Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တော်လှန်ရေးအတွက် ပြည်သူလူထု၏ ထည့်ဝင်ရန်ပုံငွေ ကန်ဒေါ်လာ သန်း ၁၀၀ ကျော် NUG ရရှိထား

NUG စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက ဇန်နဝါရီ ၁၅ ရက်တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ ၎င်းတို့ ဝန်ကြီးဌာနက ဆောင်ရွက်ခဲ့မှုများနှင့် ရှေ့ဆက်လုပ် ဆောင်မည့်အကြောင်းအရာများကို အစီရင်ခံတင်ပြခဲ့ခြင်းဖြစ်သည်။

တော်လှန်ရေးအတွက် ပြည်သူလူထု၏ ထည့်ဝင်ရန်ပုံငွေ ကန်ဒေါ်လာ သန်း ၁၀၀ ကျော် NUG ရရှိထား
တော်လှန်ရေးအတွက် ပြည်သူလူထု၏ ထည့်ဝင်ရန်ပုံငွေ ကန်ဒေါ်လာ သန်း ၁၀၀ ကျော် NUG ရရှိထား

ရှေ့ဆက်မည့်တော်လှန်ရေးကာလအတွက် တန်ဖိုးသင့်တိုက်ခန်းများမှ ကျောက်မျက်တူးဖော်ခွင့်အထိ ရောင်းချ၊ လုပ်ပိုင်ခွင့်များ ပေးမည်ဟုဆို

အမျိုးသားညီညွတ်ရေးအစိုးရ NUG သည် နွေဦးတော်လှန်ရေးအတွက် အမေရိကန်ဒေါ်လာ ၁၀၉ သန်းခန့် ရရှိထားပြီး မကြာမီတွင်လည်း တန်ဖိုးသင့်တိုက်ခန်းများ၊ အဆင့်မြင့်ကွန်ဒိုများနှင့် မိုးကုတ်ရတနာမြေ၌ ကျောက်မျက်တူးဖော်ခွင့်တို့ကို ရောင်းချ၊​လုပ်ပိုင်ခွင့်များ ချထားပေးမည်ဟု သိရသည်။

NUG စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက ဇန်နဝါရီ ၁၅ ရက်တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ ၎င်းတို့ ဝန်ကြီးဌာနက ဆောင်ရွက်ခဲ့မှုများနှင့် ရှေ့ဆက်လုပ် ဆောင်မည့်အကြောင်းအရာများကို အစီရင်ခံတင်ပြခဲ့ခြင်းဖြစ်သည်။

၂၀၂၁ နိုဝင်ဘာမှစတင်ကာ အမျိုးသားညီညွတ်ရေးအစိုးရ၏ ငွေတိုက်စာချုပ်(Bond)များရောင်းချခဲ့ရာ ယင်းရောင်းချမှုမှ အမေရိကန်ဒေါ်လာ ၄၅ သန်းခန့် ရောင်းချခဲ့ပြီးဖြစ်ပြီး လက်ရှိ လည်း ဆက်လက်လည်းရောင်းချနေရဆဲဖြစ်ကြောင်း အထက်ပါဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောသည်။

ထို့အပြင် အာဏာရှင်အဆုံးသတ်နိဂုံး(The End of Dictatorship)ခေါင်းစဥ်အောက်မှ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် မတရားသဖြင့် သိမ်းယူထားသော ရန်ကုန်မြို့ အင်းယားလမ်းမှ ခြံအမှတ် ၁၄ ကို လေလံတင်ရောင်းချရာ သတ်မှတ်ထားသည့် ဒေါ်လာ ၁၀ သန်းဖြင့် ရောင်းချပြီးဖြစ်ကြောင်း နှင့် ထပ်မံ၍ မင်းအောင်လှိုင်၏ ၆ မိုင်ခွဲနေအိမ်ကိုလည်း ဒေါ်လာ ၇ သန်း သတ်မှတ်ထားရာ ၄ သန်းဖိုး ရောင်းချပြီးဖြစ်ကြောင်း ရှင်းလင်းသည်။

နွေဦးရင်းနှီးမြှုပ်နှံမှု(Spring Investment)များအဖြစ် ရန်ကုန်နှင့် မန္တလေးတို့၌ စစ်တပ်သိမ်းယူထားသော မြေကွက်များပေါ်တွင် အိမ်ရာစီမံကိန်းများဖော်ဆောင်ပြီး ရောင်းချခဲ့ရာ လက်ရှိအချိန်အထိ အမေရိကန်ဒေါ်လာ သန်း ၅၀ ခန့် ရရှိခဲ့ကြောင်း ဝန်ကြီးဦးတင်ထွန်းနိုင်က ပြောသည်။

