ယောနသံ/People’s Spring
တပ်ချုပ်ရာထူးကို နေပြည်တော် ဇေယျာသီရိဗိမ္မာန်မှာ အခမ်းအနားနဲ့အတူလက်ခံရယူစဉ်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့မူဝါဒနဲ့ လမ်းစဥ်တွေအတိုင်း စစ်တပ်ကိုဆက်လက်ဦးဆောင်မယ်လို့ ဗိုလ်ချုပ်ကြီးရဲဝင်းဦးက ကတိခံခဲ့ပါတယ်။
အဲဒီကတိသစ္စာကိုလိုက်နာကြောင်းနတ်ရေကန်ဗျုဟာခုခံတိုက်ပွဲမှာပဲ သူ့ဆရာမင်းအောင်လှိုင်လိုပဲ မြေပြင်အခြေအနေကို သွေဖယ်လိမ်လည်ဝါဒဖြန့်ခြင်းနဲ့ သက်သေပြလိုက်ပါတယ်။
နတ်ရေကန်ဗျုဟာမကျအောင် စစ်မှုထမ်းသင်တန်းဆင်းတွေ ထောင်ချီသုံးပြီးအသဲအသန် ခုခံနေရချိန်မှာ တိုက်ပွဲနိုင်နေပြီလို့ ဗိုလ်ချုပ်ကြီးရဲဝင်းဦးကဒဏ်ရာရစစ်သားတွေကို လိမ်လည်ပြီးဝါဒဖြန့်ခဲ့တာပါ။

Public Service Announcement
နတ်ရေကန်ဗျူဟာတိုက်ပွဲအပါအဝင် မကွေးတိုင်းထဲက တိုက်ပွဲတွေမှာဒဏ်ရာရတဲ့ စစ်သားတွေ မကွေးစစ်ဆေးရုံမှာ ကုသနေစဉ်တပ်ချုပ်သစ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးကဧပြီ ၂၂ ရက်နေ့မှာသွားရောက်ကြည့်ရှုခဲ့ပါတယ်။
ဒါဟာ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဆီကနေ တပ်ချုပ်ရာထူးရယူပြီးနောက်ပိုင်း ပထမဆုံးအချိန် တပ်တွင်းစည်းရုံးရေးခရီးစဉ်ဖြစ်သလို အဲဒီခရီးစဉ်မှာပဲ လိမ်လည်မှုတွေနဲ့ပဲ စတင်တာပါ။
“ ပြောတာတွေတော့အများကြီးပေါ့လေ။နတ်ရေကန်ဘက်က သတင်းကို ပြောတာတော့ ဟုတ်မနေဘူးလေ။ကျမယောင်္ကျားဆိုရင် တပ်မ (၈၈)ကနေ နတ်ရေကန်ကို သွားရတာ ရက်ပိုင်းအတွင်းကျတာပါ” လို့ နတ်ရေကန်ဗျူဟာတိုက်ပွဲမှာ သေဆုံးပြီး ရုပ်အလောင်းတောင်ပြန်မရခဲ့တဲ့ အရာခံဗိုလ်ရဲ့ မိန်းမကပြောပါတယ်။
ဒါအပြင် ရဲဝင်းဦးက မကွေးစစ်ဆေးရုံအပြင် နယ်မြေခံတပ်ဖြစ်တဲ့သီဟသူရကျင်စံခန်းမမှာ တပ်မိသားစုဝင်တွေနဲ့တွေ့ဆုံစဉ်မှာလည်း နတ်ရေကန်ဗျူဟာတိုက်ပွဲအပြင် မကွေးတိုင်းအတွင်း စစ်ရေးအောင်မြင်မှုတွေရရှိနေပြီလို့ ပြောသွားခဲ့ပါတယ်။
နတ်ရေကန်ဗျူဟာတိုက်ပွဲမှာ စစ်တပ်ကသေဆုံးသူအရေအတွက်ကို အတိအကျ မသိရပေမယ့် အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်ဆွေ ထုတ်ပြန်ချက်တွေအရ တိုက်ပွဲအတွင်းသေဆုံးသူ ရာဂဏန်းအကြီးပိုင်းရှိပြီး စစ်မှုထမ်းသင်တန်းဆင်းတွေအပါအဝင် အလင်းဝင်လာသူတွေထောင်ချီပြီးရှိပါတယ်။
