Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်း”

ဒီနေ့(ဇန်နဝါရီ၁၀ရက်)ညနေခင်းသတင်းတွေကိုPeople’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎NUG အစိုးရ အတိတ်နိုင်ငံရေးအမှားများကိုသင်ခန်းစာယူရမယ်လို့ ယာယီသမ္မတပြော

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အနေနဲ့ အတိတ်ကဖြစ်ခဲ့တဲ့ နိုင်ငံရေးအမှားများကို သင်ခန်းစာယူရလိမ့်မယ်လို့ ယာယီသမ္မတဒူဝါလရှီးလက ဒီနေ့ ပြုလုပ်တဲ့ အစိုးရ အဖွဲ့အစည်းအဝေးမှာ ပြောပါတယ်။ NUG အစိုးရဟာ လေလှိုင်းထဲက အစိုးရမဖြစ်စေရဘဲ လက်တွေ့ကျတဲ့ နိုင်ငံရေးအလုပ်တွေကိုလုပ်ဆောင်ကာ ပြည်သူလူထုကို လက်တွေ့ရလဒ်နဲ့သက်သေပြချင်တယ်လို့ ယာယီသမ္မတက ဆက်ပြောပါတယ်။ ၂၀၂၃ ဟာ တော်လှန်ရေးအတွက် တစ်ဆစ်ချိုးအပြောင်းအလဲများရှိလာမယ့် နှစ်ဟု ယုံကြည်မျှော်လင့်ထားပြီး အဲဒီလို ကြီးမားတဲ့ အပြောင်းအလဲဖြစ်လာအောင် သက်ဆိုင်ရာ တာဝန်ရှိသူ အသီးသီးက မဟာမိတ်စစ်ရေးပေါင်းစည်းမှုကို သဘောထားကြီးကြီးနဲ့ ဝိုင်းဝန်းတည်ဆောက်နေကြတာကိုလည်း မြင်တွေ့နေရတယ်လို့ ဆိုပါတယ်။

▪︎ဖယ်ခုံမှာ တိုက်လေယာဥ်ခြိမ်းခြောက်ပျံဝဲခဲ့လို့ ပညာသင်ကြားနေတဲ့ ကလေးငယ်များထွက်ပြေးပုန်းခိုရ

ရှမ်း-ကရင်နီဒေသအစပ် ဖယ်ခုံမြို့နယ် အနောက်ကယန်းဒေသသို့ အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်လေယာဥ်အသုံးပြု ခြိမ်းခြောက်ပျံဝဲခဲ့တာကြောင့် ပညာသင်ကြားနေတဲ့ ကလေးငယ်များထွက်ပြေးပုန်းခိုနေရတဲ့ ရုပ်သံဖိုင်ကို ကရင်နီလူငယ်များအဖွဲ့အစည်း(UKSY)က ထုတ်ပြန်လိုက်ပါတယ်။ ဒီနေ့ မနက်ပိုင်းက လာရောက်ခဲ့တဲ့ စစ်ကောင်စီရဲ့ တိုက်လေယာဥ်မှာ အနောက်ကယန်းဒေသမှာ မိနစ်၃၀ကြာ ပျံဝဲခဲ့တယ်လို့ သိရပါတယ်။ နောက်ပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကရင်နီဒေသမှာ လူနေရပ်ကွက်များအတွင်း လက်နက်ကြီးနဲ့ ပစ်ခတ်မှုများကို စစ်ကောင်စီက အခု နှစ်ဆန်းပိုင်းကစလို့ တွင်ကျယ်စွာ လုပ်ဆောင်လာတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက အသိပေးပါတယ်။

▪︎တူညီဆန္ဒ ၅ ရပ်ကို အမြန်ဆုံးအပြည့်အဝအကောင်အထည်ဖော်ပေးဖို့ စစ်ကောင်စီကို အာဆီယံတိုက်တွန်း