“ပြန်ပြီးတော့ ချုပ်ပြီးပြောရမယ်ဆိုရင် ဒီနေ့ ဒီအချိန်အထိ ကျွန်တော်တို့ အမျိုးသား ညီညွတ်ရေးအစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနကနေ တော်လှန်ရေးအတွက် လိုအပ်တဲ့ ဘဏ္ဍာရန်ပုံငွေများကို ခုနက ကျွန်တော်တို့ ပြောခဲ့တဲ့ စီမံကိန်းတွေကနေ ဆောင်ရွက်ခဲ့တာ အခု အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော် ရှာဖွေနိုင်ခဲ့ပြီလို့ ကျွန်တော်တို့ ပြောလို့ရပါတယ်ဗျ” ဟု ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

တော်လှန်ရေးအတွက် ပြည်သူလူထု၏ ထည့်ဝင်ရန်ပုံငွေ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော်ကို တော်လှန်ရေးအတွက် အရေးကြီးဆုံးကဏ္ဍအတွက် ဦးစားပေးသုံးစွဲပြီး တစ်ပြိုင်နက်တည်းတွင် ပညာရေး၊ ကျန်းမာရေး၊ လူသားချင်းစာနာမှု၊ အမျိုးသမီးနှင့် ကလေးသူငယ်အရေး စသည့် မဖြစ်မနေသုံးစွဲရမည့်ကဏ္ဍများအတွက် ဖြန့်ခွဲသုံးစွဲနေကြောင်း ဝန်ကြီးဦးတင်ထွန်းနိုင်က ရှင်းလင်းသည်။

ယင်းနောက် အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ တော်လှန်ရေးအင်အားစုများနှင့် မဟာမိတ်များက စိုးမိုးထိန်းချုပ်နယ်မြေများတွင် အခွန်ကောက်ခံခဲ့ရာ လက်ရှိအချိန်အထိ ကျပ် ၃ ဘီလီယံခန့် ရရှိပြီးဖြစ်ကြောင်း အစီရင်ခံသည်။ အဆိုပါ အခွန်ငွေများကို စိုးမိုးထိန်းချုပ်နယ်မြေ မြို့နယ် ၃၈ မြို့ခန့်မှ ရရှိထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရှေ့ဆက်ပြီး တော်လှန်ရေးတွင် ပြည်သူလူထု ပူးပေါင်းပါဝင်နိုင်ရန် တန်ဖိုးသင့်တိုက်ခန်းများကို မကြာမီကာလတွင် စီစဥ်ရောင်းချသွားမည်ဟု ကြေညာသည်။

“အနည်းဆုံးအနေနဲ့ ပြောရရင် လစဥ် ဒေါ်လာ ၁၀၀ ပတ်ချာလည်လောက်နဲ့ ပြည်သူကနေ တော်လှန်ရေးမှာ ပါဝင်နိုင်အောင် ကျွန်တော်တို့ဘက်ကနေ လမ်းဖွင့်ပြီးတော့ ဒီအစီအစဥ်ကို စီစဥ်ထားတာဖြစ်ပါတယ်။ တပြိုင်နက်တည်းမှာ ကျွန်တော်တို့ အဆင့်မီ condominium တွေဆိုရင်လည်း တတ်နိုင်တဲ့သူတွေအနေနဲ့ ဒီတော်လှန်ရေးမှာ သူတို့ပါဝင်နိုင်အောင် စီစဥ်ဆောင်ရွက်လျက်ရှိတယ်ဆိုတာ ကျွန်တော်အသိပေးတင်ပြလိုပါတယ်” ဟု ဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောသည်။

တော်လှန်ရေးကာလအတွင်း ကြိုတင်ရင်းနှီးမြှုပ်နှံလိုသည့် ပြည်တွင်း၊ ပြည်ပရှိ လုပ်ငန်းရှင်များအတွက် မိုးကုတ်ရတနာမြေ၌ ကျောက်မျက်တူးဖော်ခွင့်(mining rights)ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးသည်။

“မိုးကုတ်ရတနာမြေမှာ ရှိနေတဲ့ ကျောက်မျက်တူးဖော်ခွင့် လုပ်ကွက်တွေ ရှိပါတယ်။ ဒီလုပ်ကွက်တွေက ခေတ်အဆက်ဆက် စစ်အာဏာရှင်ရဲ့ အကြောင်း အပေါင်းသင့်တဲ့ အလျဥ်းသင့်တဲ့ သူတို့ရဲ့ ခရိုနီတွေ စီးပွားရေးလုပ်ငန်းရှင်တွေကိုသာလျှင် အကျိုးဖြစ်ထွန်းခဲ့တာဖြစ်ပါတယ်။ ပြည်သူလူထုကတော့ အဖျားအနားလောက်ပဲ ခံစားခွင့်ရရှိခဲ့တာကို တွေ့ရှိရပါတယ်။ ဒါတွေကို ဒီကာလမှာ ပြန်လည် တည့်မတ်ပြီးတော့ ပြည်သူလူထုအတွက် ရသင့်ရထိုက်တဲ့ နိုင်ငံတော်အတွက် ရသင့်ရထိုက်တဲ့ အကျိုးအမြတ်တွေ ရရှိအောင်ဆိုပြီး ဒီလိုစီမံကိန်းကို အကောင်အထည်ဖော်တာဖြစ်ပါတယ်” ဟု အထက်ပါပြည်ထောင်စုဝန်ကြီးက ပြောသည်။

