Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

NUG ကို အားမနာတမ်းဝေဖန်အကြံပြုရန် ယာယီသမ္မတ ပြော

အစိုးရအနေဖြင့် လူထုလမ်းညွှန်မှုကို ခံယူသကဲ့သို့ သက်ဆိုင်ရာ သပိတ်အင်အားစုများ၏ သဘောထား အမြင်များကိုလည်း လေးစားစွာ နားထောင်နေကြောင်း ၎င်းက ဆက်​ပြောသည်။

NUG ကို အားမနာတမ်းဝေဖန်အကြံပြုရန် ယာယီသမ္မတ ပြော
NUG ကို အားမနာတမ်းဝေဖန်အကြံပြုရန် ယာယီသမ္မတ ပြော

ဘယ်သောအခါမှ “ငါတကော ကောပြီး” လုပ်ဆောင်ခြင်းမျိုး မဖြစ်စေရဟု ကတိပြု

တော်လှန်လူငယ်မျိုးဆက်များ၏ အတွေးအခေါ်သစ်၊ အမြင်သစ်နှင့် တီထွင်ကြံဆမှုအသစ်များကို ချီးကျူး

အမျိုးသားညီညွတ်ရေးအစိုးရကို အားမနာတမ်းဝေဖန်အကြံပြုရန် နှင့် ၎င်းတို့အစိုးရအဖွဲ့သည် လူထုသဘောထားဆန္ဒနှင့် အညီသာ အစဉ်တစိုက် လုပ်ဆောင်ရန် ကြိုးစားနေကြောင်း ယာယီသမ္မတ ဒူဝါလရှီးလက ယနေ့ပြောကြားသည်။

NUG ယာယီသမ္မတနှင့် ပြည်ထောင်စု ဝန်ကြီးချုပ်တို့ ဦးဆောင်ပြီး မြေပြင်မှ သပိတ်အင်အားစုများ အဖွဲ့ပေါင်း (၁၂) ဖွဲ့နှင့် ယနေ့(ဇန်နဝါရီ ၁၀ရက်)တွင် အွန်လိုင်းမှတဆင့် တွေ့ဆုံခဲ့ရာ အသက်အရွယ် ဖြတ်သန်းမှုအားဖြင့် ငယ်ရွယ်သော်လည်း တော်လှန်သောသပိတ်အင်အားစုအသီးသီးတွင် ပါဝင်နေသော လူငယ်များကို လေးစားတန်ဖိုးထားမှု မလျော့ခဲ့ကြောင်း ယာယီသမ္မတက ပြောသည်။

“ဒီနေ့ တွေ့ဆုံစည်းဝေးမှုမှာ အသွေးအရောင်စုံတဲ့ နိုင်ငံရေးအင်အားစုအသီးသီးကို ဆုံတွေ့ခွင့်ရတာဟာ ကျွန်တော်တို့အတွက် အားသာချက်တစ်ခုဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးဟာ စုဖွဲ့မှုအသီးသီးနဲ့ ပြည်သူ့ သဘောထားဆန္ဒအပေါ် အခြေခံပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးကို အသွင်သဏ္ဌာန်မျိုးစုံနဲ့ လုပ်ဆောင်နေကြပါတယ်။ ယခု တွေ့ဆုံတဲ့ သပိတ်အင်အားစု / တော်လှန်ရေးအင်အားစုအသီးသီးရဲ့ နံပါတ် (၁) ရည်မှန်းချက်ဟာ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် သုတ်သင်ချေမှုန်းရေးဖြစ်ပါတယ်။ နောက်ထပ် ရည်မှန်းချက် နံပါတ် (၂) ကတော့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ် ထူထောင်ရေးဖြစ်ပါတယ်” ဟု ယာယီသမ္မတက ဆိုသည်။