အာဆီယံရဲ့တူညီဆန္ဒ ၅ ရပ်ကို အမြန်ဆုံး၊ ပြည့်ပြည့်ဝဝ အကောင်အထည်ဖော်ပေးဖို့ စစ်ကောင်စီကို အာဆီယံက ဆက်လက်တိုက်တွန်းတယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ မြန်မာစစ်တပ်အနေနဲ့ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ တိုးတက်မှုရှိရေး အာဆီယံ၊ လာမယ့် အာဆီယံအလှည့်ကျအထူးကိုယ်စားလှယ်တို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့လည်း ဝန်ကြီး ဗီဗီယန်ဘလာခရစ်ရှ်နန်က တိုက်တွန်းပါတယ်။ မြန်မာ့အရေးနဲ့ပတ်သက်လို့ စင်ကာပူလွှတ်တော်ရဲ့ မေးမြန်းမှုကို နိုင်ငံခြားရေးဝန်ကြီးက စာနဲ့ရေးသားဖြေဆိုခဲ့တာပါ။ မနေ့ကလည်း မလေးရှားဝန်ကြီးချုပ်ရဲ့ ဂျာကာတာခရီးစဥ်မှာ အင်ဒိုနီးရှားသမ္မတနဲ့တွေ့ဆုံအပြီး ခေါင်းဆောင်နှစ်ဦးက မြန်မာ့အရေးမှာ စစ်ကောင်စီအနေနဲ့ အာဆီယံရဲ့ ငြိမ်းချမ်းရေးအစီအစဥ်(တူညီဆန္ဒ ၅ ရပ်)ကို အကောင်အထည်ဖော်ဖို့ ပူးတွဲတိုက်တွန်းခဲ့ပါတယ်။

▪︎ထီးချိုင့်နယ်မှာ စစ်ကောင်စီတပ်မိုင်းထိပြီးသေဆုံးထိခိုက်မှုများ

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ် အလယ်တောကျေးရွာမှာ စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်မှုများသကဲ့သို့ စစ်ကောင်စီတပ်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်လို့ အရပ်သားသေဆုံးထိခိုက်မှုလည်းရှိခဲ့တယ်လို့ ထီးချိုင့်ဒေသခံက ပြောပါတယ်။ ဇန်နဝါရီ ၈ရက်မှာ အလယ်တောရွာသို့ ဝင်လာတဲ့ စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတာလို့ သိရပါတယ်။ အဲဒီလို တိုက်ခိုက်ခံရပြီး အသေအပျောက်ရှိခဲ့တဲ့ စစ်​ကောင်စီတပ်ဟာ ရမ်းသမ်းပြီး လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် ထန်းကုန်းရွာမှ ဒေသခံနှစ်ဦး​သေဆုံးကာ ကံပေါက်ကျေးရွာမှာလည်း ဒဏ်ရာရရှိသူတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူ အနည်းဆုံး ၇ ဦးရှိပြီး ကလေးငယ်သုံးဦး ပါဝင်တယ်လို့ ဆိုပါတယ်။

(တိုက်ခိုက်ရာတွင်အသုံးပြုခဲ့သောမိုင်းများအားတွေ့ရစဥ်။ ဓါတ်ပုံ-မြိုင်ပကဖ)
(တိုက်ခိုက်ရာတွင်အသုံးပြုခဲ့သောမိုင်းများအားတွေ့ရစဥ်။ ဓါတ်ပုံ-မြိုင်ပကဖ)

▪︎ဘုတလင်နယ် တပ်စွဲထားတဲ့စစ်ကောင်စီတပ်ကိုဒရုန်းနဲ့ နှစ်ရက်ဆက်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ရှိ အကူတော်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ နှစ်ရက်ဆက် ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ Chindwin Brothers အဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ ဘုတလင်မြို့နယ်၊ အကူတော်ကျေးရွာရှိ ဒေသခံတွေရဲ့ နေအိမ်တွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဇန်နဝါရီ ၅ -၆ ရက်တွေမှာ ဗုံးသီးချခြင်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီစစ်ဆင်ရေးကို မုံရွာခရိုင်တပ်ရင်း-၁၆-တပ်ခွဲ(၂)၊ ယင်းမာပင်ခရိုင် ဒရုန်းတပ်ရင်း(၁)တို့ပူးပေါင်းလုပ် ဆောင်ခဲ့တယ်လို့ အသိပေးပါတယ်။

▪︎ပျူရွာနှစ်ရွာကြား စစ်ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ရာစစ်အုပ်စု ထိခိုက်သေဆုံးမှုရှိဟုဆို