မိုးကုတ်ရတနာမြေ စီမံကိန်း အကောင်အထည်ဖော်ရေးအတွက် NUG ၏ ပြည်ထောင်စုအဆင့် သယံဇာတ စီမံအုပ်ချုပ်ရေးအဖွဲ့မှ သက်ဆိုင်ရာ နယ်ပယ်အသီးအသီးမှ ကျွမ်းကျင် ပညာရှင်များ၊​ အကြံပေးအဖွဲ့များ၊ ဥပဒေကြောင်းအရ ရှိရင်းစွဲဥပဒေများ၊ နိုင်ငံတကာမှ အကောင်းဆုံးလုပ်ထုံးလုပ်နည်းများကို လေ့လာဆောင်ရွက်ခဲ့ပြီး NUG အစိုးရအဖွဲ့ အစည်းအဝေးမှ အတည်ပြုချက်ရယူဆောင်ရွက်ခြင်းဖြစ်ကြောင်း NUG ဝန်ကြီးများက ရှင်းလင်းသည်။

ထို့အပြင် မကြာမီတွင် Blockchain နှင့် Crypto နည်းပညာများအပေါ် အခြေခံသည့် နွေဦးဖွံ့ဖြိုးရေးဘဏ်(Spring Development Bank)ကို ထူထောင်သွားမည်ဖြစ်ပြီး အသေးစိတ်အချက်အလက်များနှင့် ဆောင်ရွက်မည့် အစီအမံ အားလုံးကို ပြည်သူလူထုကို အသိပေး ရှင်းလင်းတင်ပြသွားမည်ဟု ဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောသည်။

ယခုတစ်နှစ်တာကာလသည် နွေဦးတော်လှန်ရေး၏ အဆုံးအဖြတ်ကို အဖြူ၊ အမဲ သဲကွဲအောင် အမျိုးသားညီညွတ်ရေးအစိုးရက အားကုန်ထုတ်ဆောင်ရွက်မည်ဖြစ်ပြီး စစ်ရေးကဏ္ဍသာမက နိုင်ငံရေး၊ နိုင်ငံခြားရေးကဏ္ဍများအပါအဝင် ကဏ္ဍ ၆ ရပ်ကို အရှိန်မြှင့်တင်ဆောင်ရွက်သွားမည်ဟု အထက်ပါရှင်းလင်းပွဲ၌ ထပ်လောင်းအတည်ပြုသည်။

You May Also Like

သတင်း

ပေးအပ်ခဲ့သည့် လက်နက်အရေအတွက်ကိုမူ ထုတ်ပြန်ချက်၌ ဖော်ပြထားခြင်းမရှိပေ။ ယခင် ၂၀၂၂ နှစ်ကုန်ပိုင်းကလည်း ကော်ဘရာစစ်ကြောင်း၏ သင်တန်းဆင်းပွဲသို့ ဝန်ကြီးချုပ် တက်ရောက်ပြီး လက်နက် ၅၀ ပေးအပ်ခဲ့ဖူးသည်။

သတင်း

နိုင်ငံအတွင်း ပြည်သူလူထုများ၏ နေ့စဉ် လူမှုစီးပွားဘ၀ ကွာဟချက်များ ကြီးမားလာသည်ကို တွေ့ရပြီး လက်နက်ကိုင် အကျပ်အတည်းများကြား၌ ပျက်စီး ယိုယွင်းသွားသည့် ပြည်သူ့ဘ၀ များစွာ ရှိသည်ဟု ၎င်းက ဆိုသည်။

သတင်း

လူ့အခွင့်အရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် Fortify Rights ကလည်း အာဏာသိမ်း စစ်ကောင်စီတပ်၏ စစ်လေယာဉ်များအား လေပိုင်နက်အသုံးပြုခွင့်ပေးနေခြင်းကို အိန္ဒိယအစိုးရက ရပ်ဆိုင်းသင့်ကြောင်း မကြာသေးမီက တောင်းဆိုထားသည်။

သတင်း

‌NUG၏ရောင်းချမည့် ကွန်ဒိုတိုက်ခန်းများမှာ ကမ္ဘာအေးလမ်းမပေါ်ရှိ ၁၀၆ တပ်ပိုင်မြေနေရာများဖြစ်ပြီး ကွန်ဒို အခန်းလေးမျိုးခွဲခြားရောင်းချမည်ဟု NUGကထုတ်ပြန်ထားသည်။