Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်း”

ဒီနေ့ (ဖေဖော်ဝါရီ ၂၂ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎မကွေးတိုင်းမြို့နယ်လေးကစစ်​ရေးပစ်မှတ်များကိုတိုက်ခိုက်တစ်ရက်တည်းစစ်သားအနည်းဆုံး ၁၁ ဦးသေ

မကွေးတိုင်း မြို့နယ်လေးမြို့နယ်မှာ ဖေဖော်ဝါရီ ၂၀ ရက် တစ်ရက်တည်းစစ်​ကောင်စီတပ်ရဲ့ ရဲစခန်း၊ စစ်ဆေးရေးဂိတ်နဲ့ စစ်ကြောင်းများကို ပြည်သူ့ကာကွယ်ရေတပ်တော်(PDF)က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရန်သူ့ဘက်မှ အနည်းဆုံး ၁၁ ဦးသေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။ ဂန့်ဂေါ၊ သရက်၊ မင်းတုန်း၊ မင်းလှမြို့နယ်တို့အတွင်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်ဘက်မှ အနည်းဆုံး ၁၁ ဦးသေဆုံး၊ ၁၀ ဦး ပြင်းထန်ဒဏ်ရာရခဲ့ကာ ရဲနဲ့စစ်တပ်စခန်းတချို့လည်း မီးလောင်ပြာကျခဲ့တယ်လို့ သိရပါတယ်။

(မကွေးတိုင်းအတွင်းရှိ ချေမုန်းရေးတပ်ဖွဲ့ဝင် ရဲမေများအားတွေ့ရစဉ်၊ ဓာတ်ပုံ - MOD)
(မကွေးတိုင်းအတွင်းရှိ ချေမုန်းရေးတပ်ဖွဲ့ဝင် ရဲမေများအားတွေ့ရစဉ်၊ ဓာတ်ပုံ – MOD)

▪︎ညောင်လေးပင်မြို့နယ်တိုက်ပွဲစစ်ကောင်စီတပ် ၁၀ ခန့်သေပြီး PDF ရဲဘော်တစ်ဦးကျ

ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ဖွဲ့များကြား နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့ မနက်ပိုင်းက ညောင်လေးပင်မြို့နယ် ပုဇွန်မြောင်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ပဲခူးခရိုင် PDF တပ်ရင်း ၃၇၀၂၊ တပ်ခွဲ ၄၊ တပ်စု ၃ မှ တော်လှန်ရေးရဲဘော်များက သွားရောက်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ အဲဒီတိုက်ပွဲမှာ PDFဘက်က ရဲဘော်တစ်ဦးကျဆုံးခဲ့ပြီး စစ်ကောင်စီဘက်က ၁၀ ဦးခန့် သေဆုံးတယ်လို့ ဒေသခံက ပြောပါတယ်။ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စစ်ရေးသတင်းထုတ်ပြန်ချက်မှာတော့ နှစ်ဖက်တိုက်ပွဲအတွင်း ရန်သူ့တပ်သား (၁၀)ဦးကျော်သေဆုံးတယ်လို့ ဖော်ပြပါတယ်။

(PDF တပ်ရင်း ၃၇၀၂ မှတပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-PDF)
(PDF တပ်ရင်း ၃၇၀၂ မှတပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-PDF)

▪︎ဖရူဆိုနဲ့ ရှားတောရှိ စစ်ကောင်စီအခြေစိုက်စခန်းများ တိုက်ခိုက်

ကရင်နီပြည်နယ်၊ ဖရူဆိုနဲ့ ရှားတောမြို့နယ်ရှိ စစ်ကောင်စီရဲ့ အခြေစိုက်စခန်းများကို တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုရှိတယ်လို့ ကရင်နီစစ်ဖက်ဆိုင်ရာဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ KMICက ပြောပါတယ်။ ဖေဖော်ဝါရီ ၂၀ ရက် မနက်ပိုင်းက ရှားတောမြို့အနီးရှိ စစ်ကောင်စီရဲ့ ခမရ (၅၁၀)တပ်ရဲ့ မြို့တွင်းစခန်းကို ကရင်နီတပ်မတော်(KA)နဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ တိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုကို KMIC က စုံစမ်းဆဲဖြစ်တယ်လို့ အသိပေးပါတယ်။ မနေ့ကစလို့ စစ်ကောင်စီတပ်ဟာ ဖရူဆိုမြို့အရှေ့ခြမ်းတစ်လျှောက် ကင်းထောက်ရဟတ်ယာဥ်နဲ့ ထောက်လှမ်းတာမျိုးရှိတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည့် KAမှ ရဲဘော်နှင့် စစ်ကောင်စီတပ်၏ ရဟတ်ယာဥ် အား တွေ့ရစဥ်၊ ဓာတ်ပုံ - KMIC
စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည့် KAမှ ရဲဘော်နှင့် စစ်ကောင်စီတပ်၏ ရဟတ်ယာဥ် အား တွေ့ရစဥ်၊ ဓာတ်ပုံ – KMIC