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်ကောင်စီယာဥ်တစ်စီးကို ပျူရွာနှစ်ရွာကြားမှာ မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးထက်မနည်း သေဆုံးနိုင်တယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ကိုလယျာ်ကပြောပါတယ်။ မနေ့ မနက်ပိုင်းက ပခုက္ကူမှထွက်လာတဲ့ စစ်ကောင်စီတပ်ရဲ့ Fawကားတစ်စီးကို တွင်းမပျူစခန်းနဲ့ သရက်ကန်ပျူစခန်းကြားမှာရှေ့ထွက်မိုင်း ၁၀ လုံး၊ ပေပါခါးပြတ်မိုင်း၂လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးမှ ၉ ဦးအတွင်း အနည်းဆုံးသေဆုံးနိုင်ပြီး FAWကားမှာ ပျက်စီး ရပ်တန့်သွားတယ်လို့ မြိုင်ပကဖခေါင်းဆောင်ကပြောပါတယ်။

(စစ်ကိုင်းတိုင်းတစ်​နေရာတွင် စစ်​ကောင်စီတပ်သားများက ပျူ​စောထီးများကို စစ်သင်တန်း​​ပေးအပ်​နေစဥ်။ဓါတ်ပုံ-CJ)
(စစ်ကိုင်းတိုင်းတစ်​နေရာတွင် စစ်​ကောင်စီတပ်သားများက ပျူ​စောထီးများကို စစ်သင်တန်း​​ပေးအပ်​နေစဥ်။ဓါတ်ပုံ-CJ)

▪︎တမူးမြို့​မှာ NLDပါတီဝင်အချို့ကို ပျူအဖွဲ့ဖမ်းဆီးသတ်ဖြတ်

တမူးမြို့နယ်မှာ ပျူစောထီးနှစ်ဦးအသတ်ခံရပြီးနောက် စစ်​ကောင်စီလက်​အောက်ခံ ပျူစောထီးအဖွဲ့က အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်(NLD)ပါတီဝင်​ဒေသခံအချို့ကို လိုက်လံ ဖမ်းဆီးသတ်ဖြတ်နေ​တယ်လို့ ဒေသခံတွေက​ပြောပါတယ်။ ပျူ​ခေါင်း​ဆောင်နှစ်ဦး ရှင်းလင်းခံရပြီး​နောက် ပျူစောထီအင်အား ၂၀ခန့်ပါတဲ့အဖွဲ့ ဟာ ဒေသခံ NLD ပါတီဝင်တွေရဲ့ အိမ်များကို အကြမ်းဖက်ဝင်ရောက်ပြီး ပါတီဝင်များကို ဖမ်းဆီးသတ်ဖြတ်​နေ​တယ်လို့ တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ NLD ပါတီ အမာခံ ကိုတင့်၊ ဦးထွန်းမြင့်သန်းတို့ကို ဖမ်းဆီးသွားပြီး ကိုတင့်အပါအဝင် နှစ်ဦးသတ်ဖြတ်ခံခဲ့ရတယ်လို့ ကိုတင့်ရဲ့မိတ်ဆွေတစ်ဦးက ပြောပါတယ်။

▪︎မြောင်နယ်ကို စစ်အုပ်စုဝင်ရောက်စီးနင်းပြီး ဒေသခံတွေရဲ့ အဖိုးတန်ပစ္စည်းများ လုယူ

စစ်ကိုင်းတိုင်း မြောင်မြို့နယ်ရှိ ပန်းညိုကျေးရွာကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးများက လက်နက်ကြီးနဲ့ ပစ်ခတ်ဝင်ရောက်စီးနင်းမီးရှို့ ပြီးနောက် ဒေသခံတွေရဲ့ အဖိုးတန်ပစ္စည်းများ၊စားနပ်ရိက္ခာများကို လုယူသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေက ပြောပါတယ်။ ဧရာဝတီမြစ်ကမ်းဘေး ရွာကြီးဖြစ်တဲ့ ပန်းညိုကျေးရွာကို စစ်ကောင်စီနဲ့ ပျုစောထီးများက ဇန်နဝါရီ ၇ ရက်က စတင်ဝင်ရောက် စီးနင်းခဲ့တာပါ။ အဲဒီစစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေကို မနေ့ညနေက ပြည်သူ့ကာကွယ်ရေးမဟာမိတ်တွေက တိုက်ခိုက်ခဲ့ရာ ရွာကို မီးရှို့ထွက်ပြေးသွားတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ရဲ့ မီးရှို့မှုကြောင့် အသက် (၉၀)အရွယ် အဘွားအိုတစ်ဦး နေအိမ်အတွင်း ပိတ်မိပြီး မီးလောင်သေဆုံးသွားခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