Public Service Announcement
Public Service Announcement

လက်ရှိ တော်လှန်ရေး လုပ်ငန်းစဉ်များတွင်သပိတ်အင်အားစုအားလုံး အားသွန်ခွန်စိုက် ပါဝင်လှုပ်ရှားနေသည်ကို တွေ့ရ၍ လှိုက်လှဲစွာ ဂုဏ်ယူကြောင်းနှင့် အမျိုးသား ညီညွတ်ရေးအစိုးရအနေဖြင့်လည်း မလျော့သော ဝီရိယထားပြီး ကြိုးစားလုပ်ဆောင်နေကြောင်း ယာယီသမ္မတက အသိပေးတင်ပြသည်။

ဆက်လက်ပြီး ယာယီသမ္မတက တော်လှန်လူငယ်မျိုးဆက်များတွင် အတွေးအခေါ်သစ်/ အမြင်သစ်နှင့် တီထွင်ကြံဆမှုအသစ်များ ရှိနေသည်ကို ထင်ထင်ရှားရှား မြင်နေရပြီး နွေဦးတော်လှန်ရေး ၂ နှစ်ပြည့်ခါနီးအချိန်အထိ သပိတ်အင်အားစုအသီးသီးက လူထုနှင့် နိုင်ငံတကာအသိုက်အဝန်း တစ်ခုလုံး အာရုံမပြတ် စောင့်ကြည့်ရမည့် သပိတ်လှုပ်ရှားမှုများကို ခေတ်အမြင် / ခေတ်အတွေးအခေါ်နှင့် အစဉ်တစိုက် လုပ်ဆောင်နေခြင်းကို အံ့ဩဝမ်းသာရကြောင်း ချီးကျူးသည်။

“နွေဦးတော်လှန်ရေးဟာ အတွေးအခေါ်ဟောင်းတွေ ဓလေ့ဟောင်းတွေ အမူအကျင့်ဟောင်းတွေကို ခဝါချ စွန့်ပစ်ထားနိုင်ခဲ့ပြီဆိုတာကို ကျွန်တော် ယုံကြည်ထားပါတယ်။ ဒီနေ့ တွေ့ရတဲ့ သပိတ်လှုပ်ရှားမှုတွေဟာ တော်လှန်ရေးသစ် တစ်ခုကို မွေးဖွားလိုက်ပြီလို့ ပြောချင်ပါတယ်။ ကျွန်တော်တို့ဟာ အမှားဟောင်းတွေထဲကနေ ဖောက်ထွက်နိုင်ပြီလို့လည်း ယုံကြည်ထားပါတယ်” ဟု ဒူဝါလရှီးလက ဆိုသည်။

NUG အစိုးရသည် လူထုလမ်းညွှန်မှုကို ခံယူသလို၊ သက်ဆိုင်ရာ သပိတ်အင်အားစုများ၏ သဘောထားအမြင်များကိုလည်း လေးစားစွာ နားထောင်နေပြီး ဝေဖန်အကြံပြုချက်များကို တိုက်ရိုက်အားဖြင့်လည်းကောင်း၊ သွယ်ဝိုက်သော နည်းအားဖြင့် လည်းကောင်း ရရှိအောင် အမြဲမပြတ် ကြိုးစားနေကြောင်း ယာယီသမ္မတက ပြောသည်။ NUG သည် ဘယ်သောအခါမှ “ငါတကော ကောပြီး” လုပ်ဆောင်ခြင်းမျိုး မဖြစ်စေရဟု ကတိပြုသည်။

အစိုးရအနေဖြင့် လူထုလမ်းညွှန်မှုကို ခံယူသကဲ့သို့ သက်ဆိုင်ရာ သပိတ်အင်အားစုများ၏ သဘောထား အမြင်များကိုလည်း လေးစားစွာ နားထောင်နေကြောင်း ၎င်းက ဆက်​ပြောသည်။