▪︎ကရင်အချင်းချင်း တိုက်နေမယ့် အစားသေနတ်ပြောင်း၀ စစ်အုပ်စုဘက်လှည့်ဖို့ IKO တိုက်တွန်း

ကရင်အချင်းချင်း တိုက်ခိုက်မယ့်အစား သေနတ်ပြောင်း၀ကို စစ်အုပ်စုဘက်သို့ လှည့်ကြဖို့ နိုင်ငံတကာ ကရင်အဖွဲ့အစည်း (IKO)က ဒီနေ့ ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။ ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) နယ်မြေအတွင်း KNLA နဲ့ KTLA တို့အကြား တိုက်ပွဲဖြစ်ပွားနေခြင်းနဲ့ပတ်သက်လို့ IKOက အခုလို ထုတ်ပြန်လာတာပါ။

KTLA တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-KTLA
KTLA တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-KTLA

ဒီနေ့ ကာလဟာ စစ်အစိုးရကို ပြည်သူတစ်ရပ်လုံးမှ တော်လှန်တိုက်ပွဲဝင်နေကြခြင်းဖြစ်ပြီး ကရင်တပ်ဖွဲ့များအကြား အချင်းချင်း တိုက်ခိုက်နေခြင်းမှာ မဖြစ်သင့်ဘဲ အဲဒီလိုဖြစ်နေခြင်းအပေါ် အထူးစိတ်မချမ်းမြေ့ဖြစ်ရတယ်လို့ IKOက ဆိုပါတယ်။

KNLA တပ်မဟာ(၄)မှတပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-KNLAB-4
KNLA တပ်မဟာ(၄)မှတပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-KNLAB-4

▪︎တံတားဦး၊ မြစ်သားနဲ့ ကူမဲမြို့မှာ စစ်ကောင်စီတပ်က ပြည်သူလေးဦးကို ဖမ်းဆီးသတ်ဖြတ်

မန္တလေးတိုင်း၊ တံတားဦး၊ မြစ်သားနဲ့ ကူမဲမြို့နယ်တို့မှာ စစ်ကောင်စီတပ်က ဒေသခံပြည်သူ လေးဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်များက ပြောပါတယ်။ ဖေဖော်ဝါရီ ၁၉ ရက် မနက်ပိုင်းက မြစ်သားမြို့နယ်၊ ကူမဲမြို့ရှိ လုပ်ငန်းရှင် ၁ဝ ဦးခန့်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီး အသက် (၅၀)အရွယ် ဦးကျော်မိုးဟာ စစ်ကြောရေးမှာပဲ အဲဒီညနေပိုင်းက သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ တစ်ရက်တည်းမှာပဲ မြစ်သားမြို့နယ်၊ လမ်းခွကျေးရွာရှိ ကောင်းစက်သုံးဆီဆိုင်ပိုင်ရှင် ကိုမောင်စိုးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီး ဖေဖော်ဝါရီ ၂၀ ရက် မနက်ပိုင်းမှာ မြစ်သားဆေးရုံမှာ အလောင်းလာထုတ်ခိုင်းခဲ့ပြီး သေဆုံးသူရဲ့ ဇနီးနဲ့က​လေးကိုလည်း လာရောက်ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် ဖေဖော်ဝါရီ ၂၀ ရက် ညပိုင်းမှာ တံတားဦးမြို့နယ်၊ ပုဏ္ဏားခြံ(တောင်)ရွာနေ ဦးမောင်မြင့်နဲ့ မြေငူရွာနေ ဦးသိန်းတို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

