Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

၂၀၀၈ ခြေဥလက်ခံသည့် နိုင်ငံရေးပါတီများ ရန်သူအဖြစ်သတ်မှတ်ကြောင်း KIA အသိပေးထားသော်လည်း ကချင် KSPPပါတီ စစ်ကောင်စီထံ မှတ်ပုံတင်လျောက်

အာဏာသိမ်းစစ်ကောင်စီက ၎င်းတို့အာဏာတည်မြဲရေးအတွက် အယောင်ပြပြုလုပ်ရန်စီစဉ်နေသည့် ရွေးကောက်ပွဲအား တော်လှန်ရေးရဲဘော် များနှင့် တော်လှန်ရေးအင်အားစုများက အပြင်းအထန်ကန့်ကွက်ထားသည်။

(ကချင် KSPPပါတီဝင်များအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ကချင် KSPPပါတီဝင်များအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ကချင်ပြည်နယ်ပြည်သူ့ပါတီ(KSPP)သည် စစ်ကောင်စီဖွဲ့စည်းထားသည့် ရွေးကောက်ပွဲကော်မရှင်ထံသို့ ယမန်နေ့ (မတ်လ ၇ရက်)က ပါတီ ဆက်လက်တည်ထောင်ခွင့် မှတ်ပုံတင် လျှောက်ထားခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့် သတင်းစာ၌ ဖော်ပြထားသည်။

ကချင်လွတ်လပ်ရေးအဖွဲ့(KIO)ဒုဥက္ကဋ္ဌဟောင်းဖြစ်သည့် ဒေါက်တာတူးဂျာ ဦးဆောင်ပြီး ကချင်ပြည်နယ်ရှိ နိုင်ငံရေးပါတီများ ပူးပေါင်းဖွဲ့စည်းထားသည့် KSPPအနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ လက်ခံပါက ရန်သူအဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း KIO/KIAက အသိပေးထားသည့် ကြားမှ ယခုကဲ့သို့ မှတ်ပုံတင်လာခြင်းဖြစ်သည်။

ယင်းသို့ KSPP က စစ်ကောင်စီထံ မှတ်ပုံတင်ခြင်းနှင့်ပတ်သက်ပြီး KIO/KIA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူထံသို့ သဘောထားမေးမြန်းရာ မှတ်ချက်မပေးနိုင်သေးကြောင်း ဖြေကြားသည်။

KSPPတာဝန်ရှိသူအချို့ထံသို့ ဆက်သွယ်ရာတွင် လည်း အဆက်အသွယ်မရသေးပေ။

KSPP၏ ယခုနှစ် ဖေဖော်ဝါရီ ၄ရက် ကြေညာချက်တွင် ဒုတိယအကြိမ် ပါတီညီလာခံက KSPP ၏ တည်တံ့ခိုင်မြဲရေးကို ပါတီအနေဖြင့် ရိုးသားဖြောင့်မတ်စွာ ဆောင်ရွက်ရန် သဘောတူညီဆုံးဖြတ်ခဲ့ကြောင်း အသိပေးထားသည်။

KIA အနေဖြင့်၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်ခံကာ နိုင်ငံရေးပါတီ တည်ထောင်သူများကို ရန်သူအဖြစ် သတ်မှတ်သွားမည်ဖြစ်ကြောင်း ၂၀၂၂မေလက အသိပေးထားသည်။

“ KIO အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံဘူး။လက်ခံပြီး ပါတီတွေ ထောင်ရင်တော့ ရန်သူအဖြစ် သတ်မှတ်ထားမှာ ဖြစ်တယ်” ဟု KIO/KIA သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားထားသည်။

ထို့ပြင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်၊BGF လက်နက်ကိုင်အဖွဲ့များကိုလည်း စစ်ရေးရန်သူအဖြစ် သတ်မှတ်ကြောင်း အသိပေးထားသည်။

အာဏာသိမ်းစစ်ကောင်စီက ၎င်းတို့အာဏာတည်မြဲရေးအတွက် အယောင်ပြပြုလုပ်ရန်စီစဉ်နေသည့် ရွေးကောက်ပွဲအား တော်လှန်ရေးရဲဘော် များနှင့် တော်လှန်ရေးအင်အားစုများက အပြင်းအထန်ကန့်ကွက်ထားသည်။

You May Also Like

သတင်း

ဥရောပသမဂ္ဂသည် မြန်မာစစ်တပ်၊ စစ်ကောင်စီနှင့် ၎င်းတို့နှင့်ပတ်သက်ဆက်နွှယ်သူ လူပုဂ္ဂိုလ် (၉၃) ဦးနှင့် အဖွဲ့အစည်း (၁၈) ခုကို ပိတ်ဆို့အရေးယူထားသည်။

သတင်း

Justice For Myanmar သည် မြန်မာစစ်ကောင်စီအား ဖိတ်ကြားမှုကို ချက်ချင်းရပ်တန့်ရန်၊ နောင်အာဆီယံဒေသတွင်း ဖိုရမ်အလုပ်ရုံဆွေးနွေးပွဲများနှင့် ပွဲများအားလုံးကို ပိတ်ပင်ရန် တောင်း ဆိုထားသည်။

သတင်း

ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်ရှိ ရှု​ဒေါင်းသစ်လက်ဖက်ရည်ဆိုင်အတွင်းသို့ စစ်ကောင်စီတပ်က ယမန်နေ့(မတ်လ ၇ရက်)ည ၈နာရီခန့်တွင် ဝင်ရောက်အကြမ်းဖက်ပြီး လက်ဖက်ရည်သောက်နေသော အမျိုးသား ခုနစ်ဦးကို ဖမ်းဆီးသွားခြင်းဟု ဒေသခံများက ပြောသည်။

သတင်း

တိုက်နယ်စွန် PDF အဖွဲ့နှင့် မဟာမိတ်ဘက်က ထိခိုက်ကျဆုံးမှု မရှိကြောင်း၊ အဆိုပါစစ်ဆင်ရေးကို တိုက်နယ်စွန် PDF အဖွဲ့၊ ဗိုလ်မိုးကြိုး ၊ Zero Power ၊ MU ၊ မြင်းဖြူရှင် ၊ ဒီမိုပေါက်ကွဲ ၊ မော်ကွန်းသစ် PLA ၊...