Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ ညနေခင်းသတင်း”

ဒီနေ့ (မတ်လ ၂၁ ရက်)ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎စစ်ကောင်စီရဲ့အကြမ်းဖက်မှုတွေကို တားဆီးပေးဖို့ တရုတ်ကို NUG ယာယီသမ္မတတိုက်တွန်း

မြန်မာ့အရေးနဲ့ပတ်သက်လို့ တရုတ်နိုင်ငံရဲ့ ကြားဝင်မှုကို အသိအမှတ်ပြုတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ဒီနေ့ ပြောကြားလိုက်ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်များ တားဆီးမှုကို ပိုမိုပြုလုပ်ပေးဖို့လည်း တဆက်တည်း တိုက်တွန်းပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံနဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့ရဲ့ ဆွေးနွေးပွဲကို အပြုသဘောဆောင်တဲ့ ဆွေးနွေးပွဲဖြစ်ပါစေလို့ ယာယီသမ္မတက ဆိုပြီး NUG အစိုးရအနေနဲ့ကတော့ တိုင်းရင်းသားပြည်သူတရပ်လုံးရဲ့ ဆန္ဒကိုဆန့်ကျင်တဲ့ လုပ်ရပ်မျိုး ဘယ်သောအခါမှ လုပ်ဆောင်မှာ မဟုတ်ဘူးလို့ဆိုပါတယ်။ အခုအချိန်ဟာ အားလုံးအကြား အရင်ထက်ပိုစည်းလုံးပြီး စစ်အုပ်စုကို ဖြုတ်ချဖို့ လုပ်ဆောင်ရမယ့် အချိန်ဖြစ်တာကြောင့် ပိုမိုစည်းလုံးကြဖို့လည်း တိုက်တွန်းပါတယ်။

ယာယီသမ္မတဒူဝါလရှီးလ။ ဓါတ်ပုံ-NUG
ယာယီသမ္မတဒူဝါလရှီးလ။ ဓါတ်ပုံ-NUG

▪︎မြန်မာ့အရေး နိုင်ငံတကာ လုံလောက်တဲ့ပံ့ပိုးမှုမလုပ်ခဲ့ဘူးလို့ ကုလကိုယ်စားလှယ်ပြစ်တင်

နိုင်ငံတကာအသိုင်းအဝိုင်းဟာ မြန်မာ့အရေးမှာ လုံလောက်တဲ့ ပံ့ပိုးကူညီမှုတွေ မလုပ်ပေးခဲ့ဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် တွန်အင်ဒရူးက ပြောလိုက်ပါတယ်။မနေ့က ဂျီနီဗာမြို့မှာ ကျင်းပတဲ့ ကုလလူ့အခွင့်အရေးကောင်စီရဲ့အစည်းအဝေးမှာ တွန်အင်ဒရူးက ဝေဖန်ပြစ်တင်ခဲ့တာပါ။ နိုင်ငံတကာရဲ့ ပျက်ကွက်မှုဟာ စိတ်ပျက်စရာကောင်းတယ်လို့လည်း တွန်အင်ဒရူးက ဆိုပါတယ်။ မြန်မာစစ်တပ်ဟာ နိုင်ငံကို ဖျက်ဆီးနေသလို လူထုရဲ့ လူ့အခွင့်အရေးတွေဟာချိုးဖောက်ခံနေရပြီး အတိုက်အခံတွေကို ချေမှုန်းနေတယ်လို့လည်း ကောင်စီကို အစီရင်ခံပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် တွန်အင်ဒရူး။ဓါတ်ပုံ-UN
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် တွန်အင်ဒရူး။ဓါတ်ပုံ-UN

▪︎စစ်တပ်ဟာ နိုင်ငံကို အကျပ်အတည်းအတွင်း ကျဆင်းစေဟု ဗြိတိန်ဝန်ကြီးပြော

မြန်မာစစ်တပ်ဟာ နိုင်ငံကို အကျပ်အတည်းအတွင်း ကျဆင်းစေပြီး သန်းနှင့်ချီသော ပြည်သူတွေဟာလည်း လူသားချင်းစာနာထောက်ထားမှုအကူအညီများ လိုအပ်နေတယ်လို့ ဗြိတိန်ရဲ့ အာရှရေးရာဝန်ကြီး Anne-Marie Trevelyan က ပြောပါတယ်။ အာရှရေးရာဝန်ကြီးဟာ NUG ရဲ့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနဲ့ တိုင်းရင်းသားခေါင်းဆောင်များကို မနေ့က တွေ့ဆုံခဲ့ပြီး ကာကွယ်မှုအလိုအပ်ဆုံးသောပြည်သူများအတွက်ဗြိတိန်အစိုးရက ထောက်ပံ့ကူညီသွားမှာဖြစ်တယ်လို့ အတည်ပြုပြောဆိုပါတယ်။ ငြိမ်းချမ်းပြီး အားလုံးပါဝင်နိုင်တဲ့ ဒီမိုကရေစီရရှိရေးအတွက် ကြိုးပမ်းနေကြတဲ့ မြန်မာပြည်သူလူထုနဲ့အတူ ဗြိတိန်က ရပ်တည်တယ်လို့လည်း အသိပေးပါတယ်။

