ဧပြီ-၂၉၊၂၀၂၆။ သုည/People’s Spring
ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ လူစည်ကားတဲ့ ရှီဘူယဘူတာအနီးမှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာနဲ့ သက်ရှိထင်ရှားရှိနေကြောင်း သက်သေပြပေးဖို့တောင်းဆိုတဲ့ Proof of Life လှုပ်ရှားမှုကို ဒီကနေ့ (ဧပြီ ၂၉) မှာ ပြုလုပ်ခဲ့ပါတယ်။
ဂျပန်ရောက် မြန်မာတွေက “ Proof of Life” ၊ “ Free Aung San Su Kyi” ၊ “ ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်” စတဲ့ စာသားတွေကိုင်ဆောင်ပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေသေးကြောင်း၊ ကျန်းကျန်းမာမာရှိနေကြောင်း သက်သေပြပေးပါ လို့ တောင်းဆိုဆန္ဒပြခဲ့ပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် ကမ္ဘာကြီးအနေနဲ့ မြန်မာပြည်သူတွေနဲ့အတူ ဝိုင်းဝန်းတောင်းဆိုပေးကြဖို့လည်း မေတ္တာရပ်ခံခဲ့ပါတယ်။

Public Service Announcement
နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာကြောင်း သက်သေပြပေးဖို့ တောင်းဆိုတဲ့ Proof of Life ကမ်ပိန်းကို ဧပြီ ၂၁ ရက်က စတင်ခဲ့တာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ် က မတရားဖမ်းဆီးခဲ့တဲ့ အချိန်ကတည်းက ပြင်ပနဲ့ အဆက်အသွယ်ဖြတ်တောက်ခဲ့ပြီး သတင်းဖုံးထားတာကြောင့် သားဖြစ်သူ ကိုထိန်လင်း(ခ) ကင်မ်အဲရစ်အပါအဝင် ပြည်သူတွေက စိတ်ပူနေခဲ့တာပါ။

Proof Of Life ကမ်ပိန်းမှာ ပါဝင်လိုသူတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာကြောင်း သက်သေပြပေးဖို့ ဆိုရှယ်မီဒီယာကနေ ကိုယ့်ရဲ့ ခံစားချက်တွေအတိုင်း တောင်းဆိုဖို့နဲ့ ကိုယ်နေထိုင်တဲ့ နိုင်ငံတွေက သက်ဆိုင်ရာအစိုးရဌာနတွေကနေ ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ကြောင်း အထောက်အထားတစ််ခုခု စစ်တပ်ကထုတ်ပြန်ပေးဖို့ အကူအညီတောင်းဆိုတာတွေလုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ဓာတ်ပုံ – NUG Support Team Japan






















