“ မှားတာ ရှိရင် ပြင်ဆင်ဖို့ ဘယ်သောအခါမှ နောက်မတွန့်ခဲ့ပါဘူး။ ယခုလည်း ဝေဖန်အကြံပြုချက်တွေကို တိုက်ရိုက်အားဖြင့်လည်းကောင်း / သွယ်ဝိုက်သော နည်းအားဖြင့် လည်းကောင်း ရရှိအောင်အမြဲမပြတ်ကြိုးစားနေပါတယ်” ဟု ယာယီသမ္မတက ပြောသည်။

ထို့အပြင် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်တည်ဆောက်ရေးတွင် လက်ရှိ တွေ့ဆုံရသည့် သပိတ်အင်အားစုအသီးသီးကို တည်ဆောက်ရေးအင်အားစုသစ်အဖြစ် မျှော်လင့်ထားပြီး တော်လှန်ရေးတွင် ပါဝင်သလို တည်ဆောက်ရေးတွင်လည်း စွမ်းစွမ်းတမံ ပါဝင်ကြရန် အထူးမျှော်လင့်ထားကြောင်း NUG ယာယီသမ္မတက ဆက်ပြောသည်။

“တော်လှန်ရေးမှာ ပါဝင်သလို တည်ဆောက်ရေးမှာလည်း စွမ်းစွမ်းတမံ ပါဝင်ကြဖို့ အထူးမျှော်လင့်ထားပါတယ်။ အနာဂတ်မှာ ကျွန်တော်တို့ မျိုးဆက်ဟောင်းဟာ လက်ရှိ မျိုးဆက်သစ်တွေကို တည်ဆောက်ရေး လုပ်ငန်းစဉ်တွေ ပြောင်းလဲအပ်နှံရပါလိမ့်မယ်။ အဲသည့်အတွက် ယခုကတည်းက တော်လှန်ရေးမှာ ပါဝင်ရင်း မိမိကိုယ်ကို အသိပညာကိုယ်ခံအား မြင့်မားနေအောင် တည်ဆောက်ထားကြဖို့လည်း တိုက်တွန်းနှိုးဆော်ချင်ပါတယ်” ဟု ယာယီသမ္မတက ပြေဲကားခဲ့သည်။

You May Also Like

သတင်း

၂၀၂၃တွင် စစ်ရေးရလဒ်နှင့် နိုင်ငံရေးရလဒ်များ သိသိသာသာ ထွက်ပေါ်လာရန် အထူးမျှော်လင့်မိသကဲ့သို့ ပြည်သူလူထုကလည်း မျှော်လင့်တကြီးစောင့်မျှော်နေမည်ဟု ယုံကြည်ကြောင်း ယာယီသမ္မတက ပြောကြားခဲ့သည်။

သတင်း

ရန်ကုန်အပါအဝင် တိုင်းနဲ့ပြည်နယ်အချို့မှာ စစ်ကောင်စီဟာရွေးကောက်ပွဲကျင်းပနိုင်ဖို့ ရှေ့ပြေးအကြိုမဲစာရင်းအဖြစ် လူဦးရေ စာရင်း ကောက်ယူတာတွေကို မနေ့က ဇန်နဝါရီလ ၉ ရက်စတင်ပြီးကောက်ယူနေတာပါ။

သတင်း

စစ်ကောင်စီ လက်ချက်ဖြင့် သေဆုံးခဲ့ရသူ အားလုံးအနက် အမျိုးသမီးဦးရေမှာ ၁၃.၁ ရာခိုင်နှုန်းပါဝင်ပြီး စစ်ကိုင်းတိုင်းမှ ၁၇၁ ဦးဖြင့် အများဆုံးဖြစ်သည်။

သတင်း

၂၀၂၃ တွင် စစ်ကောင်စီက ကျင်းပမည်ဆိုသော ရွေးကောက်ပွဲနှင့်ပတ်သက်၍ အထက်ပါ တော်လှန်ရေးအင်အားစုအားလုံးက ပြတ်သားစွာ ဆန့်ကျင်ကြောင်း ကြေညာသည်။