“ ၃ရင်း ၁ဗျူဟာနဲ့ အင်အား ၅၀၀ သုံးပြီး၂ခါတက်လာဖူးတယ်။အဲဒီတိုက်ပွဲ တွေမှာလည်း ရာဂဏန်းသေခဲ့တာရှိတယ်။တောင်ကုန်းပေါ်ကတိုက်ပွဲမှာလည်းသေတာများတယ်။ဖြစ်သမျှအလီလီတိုက်ပွဲတွေမှာ သေဆုံးသူက ရာဂဏန်းကြီးရှိနိိုင်တယ်” လို့ AAနဲ့ ပူးပေါင်းပြီးတိုက်နေတဲ့ မဟာမိတ်ရဲဘော်တစ်ဦးကပြောပါတယ်။
မကွေးတိုင်း၊ ငဖဲမြို့နယ်က နတ်ရေကန်ဗျူဟာကုန်းဟာ ရခိုင်ပြည်နယ်၊ မကွေးတိုင်းနဲ့ ပဲခူးတိုင်းဆက်စပ်နေရာမှာရှိပြီးစစ်ရေးအရ အချက်အချာကျတဲ့ စစ်ကောင်စီရဲ့အမာခံစခန်းကြီးဖြစ်ပါတယ်။ရခိုင်ပြည်နယ်၊ အမ်းမြို့နဲ့ မကွေးတိုင်း၊ပဒါန်းမြို့ကို ဆက်သွယ်ထားတဲ့ အမ်း-ပဒါန်း လမ်းမပေါ်က ရခိုင်ရိုးမကို ကျော်ဖြတ်ရာမှာ အချက်အချာကျတဲ့ နေရာမှာ ရှိပါတယ်။
အာရက္ခတပ်တော်(AA)က၂၀၂၄ ခုနှစ်နှောင်းပိုင်းမှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိတဲ့အမ်းမြို့ကို သိမ်းပိုက်ပြီးနောက်ပိုင်း နတ်ရေကန်ဗျူဟာကိုပါ သိမ်းပိုက်နိုင်ရေးအတွက် စစ်ဆင်ရေးစတင်ခဲ့ပါတယ်။ တိုက်ပွဲတွေဟာ၂၀၂၅ ဖေဖော်ဝါရီလမှာ စတင်အပြင်းထန်ခဲ့ပါတယ်။ ဒီနေ့အထိ တိုက်ပွဲမပြီးပြတ်သေးပေမယ့် ဗျူဟာဘေးက အဓိကကာကင်းစခန်းတွေကို AAနဲ့ မဟာမိတ်တွေက သိမ်းယူထားနိုင်တဲ့အထိ စစ်ရေးအသာစီးရထားပါတယ်။
စစ်ကောင်စီကတော့တပ်တွင်းအသိုင်းအဝိုင်းမှာ အကြိမ်ကြိမ်လိမ်လည်ဝါဒဖြန့်ရင်းနဲ့ ဗျူဟာမကျရေး ကျားကန်နေရတာပါ။နတ်ရေကန်ဗျူဟာဂယက်ကြောင့် စစ်တပ်အသိုင်းအဝိုင်းအတွင်း မုန်တိုင်းထန်နေခဲ့ပုံကို လူသိရှင်ကြားဖြစ်ရပ်တွေရှိခဲ့ပါတယ်။
တိုက်ပွဲတွေစတင်ဖြစ်ပွားချိန်က ဒေသတွင်း စစ်ဆင်ရေးနဲ့ ခုခံစစ်တွေကို တပ်မ(၉၉)က တာဝန်ယူခဲ့တာပါ။ ထိုးစစ်စတင်တဲ့ ဖေဖော်ဝါရီလထဲမှာတင်တပ်မ (၉၉) လက်အောက်ခံ အမှတ် (၉၉၂) နည်းဗျူဟာအဖွဲ့ကယာယီနည်းဗျူဟာမှူး၊ ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်သက်နဲ့ ဗျူဟာရုံးအဖွဲ့ဝင် (၁၇) ဦးအပြင် စစ်သုံ့ပန်းအများအပြားကို AAက ဖမ်းဆီးခဲ့ပါတယ်။
