Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကိုင်းနယ် ဧရာဝတီမြစ်ဘေးရွာများအား စစ်ကောင်စီတပ် စစ်ကြောင်းထိုးမီးရှို့နေ

ယနေ့(ဒီဇင်ဘာ ၂၈ ရက်) နံနက် ၁၁နာရီ မိနစ်၄၀ခန့်က စတင်ကာ စစ်ကောင်စီ၏ တပ်မ(၃၃) စစ်ကြောင်းသည် မြင်းဆည်ကျေးရွာကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများက ပြောသည်။

မြင်းဆည်ကျေးရွာအား မီးရှို့ဖျက်ဆီးနေစဥ်၊ဓာတ်ပုံ-Cj
မြင်းဆည်ကျေးရွာအား မီးရှို့ဖျက်ဆီးနေစဥ်၊ဓာတ်ပုံ-Cj

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ရွာသစ်ကြီးအနီးရှိ ဧရာဝတီမြစ်ဘေးကျေးရွာများအား စစ်ကောင်စီတပ်က လက်နက်ကြီးများ၊ ဒရုန်းများဖြင့် အကြောင်းမဲ့ပစ်ခတ်နေပြီး မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီ၏ တပ်မ(၃၃)သည် ယမန်နေ့ နံနက် ၈နာရီကျော်ခန့်က စစ်ကိုင်းမြို့နယ်၊ ရွာသစ်ကြီးစခန်းမှတဆင့် အင်အား ၄၀ခန့်ဖြင့် ကိုင်းပြင်နှင့် မြင်းဆည်ကျေးရွာများသို့ စစ်ကြောင်းထိုး ဝင်ရောက်နေခြင်းဖြစ်သည်။

အဆိုပါစစ်ကြောင်းဝင်လာ၍ ဧရာဝတီမြစ်ဘေးကျေးရွာများက ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ဧရာဝတီမြစ်အတွင်း ကျွန်းပေါ်ရှိ စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးများဖြင့် ထားဝယ်တဲမြောက်ဘက်၊ တာတိုင်ရွာထိပ်ဘက်ကို ပစ်ခတ်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်က မြစ်သာရွာအနီးတွင် ဒရုန်းဖြင့် အီနာဂါချတိုက်ခိုက်ခဲ့၍ ပြည်သူ‌ လေးဦးထိမှန်ဒဏ်ရာရခဲ့​ကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

“မန္တလေးတိုင်း၊ ငါန်းဇွန် ၊ ဇီးကျွန်းက စကစတပ်ဖွဲ့က ဒရုန်းနဲ့ အရပ်သားပြည်သူ စစ်ရှောင်တွေကို ဗုံးချ တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။ ညနေ ၃နာရီခွဲလောက်မှာ စစ်ကောင်စီစစ်ကြောင်းက ကင်းတော်၊ ကိုင်းပြင်ရွာများဘက်ကိုပါ မီးရှို့ခဲ့တယ်။”ဟု စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

ယနေ့(ဒီဇင်ဘာ ၂၈ ရက်) နံနက် ၁၁နာရီ မိနစ်၄၀ခန့်က စတင်ကာ စစ်ကောင်စီ၏ တပ်မ(၃၃) စစ်ကြောင်းသည် မြင်းဆည်ကျေးရွာကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများက ပြောသည်။

“မြင်းဆည်ကျေးရွာကို ဒီနေ့မနက် ၁၁နာရီလောက်က စပြီး ရွာကို စကစက မီးရှို့နေပါတယ်။ အိမ်​​ခြေ ၅၀၀ ခန့် ရှိတဲ့ ရွာပါ။ နောက်ဆုံးမေးမြန်း သိရသလောက်ကတော့ ရွာက ကုန်သလောက် ရှိသွားပြီလို့သိရတယ်။ မပြေးနိုင်တဲ့ သက်ကြီးရွယ်အိုတွေလည်း ကျန်ခဲ့တယ်လို့သိရတယ်။”Myin Mu Defence Force-MMDFအဖွဲ့က ​ပြောသည်။

ထို့အပြင် သရက်ခြံအတွင်း ရပ်ထားသော စစ်ရှောင်ပြည်သူများ၏ ပစ္စည်းများတင်ထားသည့် ထော်လာဂျီ လေးစီးကို မီးရှို့ခဲ့ကြောင်း ဒေသခံများက ပြောသည်။

စစ်ကိုင်းမြို့နယ်တွင် ဒီဇင်ဘာ ၂၁ ရက်ကလည်း စစ်ကောင်စီစစ်ကြောင်း၏ မီးရှို့ဖျက်ဆီးမှုများကြောင့် ဆားတောင်တိုက်နယ်ရှိ ကျေးရွာ၅ရွာကို မီးရှို့ဖျက်ဆီးခဲ့၍ နေအိမ်ပေါင်း ၈၀၀ နီးပါး ပျက်စီးဆုံးရှုံးခဲ့သည်။

You May Also Like

သတင်း

မိုင်းဆွဲတိုက်ခိုက်ရာတွင် စစ်ကောင်စီယာဉ်တန်းမှ နှစ်စီးမြောက် ဖောကားတစ်စီး မိုင်းထိခိုက်မှုရှိခဲ့ပြီး စစ်ကောင်စီတပ်သားအများအပြား ဒဏ်ရာရနိုင်ကာ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း တကောင်း PDF က ပြောသည်။

သတင်း

ထိခိုက်သေဆုံးသူများအား မော်တော်ဖြင့် ကြာညှပ်ဘက်သို့သယ်ယူသွားပြီး ကားပေါ်တွင်ဒဏ်ရာရစစ်သားများအား မျက်မြင်တွေ့ရှိခဲ့ကြောင်း၊ သေဆုံးစစ်သားများအား ကြာညှပ်ရွာ မီးသင်္ဂြိုလ်စက်တွင် မီးသင်္ဂြိုလ်ခဲ့ကြောင်း သိရှိရသည်ဟု ဆိုသည်။

သတင်း

ဒီဇင်ဘာ ၁၆ ရက်တွင်အလွတ်တန်းသတင်းထောက် ကိုစိုးရာဇာထွန်းကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ - ၅၂ (က) ဖြင့်စွပ်စွဲ၍ အလုပ်နဲ့ထောင်ဒဏ် ၄နှစ်ချမှတ်ခဲ့သည်။

သတင်း

ဒီဇင်ဘာလ ၂၆ ရက် နံနက် ၁နာရီ ၁၀မိနစ်ခန့် အာဏာသိမ်းစစ်ကောင်စီတပ်သည် Su-30 တိုက်လေယာဉ်ဖြင့် အထူးဒေသ(၁) မုံးကိုးခရိုင် လိုင်ရင်ဒေသရှိ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော်ကိုးကန့်(MNDAA) ခံတပ်ကို ဗုံး ၁၀လုံးကြဲချ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။