင်းတပ် CNDF တပ်မှူး တိုက်တွန်း

“အမိန့်ဆိုတာ နာခံရတာ မှန်တယ်။ သို့သော် မတရားသော အမိန့်ပေးနေတာ ။ မတရားတဲ့ မမှန်ကန်တဲ့အလုပ်ကို ခိုင်းနေတဲ့အမိန့်ကို နာခံစရာ အကြောင်းမရှိဘူး”

မကောင်းမှုမှန်သမျှ ၊ မတရားမှု မှန်သမျှ အကုန်လုပ်ဆောင်နေသည့် မင်းအောင်လှိုင် ဦးဆောင်သည့် စစ်ကောင်စီ လက်အောက်တွင် မနေတော့ဘဲ ပြည်သူ့ဘက် ပူးပေါင်းကြရန် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF) Project Team Leader မဟာဗျူဟာမှူး ဒီဒီက စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို တိုက်တွန်းလိုက်သည်။

CNDF တပ်မှူး ဒီဒီ သည် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄ဦးသေဆုံးပြီး ၁၁ဦး အရှင်ဖမ်းမိခဲသည့် ဖလမ်းမြို့နယ် ဗားရ်စခန်းသိမ်းတိုက်ပွဲတွင် ပါဝင်ဆောင်ရွက်ခဲ့သူတစ်ဦးဖြစ်ပြီး ၎င်းကိုယ်တိုင် CDM တစ်ဦးဖြစ်သည်ဟုဆိုသည်။

“မကောင်းမှု မှန်သမျှ အကုန်လုပ်တဲ့ မင်းအောင်လှိုင်ရဲ့အောက်မှာ ကျနော်က တာဝန်မထမ်းဆောင်နိုင်လို့ CDM လုပ်ခဲ့တယ်။ ထိုနည်းတူပဲ မင်းအောင်လှိုင်လက်အောက်မှာ မလုပ်ချင်ဘူးဆိုရင် ထွက်ခဲ့ပါ။ကျနော်တို့ ကြိုဆိုတယ်။ ထွက်လာလို့ ဘာမှ နောင်တရစရာ အကြောင်းမရှိဘူး” ဟု တပ်မှူး ဒီဒီက ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်များသည် မတရားမှုကို တော်လှန်နေကြခြင်းဖြစ်ကြောင်း ၎င်း ကဆိုသည်။

“မတရားမှု အောက်မှာ မနေနဲ့။ အမိန့်ဆိုတာ နာခံရတာ မှန်တယ်။ သို့သော် မတရားသော အမိန့်ပေးနေတာ ။ မတရားတဲ့ မမှန်ကန်တဲ့အလုပ်ကို ခိုင်းနေတဲ့အမိန့်ကို နာခံစရာ အကြောင်းမရှိဘူး။ မင်းအောင်လှိုင်အောက်မှာ စစ်ခွေးလို့ အခေါ်မခံနေနဲ့။ နိုင်ငံတကာမှာလည်း စပ်တပ်ရှိတယ်။ စစ်သားတိုင်းစစ်ခွေးအခေါ်မခံရဘူး။ မင်းအောင်လှိုင် လက်ပါးစေတွေပဲ စစ်ခွေးအခေါ်ခံရတာ” ဟု CNDF တပ်မှူးက ပြောသည်။

ခွေးများသည်ပင်လျင် အစာကျွေးသူကို ပြန်ကိုက်လေ့မရှိကြောင်း ၎င်းက ဆိုသည်။

“မင်းအောင်လှိုင်က ခင်ဗျားတို့ကို အစာကျွေးတာမဟုတ်ဘူး။ ပြည်သူဆီက ကျွေးတာ။ နိုင်ငံတော်ကနေ ကျွေးတာ။ နိုင်ငံတော်ဆိုတာ ပြည်သူပြည်သားအပေါင်းတွေကို ကိုယ်စားပြုတာ။ မင်းအောင်လှိုင်ကျွေးတယ်လို့ ထင်နေရင်တော့ခင်ဗျားတို့ မှားလိမ့်မယ်။ စစ်ခွေးအ တွေ ဖြစ် နေမယ်။ အဲဒီတော့ ကျနော်တို့နဲ့ ပူးပေါင်းပေးပါ။ ကြိုဆိုပါတယ်။ အသိအမြင် အမှန်တရားကို မြင်ပြီးတော့ တကယ့်ပြည်သူ့ကာကွယ်ရေးတပ်မတော်ထဲမှာ လာပြီးတော့ တာဝန်ထမ်းဆောင်ပေးပါ ပူးပေါင်းပေးပါ” ဟု CNDF တပ်မှူးက ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်များကို ပြည်သူက ထောက်ပံ့ကြပြီး စစ်ကောင်စီတပ်များလာပါက ပြည်သူများထွက်ပြေးနေကြရကြောင်းလည်း ၎င်းက ပြောသည်။

“သိပေါ့ ဘယ်သူက ပြည်သူချစ်လဲဆိုတာ။ ခင်ဗျားတို့ သိမြင်အောင်လို့ ဒီနေရာကနေ ချပြတာ”ဟု CNDF တပ်မှူးက ပြောသည်။

ပြည်သူများအနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်များကို မေတ္တာဖြင့် ပံ့ပိုးလျက်ရှိသည်ဟု ဆိုသည်။