▪︎မြင်းခြံမှာ လက်နက်ကိုင်ခြိမ်းခြောက်နေတဲ့ ပျူခေါင်းဆောင် အသတ်ခံရ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ သားဖြစ်သူ စစ်ဗိုလ် အရှိန်အဝါသုံးပြီး စစ်တပ်ခေါ်ကာ ဖိနှိပ်ခြိမ်းခြောက်ခဲ့သူ ပျူစောထီးခေါင်းဆောင်တစ်ဦးကို Natogyi Regional Defence Forceက ရှင်းလင်းခဲ့ပါတယ်။ မနေ့ မနက်ပိုင်းက မြင်းခြံမြို့နယ်၊ လေးရွာဆုံကျေးရွာနေ ပျူစောထီးခေါင်းဆောင် ဝင်းစိုးဆိုသူကို သူ့ရဲ့ ယာခင်းမှာ ဝင်ရောက်ရှင်းလင်းခဲ့တာလို့ Natogyi Regional Defence Force က သတင်းထုတ်ပြန်ပါတယ်။ ပျူခေါင်းဆောင်ထံမှ လက်ပစ်ဗုံးတစ်လုံး၊ ဂျင်ကလိခေါ် သံချွန်လက်နက်များနဲ့ လက်ကိုင်ဖုန်းတို့ သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြပါတယ်။

▪︎အင်ဒွမ်လတပ်ဒေသမှာ ရွှေတူးဖော်တဲ့လုပ်ငန်း​တွေထွက်ခွာဖို့ ဒေသခံ​တွေတောင်းဆို

ကချင်ပြည်နယ်၊ပူတာအိုမြို့နယ် လန်းဒေါင်အုပ်စုရှိ ကချင်တစ်မျိုးသားလုံးနဲ့ဆိုင်တဲ့ ယဉ်ကျေးမှု အမွေအနှစ်နေရာ အင်ဒွမ်လတပ်ဒေသမှာ ရွှေတူးဖော်နေတဲ့ လုပ်ငန်းရှင်များ အမြန်ဆုံးထွက်ခွာဖို့ ဒေသခံများက ထပ်မံ​တောင်းဆိုသတိပေးလိုက်ပါတယ်။ စစ်ကောင်စီအာဏာသိမ်းပြီးနောက် စက်ယန္တရားများ အသုံးပြုကာ ရွှေတူးဖေါ်နေမှုကို ရပ်တန့်ဖို့ ဒေသခံများက အကြိမ်ကြိမ် တောင်းဆို ဆန္ဒထုတ်ဖော်ခဲ့ပေမယ့် ရပ်တန့်ခြင်းမရှိတဲ့အပြင် ပိုမိုတူးဖော်လာတာကြောင့် ဖေဖော်ဝါရီ ၁၈ ရက်မှာ ဒေသခံများက ထပ်မံ ဆန္ဒထုတ်ဖော်ကာ သတိပေးခဲ့တာပါ။ အဲဒီဒေသမှာ ရွှေတူးဖော်ခြင်းအားဖြင့်သဘာ၀ပတ်ဝန်းကျင်ဆိုင်ရာထိခိုက်မှုများ၊ တောရိုင်းတိရစ္ဆာန်စားကျက်မြေများ ပျက်စီးခြင်းနဲ့ ရေချိုငါးအရင်းအမြစ်များပျက်စီးပျောက်ကွယ်မယ့် အန္တရာယ်ရှိတယ်လို့ ဒေသခံက ပြောပါတယ်။

(အင်ဒွမ်လတပ်ဒေသ၌ရွှေတူးဖော်နေမှုကို​တွေ့ရစဥ်/ရွှေတူးဖော်နေသည့်လုပ်ငန်းရှင်များ အမြန်ဆုံးထွက်ခွာရန်ဆန္ဒထုတ်​ဖော်​တောင်းဆိုခဲ့​သော​​ဒေသခံများ။ဓါတ်ပုံ-KNG)
(အင်ဒွမ်လတပ်ဒေသ၌ရွှေတူးဖော်နေမှုကို​တွေ့ရစဥ်/ရွှေတူးဖော်နေသည့်လုပ်ငန်းရှင်များ အမြန်ဆုံးထွက်ခွာရန်ဆန္ဒထုတ်​ဖော်​တောင်းဆိုခဲ့​သော​​ဒေသခံများ။ဓါတ်ပုံ-KNG)

Facebook

You May Also Like