တိုက်ပွဲတွေမှာအထိနာပြီးကာကင်းစခန်းတွေတစ်ခုပြီးတစ်ခု လက်လွှတ်ရတဲ့အတွက် စစ်ကောင်စီက တပ်မ(၉၉)တပ်မမှူး ဗိုလ်မှူးကြီးတင်မောင်ကျော်ကို မေလထဲမှာ ပြန်ဖမ်းပြီး ဟားခါးအခြေချ စစ်ဗျူဟာမှူးဗိုလ်မှူးကြီးစိုးဝင်းထွန်းကို တပ်မ(၉၉) တပ်မမှူးတာဝန်ပေးခဲ့ပါတယ်။ တပ်မ(၉၉) လက်အောက်ခံတပ်ရင်းတွေအပြင် ရှမ်းတောင်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ) ၁၇နဲ့ တပ်မ(၈၈) လက် အောက်ခံတပ်ရင်းတွေကို ထပ်မံပို့ဆောင်ခဲ့ပါတယ်။
စကခ(၁၇ )လက်အောက်ခံတပ်ရင်းတွေဟာ ၂၀၂၅ ခုနှစ်အတွင်းက နောင်ချိုတိုက်ပွဲအပါအဝင် ရှမ်းမြောက်စစ်ဆင်ရေးတွေမှာ အောင်မြင်လို့ဆိုပြီး AAကို တိုက်ခိုက်ဖို့ အမိန့်ပေးခံရတာပါ။ ဒါပေမယ့် AAနဲ့ ပူးပေါင်းတပ်တွေရဲ့ ဗျုဟာတွေထဲမှာ စကခ(၁၇)လည်း အရာရှိတွေပါ သေဆုံးခဲ့ပြီး အထိနာခဲ့ပါတယ်။
စစ်ကြောင်းတွေအကြိမ်ကြိမ်အထိနာချိန်မှာနတ်ရေကန်ဗျူဟာကို ခုခံဖို့ စစ်ကောင်စီက စစ်မှုထမ်းသင်တန်းဆင်းထောင်ချီပြီး ရှေ့တန်းကိုပို့ခဲ့ပါတယ်။ နတ်ရေကန်ဗျူဟာနဲ့ အမ်း-ပဒါန်း စစ်မြေပြင်မှာ စစ်မှုထမ်းသင်တန်းဆင်းတွေကို မူးယစ်ဆေးကျွေးပြီးစစ်တိုက်ခိုင်းတာတွေ၊ စစ်ကြောင်းရှေ့ဆုံးကနေ တိုက်ခိုင်းပြီး မိုင်းကွင်းကိုဖြတ်ခိုင်းတာတွေ၊ ကြောက်လန့်ပြီး ပြန်ဆုတ်လာသူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ပစ်သတ်တာတွေရှိခဲ့တယ်လို့ AAထံ အလင်းဝင်ခဲ့တဲ့ စစ်မှုထမ်းသင်တန်းဆင်းတွေက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ထွက်ပြေးသူတွေ ပြန်ဖမ်းမိရင်လည်း စစ်မြေပြင်တိုက်ပွဲကြားမှာ ကြိုးတုပ်ထားတာတွေ၊စစ်မတိုက်ချင်လို့ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာရအောင် ပြန်ပစ်သူတွေကိုလည်း ဆေးမကုဘဲ ချုပ်နှောင်ထားတာတွေရှိတယ်လို့ အဲဒီစစ်မှုထမ်းသင်တန်းဆင်းက ပြောခဲ့ပါတယ်။ စစ်သုံ့ပန်းဖြစ်သွားတဲ့ ဒုတိယဗိုလ်မှူးကြီးကျော်ကျော်သက်ကလည်း ၎င်းတို့ထံမှာ တပ်ရင်းတစ်ရင်းကို တပ်ဖွဲ့ဝင်ဆယ်ဂဏန်းခန့်သာရှိပြီး တိုက်လိုခိုက်လိုစိတ်နဲ့ ယုံကြည်မှုမရှိတော့ကြောင်း၊ AAတပ်ဖွဲ့ဝင်တွေက ရဲစွမ်းသတ္တိနဲ့ပြည့်စုံပြီး ယုံကြည်ချက်အတိုင်းတိုက်ပွဲဝင်နေကြတာတွေ့တယ်လို့ ဖြောင့်ချက်ပေးခဲ့ပါတယ်။
