Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်း”

ဒီနေ့ (ဇန်နဝါရီ ၁၇ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎စစ်ကောင်စီချေမှုန်းရေးနည်းတူလူထုအသက်အိုးအိမ်ကာကွယ်ရေးမှာလည်း ဦးစားပေးဖြစ်ဟု NUG ယာယီသမ္မတပြော

ပြည်သူလူထုအကျိုးစီးပွားအတွက် ညာဘက်လက်နဲ့ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးမူကို ကိုင်စွဲကာ ဘယ်ဘက်လက်နဲ့ လူထုအသက်အိုးအိမ်စည်းစိမ်ကာကွယ်ရေးမူကို ကိုင်စွဲသင့်ကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။ နွေဦးတော်လှန်ရေး (၂)နှစ်တာကာလအထိ နေ့စဉ်မပြတ် ခုခံတော်လှန်နေတဲ့ ပြည်သူလူထုရဲ့ စိတ်ဇောနဲ့ စိတ်ဓာတ်ပြင်းပြမှုများကို တွေးမိတိုင်း ဦးညွှတ်မိတယ်လို့ ယာယီသမ္မတက ဒီနေ့ ကျင်းပတဲ့အစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောပါတယ်။ အခုဆိုရင် မြန်မာစစ်တပ်ရဲ့ ရက်စက်မှုတွေကြောင့် သေမထူး နေမထူး ဖြစ်သွားကြတဲ့ပြည်သူလူထုတွေလည်း အညာဗမာပြည်မမှာအလွန်အမင်း များပြားလာနေတာတွေ့ရတယ်လို့ ဆက်ပြောပါတယ်။ နိုင်ငံအတွင်း ပြည်သူလူထုတွေရဲ့ နေ့စဉ် လူမှုစီးပွားဘ၀ ကွာဟချက်များ ကြီးမားလာသည်ကို တွေ့ရပြီး လက်နက်ကိုင်အကျပ်အတည်းများကြားမှာ ပျက်စီး ယိုယွင်းသွားတဲ့ ပြည်သူ့ဘ၀များစွာ ရှိတယ်လိုဆိုပါတယ်။

▪︎စစ်​ကောင်စီတပ်အား လေကြောင်းပိုင်နက်အသုံးပြုခွင့်မပေးဖို့ အိမ်နီးချင်းနိုင်ငံတွေကို NUG တောင်းဆို

မြန်မာ့အိမ်နီးချင်းနိုင်ငံတွေရဲ့ လေကြောင်းပိုင်နက်များကို အကြမ်းဖက်စစ်အုပ်စုရဲ့ ဆိုးရွားတဲ့ လေကြောင်းတိုက်ခိုက်မှုများအတွက် အသုံးပြုခွင့် မပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က တောင်းဆိုလိုက်ပါတယ်။ မကြာသေးမီက ချင်းအမျိုးသားတပ်ဦး (CNF) ဗဟိုဌာနချုပ်တည်ရှိရာ အိန္ဒိယ-မြန်မာနယ်စပ်ရှိ Camp Victoria ကို အကြမ်းဖက်စစ်အုပ်စုက ဂျက်တိုက် လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ထိုတိုက်ခိုက်မှုအတွင်း အိမ်နီးချင်း အိန္ဒိယရဲ့ လေပိုင်နက်ထဲသို့ ကျူးကျော်ဝင်ရောက် အသုံးချမှု ဖြစ်ပေါ်ခဲ့ပါတယ်။ ဒေသတွင်းလုံခြုံရေး၊ တည်ငြိမ်ရေးနဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်များ ဘေးကင်း လုံခြုံရေးကို ရှေးရှုကာ အိမ်နီးချင်းနိုင်ငံတွေရဲ့လေပိုင်နက်များကို အသုံးပြုကာ မြန်မာနိုင်ငံပြည်သူများကို လေကြောင်းမှ အကြမ်းဖက်တိုက်ခိုက်နေခြင်းများ ကျူးလွန် နေတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေကို ခွင့်မပြုဖို့ NUG နိုင်ငံခြားရေးက မေတ္တာရပ်ခံ တောင်းဆိုထားပါတယ်။ အဲဒီတောင်းဆိုမှုဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အမှတ် – ၂၆၆၉ အရ ဖြစ်တယ်လို့ ဆိုပါတယ်။

▪︎စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် စစ်ရှောင်ပြည်သူ တစ်ဦးသေဆုံးပြီး နှစ်ဦးပြင်းထန်ဒဏ်ရာရ