“မေတ္တာရဲ့နောက်မှာ ငွေကြေးတက်နိုင်သည် ရှိသော်၊ အစားအစာတက်နိုင်သည်ရှိသော် တညတာ ခိုနားခွင့် အကူအညီလား၊ အဲဒါမဟုတ်ရင် တော်လှန်ရေးမှာ တိုက်နိုင်ဖို့ နုတ်ခမ်းနီ(ကျည်ဆံ)ဖိုး လက်နက်ခဲယမ်းဖိုး ကိုယ်တက်နိုင်တဲ့ဘက်က ပြည်သူတွေလည်း ပူးပေါင်းပါဝင်ပေးပါ” ဟု တပ်မှူး ဒီဒီက တိုက်တွန်းသည်။

တပ်မှူး ဒီဒီက ဗားရ်စခန်းသိမ်းတိုက်ပွဲ မဆင်နွှဲမီ ကြိုတင်ပြင်ဆင်ခဲ့မှု အခြေအနေများကိုလည်း ရှင်းပြသည်။ စခန်းသိမ်းတိုက်ပွဲ မတိုက်ခိုက်မီ မည်သည့်ဗျူဟာဖြင့် တိုက်ခိုက်ရမည် ရန်သူ့စခန်းကို မည်သို့ချဉ်းကပ်ရမည် မည်သို့ တိုက်ခိုက်ရမည်ဆိုသည်တို့ကို သင်ကြားပေးခဲ့ကြောင်း၊ စစ်သုံ့ပန်းများကို မည်သို့ ခေါ်ဆောင်မည့် မည်သို့ ကျင့်သုံးမည်ဆိုသည်ကို လေ့ကျင့် သင်ကြားပေးခဲ့သည်ဟုဆိုသည်။

“စစ်ပွဲအတွင်းမှာ သေတဲ့သူလည်းရှိမယ်။ ဖမ်းမိတဲ့သူလည်းရှိမယ်။ အဲဒီအတွက်ကြောင့် သေတဲ့သူက သေပလေ့စေ။ သူသေကိုယ်သေ တိုက်ခိုက်တဲ့အချိန်မှာ သေပလေ့စေ။ တကယ်လို့ မသေဘဲ ကျန်ရစ်တဲ့သူဆိုရင် စစ်သုံ့ပမ်းတွေဆိုရင် ကျနော်တို့က စစ်သုံ့ပမ်းကို လူသားချင်းစာနာမှုထားရမယ်။ စစ်ကောင်စီက လူသားချင်းစာနာမှု လုံး၀မရှိတဲ့လုပ်ရပ်မျိုးကို ကျနော်တို့ တော်လှန်ရေး အဖွဲ့တွေက လုပ်လို့မရဘူး။ ဒီလိုမျိုး လူသားချင်းစာနာထောက်ထားမှုမရှိဘူး သတ်ချင်သလိုသတ် အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်၊မုဒိမ်း ကအစ၊ သက်ငယ်သက်ကြီး ဟိုးအဆုံးထိ မတရားမှု ပေါင်းစုံလုပ်တဲ့ ဒီစစ်တပ်ရဲ့ သတ်ဖြတ်လုယက်မှုတွေကို မကြိုက်လို့ ကျနော်တို့က တော်လှန်တာ ဖြစ်တဲ့အတွက် စစ်ပွဲအတွင်း သေတဲ့သူက သေပစေ၊ ရှင်တဲ့သူတော့ ဖမ်းမယ်။ စစ်သုံ့ပမ်းအနေနဲ့ထားမယ်” ဟု တပ်မှူး ဒီဒီက ပြောသည်။

စစ်ကောင်စီဘက်က မည်မျှ မေတ္တာခေါင်းပါးသည်ဖြစ်စေ မေတ္တာပြန်ပြရမည်ဖြစ်ကြောင်း ၊ မည်သူ မေတ္တာ ပျက်ပျက် မပျက်ပျက် လူသားချင်းစာနာထောက်ထားမှုနှင့် ဖမ်းမိသည့် ရန်သူကို မသတ်ရန် သင်ကြားပေးခဲ့သည်ဟုဆိုသည်။

“အရှင်ဖမ်းမိတဲ့သူတွေကို ဖမ်းမယ်။ ပြီးတော့ နိုင်ငံရေးရဲ့ လုပ်ရိုးလုပ်စဉ်တွေအတိုင်း စစ်သုံ့ပမ်းကို ထားမယ်။ ကျနော်တို့ လူသတ်တာကို မကြိုက်လို့ တော်လှန်တာပဲ ။ သတ်စရာမလိုဘူး။ ဒေါသကိုထိန်း။ တရားမျှတမှုကို လိုချင်တယ်ဆိုရင် တရားမျှမျှတတ လုပ်ဆောင်ရမယ် ဆိုတဲ့ အချက်တွေပါ ကျနော်တို့ ရဲဘော်တွေကို ပြောပြတယ်။” ဟု တပ်မှူးဒီဒီက ပြောသည်။

အားလုံး ပူးပေါင်းဆောင်ရွက်ခဲ့၍ ဗားရ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင့် ၊ ရန်သူကိုလည်း ပြည်သူဘက်၊ တရားမျှတမှုဘက်ကို မြင်နိုင်အောင် လမ်းပြပို့ဆောင်ပေးရန် ဘုရားထံ ဆုတောင်းခဲ့ကြောင်း၊ အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် ပြည်သူတစ်ဦး ကျဆုံးခဲ့သည့်အပေါ် စိတ်မကောင်းဖြစ်ရကြောင်း CNDF တပ်မှူး ဒီဒီက ပြောသည်။