အဲဒီလူတွေဝရုန်းသုန်းကားဖြစ်နေတဲ့နတ်ရေကန်ဗျူဟာတိုက်ပွဲနဲ့ပတ်သက်လို့ တပ်တွင်းအသိုင်းအဝိုင်းမှာ လိမ်နေဝါဒဖြန့်မှုတွေဟာဗိုလ်ချုပ်ကြီးရဲဝင်းဦးမတိုင်မီကလည်း အကြိမ်ကြိမ်လုပ်ခဲ့ဖူးပါပဲ။အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် ဝါဒဖြန့်ပုံက ဒီလိုပါ။တပ်မ (၉၉) လက်အောက်ခံ၊ ခမရ (၁၀၉)ဟာ ပြီးခဲ့တဲ့၂၀၂၅ စက်တင်ဘာလဆန်းမှာမိခင်တပ်ရင်းဆီပြန်ခဲ့ပါတယ်။ တပ်ရင်းတစ်ခုလုံးတိုက်ပွဲမှာ သေဆုံးဒဏ်ရာရသူများခဲ့ပြီးမသေပဲကျန်ခဲ့တဲ့ စစ်သားနည်းနည်းပဲ ပြန်လာတာကို အောင်ပွဲနဲ့ ပြန်လာတယ်လို့လိမ်ညာဝါဒဖြန့် အိုးစည်ဗုံမောင်းတွေနဲ့ကြိုဆိုရေးလုပ်ပြခဲ့တာပါ။
တပ်မမှူးဖမ်းဆီးခံရ၊ ယာယီနည်းဗျူဟာမှူး၊ ဒုတိယဗိုလ်မှူးကြီးနဲ့ ဗျူဟာရုံးအဖွဲ့ဝင်တွေ စစ်သုံ့ပန်းဖြစ်နေချိန်အပြင် ရှေ့တန်းမှာ အတုံးအရုံးကျဆုံးနေတဲ့ကြားကနေ လုပ်ကြံအောင်ပွဲခံပြခဲ့တာပါ။ စစ်ဆင်ရေးမှာ အောင်မြင်မှုရခဲဲ့ဟန်နဲ့ ရှေ့တန်းပြန်အခမ်းအနား ပြုလုပ်နေတာဟာ စစ်မြေပြင်အရှုံးကို ဖုံးကွယ်ဖို့ကြိုးစားနေတာဖြစ်တယ်လို့ AAက ထုတ်ပြန်ခဲ့ပါတယ်။ မြေပြင်တိုက်ပွဲမှာအသာစီးရယူယုံတင်မက ဝါဒဖြန့်ချိရေးတိုက်ပွဲမှာလည်း AAက စစ်ကောင်စီကို ဖြောင့်ချက်လက်သီးတွေ ဆက်တိုက်ပစ်သွင်းပြခဲ့ပါတယ်။
အခုဆိုရင် တိုက်ပွဲကာလဟာ ၁ နှစ်ကျော်လာခဲ့ပါပြီ။မတ်လဆန်းမှာတော့ AAနဲ့ပူးပေါင်းတပ်တွေရဲ့စစ်ဆင်ရေး တစ်ဆင့်မြင့်လာပြီးနတ်ရေကန်ဗျူဟာနဲ့ ကိုက် ၁၀၀၀ ခန့်အကွာက နောက်ဆုံးကာကင်းဖြစ်တဲ့ကြက်ခြံကုန်းကာကင်းကိုသိမ်းယူလိုက်ပါတယ်။ဗျူဟာကို အပြီးသတ်သိမ်းယူမယ့်စစ်ဆင်ရေး အရှိန်မြှင့်နေပြီလို့လည်း စစ်ရေးသတင်းရင်းမြစ်တွေက ထုတ်ပြောလာပါတယ်။
လက်ရှိနောက်ဆုံးစစ်ရေးအခြေအနေက ဗျူဟာရဲ့အရှေ့မြောက်ဘက် နဲ့ အရှေ့တောင်ဘက် ၂မိုင်ခန့်အကွာမှာရှိတဲ့ ပဇီရွာနဲ့ ဂုတ်ကြီးရွာမှာ စစ်တပ်က တပ်စွဲထားပါတယ်။ပဒါန်းမြို့နယ်မှာရှိတဲ့ အမှတ်(၉၀၅)အမြောက်စခန်းကွပ်ကဲမှုဌာနချုပ်(အမတ)ကို လက်နက်ခဲယမ်းနဲ့ အင်အားတွေ ပို့ပြီး တဲ့ ပဇီရွာ နဲ့ ဂုတ်ကြီးရွာကို အင်အားဖြည့်နေပါတယ်။ AAနဲ့ ပူးပေါင်းတပ်တွေကလည်းနတ်ရေကန်ဗျူဟာနဲ့ ပဇီရွာ၊ဂုတ်ကြီးရွာတွေကို ဖြတ်တောက်ထားပြီး