မိုးဗြဲမြို့နယ်ရှိ စစ်ဘေးရှောင်များရှိရာနေရာကို အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ တမင်ချိန်ရွယ် ပစ်ခတ်ခဲ့တာကြောင့် စစ်ရှောင်ပြည်သူတစ်ဦးသေဆုံးပြီး နှစ်ဦးပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF)က ဒီနေ့ထုတ်ပြန်ပါတယ်။ မနေ့ ညပိုင်းက ဖယ်ခုံမြို့ရှိ အကြမ်းဖက်စစ်ကောင်စီအမြောက်တပ်မှ စစ်ဘေးရှောင်များရှိရာနေရာသို့ တမင်တကာချိန်ရွယ်ကာနှစ်ဆင့်ကွဲအမြောက်နဲ့ ပစ်ခတ်မှုကြောင့် ကောင်းဆောင်ကျေးရွာသို့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။ သေဆုံးသွားသူမှာ အသက်(၃၃)နှစ်ရှိ ဒေါ်မူလင်း ဖြစ်ပြီး ကောင်းဆောင်ရွာသို့ စစ်ဘေးရှောင်ဖို့ လာရောက်နေထိုင်သူ ဖြစ်တယ်လို့ သိရပါတယ်။

▪︎ဆားလင်းကြီးနယ် ဆားထုံးရွာတိုက်ပွဲ စစ်အုပ်စု ထိခိုက်မှုများ၍​လေ​ကြောင်းပစ်ကူသုံး

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုများ ဆားထုံးရွာအနီးမှာ ၂ နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။ တိုက်ပွဲမှာ စစ်အုပ်စုဘက်က အထိအခိုက်များခဲ့တာကြောင့် ရဟတ်ယာဥ်နဲ့ပါ လာရောက်ပစ်ခတ်ခဲ့ရာ ပြည်သူ့ ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။ တော်လှန်ရေး အင်အားစုတွေက စစ်ကောင်စီတပ်ကို တစ်ဖက်ပွင့် ပြောင်းတိုက်၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြပြီး စစ်ကောင်စီစစ်ကြောင်းဟာ အထိအခိုက်အကျဆုံးများစွာနဲ့ လေကြောင်းပစ်ကူကို အကာအကွယ်ယူကာ ဆုတ်ခွာသွားတယ်လို့ PDFအဖွဲ့တွေက ပြောပါတယ်။

▪︎အရာတော်နယ်စစ်အုပ်စုတပ်စွဲရာနေရာကိုဗုံးချတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ ဖားအောက်တောကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့တယ်လို့ Danger Force LPDFအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ မနေ့ ညနေပိုင်းက အရာတော်မြို့နယ်၊ ဖားအောက်တောကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒရုန်းနဲ့ ဗုံးနှစ်ကြိမ်ချကာ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးအပြင်းအထန် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Danger Force LPDFအဖွဲ့ ဒရုန်းတာဝန်ခံ ကိုမာန်ဟုန်က ပြောပါတယ်။ ဗုံးချတိုက်ခိုက်ပြီးနောက် စစ်အုပ်စုက လက်နက်ကြီးတွေနဲ့ ပြန်ပစ်ခတ်ခဲ့ပေမယ့် ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာခဲ့တယ်လို့ သိရပါတယ်။

▪︎ပြည်သူတွေရဲ့ ငြိုငြင်မှုမခံရစေရေးပြုမူနေထိုင်ဖို့ ယင်းမာပင်မြို့နယ်(ပကဖ)တိုက်တွန်းနှိုးဆော်

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ရှိ တပ်ရင်းများ၊ လက်နက်ကိုင်တပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)အဖွဲ့အားလုံးအနေနဲ့ နိုင်ငံကတာ လူသားချင်းဆိုင်ရာ ဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ဖို့နဲ့ ပြည်သူတွေရဲ့ ငြိုငြင်မှုမခံရစေရေး ပြုမူနေထိုင်ပြောဆိုကြဖို့ မြို့နယ်(ပကဖ)က ထုတ်ပြန်သတိပေးပါတယ်။ ပြည်သူများ အယုံအကြည်ကင်းမဲ့လာခြင်း၊ အားကိုးစိတ်လျော့ကျလာခြင်း၊ ရွံကြောက်ကြီး ဖြစ်လာခြင်းတို့ ဖြစ်မလာစေရေးအတွက် နေထိုင်သွားလာ စားသောက်ပြောဆိုမှုတို့ကို သတိနဲ့ ဆင်ခြင်ရမယ်လို့ ဖော်ပြပါတယ်။ ယင်းမာပင်မြို့နယ်အတွင်း အခြေချ တည်ထောင်စခန်းချနေတဲ့ တပ်ရင်းများ၊ လက်နက်ကိုင်တပ်ဖွဲ့များ၊ ပကဖ အဖွဲ့များအားလုံးအနေနဲ့ ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်များကို ကာကွယ်စောင့်ရှောက်မည်ဆိုတဲ့ သစ္စာဓိဌာန်နှင့်အညီ ပြည်သူများအပေါ် ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိတယ်လို့ သတိပေးထားပါတယ်။