▪︎ဝက်လက်နယ်မှာ စစ်အု​ပ်စုနဲ့ ဒေသတွင်း PDFများ တိုက်ပွဲဖြစ်ပွား

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ ဘုန်းကြီးကျောင်းဝင်းအတွင်း တပ်စွဲဖို့ ပြင်နေတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသတွင်း PDFများ တစ်နာရီခွဲခန့် တိုက်ပွဲဖြစ်ပွားပြီး စစ်အုပ်စုသေဆုံးထိခိုက်မှုများရှိတယ်လို့ People’s Army To Fight Dictatorship အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့ (PAFD)က သတင်းထုတ်ပြန်ပါတယ်။ ဇန်နဝါရီလ ၈ ရက် နေ့ခင်းက ရွှေဘို-မန္တလေးလမ်းမကြီးပေါ် စိုင်နန်ကွေ့မှာ တပ်စွဲထားတဲ့ စစ်​ကောင်စီတပ်တွေဟာ ဝက်လက်မြို့နယ် အောင်တိုက်ကုန်းကျေးရွာသို့ အင်အား ၈၀ ခန့်နဲ့ စစ်ကြောင်းထိုးလာပြီး ကျေးရွာဘုန်းကြီးကျောင်းအတွင်း အထိုင်ချနေခဲ့ပါတယ်။ အဲဒီစစ်အုပ်စုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ PAFD က ပြောပါတယ်။

▪︎စင်ကာပူမှ ပြန်လာပြီး ချစ်သူနဲ့လာတွေတဲ့ အမျိုးသမီး ​လုယက်အသတ်ခံရ

အွန်လိုင်းပေါ်မှ ချစ်ကြိုက်ပြီး စင်ကာပူနိုင်ငံမှ ပြန်လာကာ ချစ်သူကို ရန်ကုန်မှာ လာရောက်တွေ့ဆုံတဲ့ အမျိုးသမီးတစ်ဦး ​ရွှေ၊​ငွေ နဲ့ အဖိုးတန်ပစ္စည်းများလုယက်ခံရပြီး အသတ်ခံရတယ်လို့ အသတ်ခံရသူနဲ့ နီးစပ်သူတွေက ပြောပါတယ်။ အသတ်ခံရသူဟာ မနှင်းဝေလှိုင်ဆိုသူဖြစ်ပြီး စင်ကာပူနိုင်ငံမှာ အလုပ်လုပ်ကိုင်ရာမှ ဇန်နဝါရီ ၅ ရက်မှာ မြန်မာနိုင်ငံသို့ ပြန်လာခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် (၁) တပင်ရွှေထီးတာဝါအနီးရှိ တည်းခိုခန်းမှာ ဓားဒဏ်ရာ အချက်ပေါင်းများစွာ ထိုးသတ်ခံခဲ့ရတာပါ။ စင်ကာပူ ဒေါ်လာ ၆,၀၀၀၊ ရွှေတစ်ဆင်ဆာ၊ လက်ပ်တော့တစ်လုံး၊ လက်ကောက်လေးကွင်း အကုန်ယူသွားတယ်လို့ အသတ်ခံရသူရဲ့ သူငယ်ချင်းဖြစ်သူက ပြောပါတယ်။ မနှင်းဝေလှိုင်ကို သတ်ဖြတ်သွားသူဟု စွပ်စွဲခံရသူမှာ မကွေးတိုင်း၊ စလင်းမြို့နယ်၊ စမ်းကလေးကျေးရွာမှ ကိုအောင်သူရိန်ဖြစ်တယ်လို့ အသတ်ခံရသူတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

(ငွေနှင့် ရွှေများ လုယက်အသတ်ခံရသည့် မနှင်းဝေလှိုင်အား တွေ့ရစဥ်၊ ဓာတ်ပုံ CJ)
(ငွေနှင့် ရွှေများ လုယက်အသတ်ခံရသည့် မနှင်းဝေလှိုင်အား တွေ့ရစဥ်၊ ဓာတ်ပုံ CJ)

You May Also Like