ဗျူဟာထဲကို စစ်ကောင်စီက လေကြောင်းကနေပဲ ရိက္ခာနဲ့လက်နက်ခဲယမ်းတွေ ပို့ဆောင်နိုင်ပါတယ်။ ပဇီရွာနဲ့ ဂုတ်ကြီးရွာကဘက်ကနေ စစ်ကြောင်းထိုးဖို့ကြိုးစားနေလို့ AAနဲ့ ပူးပေါင်းတပ်တွေက ပိတ်ဆို့တိုက်ခိုက်နေပါတယ်။စစ်တပ်က ဗျူဟာကုန်းမကျရေးအတွက် လေကြောင်းပစ်ကူနဲ့ အပြင်းအထန် ခုခံနေပါတယ်။
ဒါ့အပြင်ငဖဲမြို့နယ်ထဲက စစ်တပ်ရဲ့တခြားစစ်ရေးပစ်မှတ်တွေကိုလည်း တော်လှန်ရေးတပ်တွေက စတင် အကဲစမ်းနေပါတယ်။ငဖဲမြို့နယ်ထဲမှာရှိတဲ့အမှတ်၁၄ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၁၄)ကို ရှော့တိုက်ဒုံးတွေနဲ့ ဧပြီလ ( ၂၀ ) ရက် မွန်းလွဲပိုင်းမှာပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ အရာရှိတစ်ဦးအပါအဝင် သုံးဦးသေဆုံးပြီး ၁၃ဦး ဒဏ်ရာရသွားတယ်လို့ ချင်းကာကွယ်ရေးတပ် – အရှို( CDF – Asho )က ထုတ်ပြန်ပါတယ်။
တော်လှန်ရေးရဲဘော်တွေဟာဧပြီလ ၄ရက်ညကလည်း ငဖဲမြို့ထဲအထိ ဝင်ပြီး နယ်မြေစိုးမိုးရေးလှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။ပြီးခဲ့တဲ့မတ်လ၂၅ရက်နေ့မှာနတ်ရေကန်ဗျူဟာနဲ့ဆက်စပ်နေတဲ့ငဖဲမြို့နယ်ထဲက မန်းချောင်းအနီး ကြောင်နွားသိုးဆည်အနားရောက်လာတဲ့စစ်ကောင်စီစစ်ကြောင်းကိုတော်လှန်ရေးတပ်တွေက ပိတ်ဆို့တိုက်ခိုက်ခဲ့ကြပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်၂ဝဦးသေဆုံးတယ်လို့ CDF-Ashoက သတင်းထုတ်ပြန်ခဲ့ပါတယ်။
သင်္ကြန်ရက်အလွန် ဧပြီလ ၁၇ရက်နောက်ပိုင်းမှာလည်း နတ်ရေကန် ဗျူဟာအနီးမှာ တိုက်ပွဲတွေပြင်းထန်နေပါတယ်။ရခိုင်ရိုးမနဲ့ပတ်ဝန်းကျင်ကိုဗဟိုပြုပြီးတော်လှန်ရေးတပ်တွေ မကွေးတိုင်းထဲကို ထိုးဖောက်ဝင်ရောက်မယ့်လမ်းကိုကာဖို့ စစ်တပ်ရဲ့ နောက်ဆုံးခံတပ်လည်းဖြစ်တဲ့ နတ်ရေကန်ဗျူဟာကုန်းကို AA အပြီးသတ်မသိမ်းနိုင်ခင်မှာ စစ်အုပ်စုရဲ့နောက်ထပ်လုပ်ကြံဇာတ်လမ်းတွေမြင်ရဖွယ်ရှိပါသေးတယ်။အာဏာလုခေါင်းဆောင် မင်းအောင်
လှိုင်ရဲ့လူယုံဗိုလ်ချုပ်ကြီးရဲဝင်းဦးလည်း ဝါဒဖြန့်ချီရေး လုပ်ကြံဇာတ်လမ်းတွေထွက်လာဖို့ နေပြည်တော်မှာ ယမကာ အားကိုးနဲ့ဉာဏ်နီဉာဏ်နက်ထုတ်နေပါလိမ့်မယ်။ ။




















