▪︎ပလမြို့အနီးနယ်မြေရှင်းလင်းစဥ် ထိတွေ့မှုဖြစ်ပြီးPDF ရဲဘော်တစ်ဦးကျဆုံး၊ စစ်ကောင်စီတပ်မှ ငါးဦးသေ

တနင်္သာရီတိုင်း မြိတ်ခရိုင်၊ ပုလောမြို့နယ်ခွဲ ပလမြို့အနီး တော်လှန်ရေးရဲဘော်များ နယ်မြေရှင်းလင်းရေးလုပ်ဆောင်စဥ် စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရဲဘော်တစ်ဦးကျဆုံးခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း (၁)ပုလောမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။ ပုလော(ပကဖ)လက်အောက်ခံ တပ်ခွဲတစ်ခုဖြစ်သော King Cobra Force(တောကြီးမြွေအဖွဲ့)က ဇန်နဝါ ရီ ၁၄ ရက် ညနေပိုင်းမှာ ပလမြို့ စက်တော်ရာအနီး နယ်မြေရှင်းလင်းစဥ် စစ်ကောင်စီတပ်နှင့်တိုးကာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။ ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်စစ်ကြောင်းကို တောကြီးမြွေဟောက်အဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ငါးဦးသေဆုံးသွားတယ်လို့ သိရပါတယ်။

▪︎သုံးရက်အတွင်း စစ်ကောင်စီတပ်ပစ်မှတ်နေရာလေးခုကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃) ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီ ပစ်မှတ်နေရာ လေးခုကို ပြည်သူ့ကာကွယ်ရေးတပ်(PDF) တပ်ရင်း (၃၇၀၂) ဒရုန်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးတိုင်း PDF က ထုတ်ပြန်ပါတယ်။ ဇန်နဝါရီ ၁၃ မှ ၁၅ ရက်အတွင်း မဟာမိတ်အဖွဲ့ရဲ့ စီမံကွပ်ကဲမှုနဲ့ PDF တပ်ရင်း ၃၇၀၂ ဒရုန်းတပ်ဖွဲ့က အကြမ်းဖက်စစ်ကောင်စီရဲ့ ပစ်မှတ်(၄)ခုကို ဒရုန်းနဲ့(၈)ကြိမ်၊ တပ်ခွဲ ၁ က မိုင်းခွဲမှု (၁) ကြိမ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်(၈)ဦးနဲ့ ပျူစောထီး(၂)ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်(၄)ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပြီး ထောက်ပို့တံတား(၁)ခု ပျက်စီးခဲ့တယ်လို့ ဖော်ပြပါတယ်။

▪︎အစ္စရေးနိုင်ငံရောက် မြန်မာများ စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒပြ

အစ္စရေးနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး အကြမ်းဖက် စစ်ကောင်စီက ပြုလုပ်မယ့် တရားမဝင်အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း မနေ့က ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဆန္ဒပြပွဲကို အစ္စရေးနိုင်ငံ Tel Aviv မြို့ရှိ မြန်မာသံရုံးရှေ့မှာ ပြုလုပ်ခဲ့ပြီး ပြည်ပရောက် မြန်မာတွေက “No Justification for killing of students” ၊ “Shame on you .Detector. We never forgive you” စတဲ့ စာသားများ ကိုင်ဆောင်ကာ စစ်အာဏာရှင်နဲ့ စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြပါတယ်။

▪︎ဖရူဆိုမြို့အတွင်း စစ်ကောင်စီတပ်ကို ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေ

ဖရူဆိုမြို့တွင်းမှာ နေရာယူထားတဲ့ စစ်ကောင်စီတပ်ကို ဝင်ရောက်ပစ်ခတ်ရာ စစ်ကောင်စီတပ်သားနှစ်ဦး သေဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသား များကာကွယ်ရေးတပ်(KNDF)တပ်ရင်း – ၄ က အသိပေးထုတ်ပြန်ပါတယ်။ ဖရူဆို PDF နဲ့ ပူးပေါင်းကာ စနိုက်ပါ၊ ဗုံးပစ်လောင်ချာ M 79 တိုနဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက်က ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ဇန်နဝါရီ ၁၅ ရက် နေ့ခင်းကလည်း ဖရူဆိုမြို့တွင်း လောဘူးဒါးရပ်ကွက်မှာ KNDF တပ်ရင်း – ၄ နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲမှာ စစ်ကောင်စီလက်နက်ကြီး‌ ကျရောက်ပေါက်ကွဲမှုကြောင့် KNDF ရဲဘော်တစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

You May Also Like