ဗြိတိန်ရဲ့ အာရှရေးရာဝန်ကြီး Anne-Marie Trevelyan တွစ်တာတွင်​ရေးသားထားမှု
ဗြိတိန်ရဲ့ အာရှရေးရာဝန်ကြီး Anne-Marie Trevelyan တွစ်တာတွင်​ရေးသားထားမှု

▪︎ပါတီအကျိုးထက် ပြည်သူ့အာဏာ ပြည်သူ့ထံသို့ ပြန်လည်အပ်နှင်းနိုင်ရေးကို အလေးထားဆောင်ရွက်မယ်လို့ NLD အတည်ပြု

စစ်အာဏာရှင်အမြစ်ဖြတ်ရေးဆောင်ရွက်ရာမှာပါတီအကျိုးထက် ပြည်သူ့အာဏာ ပြည်သူ့ထံသို့ ပြန်လည်အပ်နှင်းနိုင်ရေးကို အလေးထားဆောင်ရွက်မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုကော်မတီအစည်းအဝေးက ဆုံးဖြတ်အတည်ပြုပါတယ်။ ဒီနေ့ ကျင်းပတဲ့ ဒုတိယဗဟိုကော်မတီ ကြားကာလပုံမှန်အစည်းအဝေးမှာ အတည်ပြုခဲ့တာပါ။ ဒီနေ့ဗဟိုကော်မတီအစည်းအဝေးမှာ စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို NLD အနေနဲ့ ခိုင်မာစွာ ဆန့်ကျင်ကန့်ကွက်ဖို့အပါအဝင် မတရားဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယဥက္ကဌ ဦးဝင်းမြင့်နဲ့ နိုင်ငံရေးအကျဉ်းသားများအားလုံး အမြန်ဆုံးလွတ်မြောက်ရေး စဉ်ဆက်မပြတ်ကြိုးပမ်းအားထုတ်ဖို့ အချက်တွေ ပါဝင်တဲ့ ဆုံးဖြတ်ချက် ၁၁ ချက်ကို ကန့်ကွက်သူမရှိ အတည်ပြုခဲ့တယ်လို့ သိရပါတယ်။

▪︎ကျိုက်ထိုရှိ တပ်မ(၄၄)ဌာနချုပ်နဲ့ တပ်မမှူးနေအိမ်ကို KNLA ပူးပေါင်းတပ် ဒရုန်းနဲ့ တိုက်ခိုက်

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့ရှိ စစ်ကောင်စီရဲ့ တပ်မ (၄၄)ဌာနချုပ်ဝင်းအတွင်းနဲ့ တပ်မမှူးနေအိမ်တို့ကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ နယ်မြေခံကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မှူးက ပြောပါတယ်။ ထိခိုက်မှုအခြေအနေကို မသိရသေးဘူးလို့ ဆိုပါတယ်။ အဲဒီတိုက်ခိုက်မှုကို KNLA၊ PDF၊ KRF ပူးပေါင်းတပ်များနဲ့ သထုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတော်လှန်ရေးအင်အားစု(TPDF)တို့ ပူးပေါင်းပြီးတိုက်ခိုက်ခဲ့တာလို့ TPDF က ထုတ်ပြန်ပါတယ်။

TPDF တပ်ဖွဲ့ဝင်အချို့ ။
TPDF တပ်ဖွဲ့ဝင်အချို့ ။

▪︎ရန်ကင်းမြို့နယ်ရှိ တိုင်းရဲတပ်ဖွဲ့အိမ်ရာဝင်းကို ဗုံးခွဲတိုက်ခိုက်

ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ တိုင်းရဲတပ်ဖွဲ့အိမ်ရာဝင်းကို ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ Freeland Attack Force (FLA)တာဝန်ရှိသူက ပြောပါတယ်။ မနေ့ညပိုင်းက စစ်ဆင်ရေး လုပ်ဆောင်ခဲ့တာဖြစ်ပြီး မဟာမိတ်အဖွဲ့များဖြစ်တဲ့ Anonymous Fighters Force ( AFF )၊ Yangon Underground Force (YUF)၊ Emerald Girls Army (EGA )တို့နဲ့အတူ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။ ပြည်သူများအနေနဲ့ စစ်ကောင်စီရဲ့ လက်အောက်ခံ အဖွဲ့များနဲ့ သူတို့ရဲ့အနီးပတ်ဝန်းကျင်ကို သွားလာခြင်း၊ စစ်တပ်တပ်စွဲထားတဲ့နေရာများအပါအဝင် စစ်တပ်ပိုင်စီးပွားရေး လုပ်ငန်းများကို အတတ်နိုင်ဆုံးရှောင်ရှားသွားလာဖို့ FLAက သတိပေးထားပါတယ်။ မနေ့ နေ့ခင်းကလည်း မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ရှိ ပို့ဆောင်ရေးစီမံကိန်း ဦးစီးဌာနရုံးအတွင်းသို့ အောင်စည်တော်စစ်ဆင်ရေး ရဲဘော်များက ဗုံးပစ်တိုက်ခိုက်ခဲ့ပြီး ဒုဦးစီးမှူးအပါအဝင်သုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ‌AST -MDYက ထုတ်ပြန်ထားပါတယ်။

▪︎ထီးချိုင့်တိုက်ပွဲ စစ်ကောင်စီတပ် ၃၀ ဦးထက်မနည်းသေဟုဆို

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ် ဇီးကုန်းရွာအနီးတိုက်ပွဲမှာ ကချင်လွတ်လပ်​ရေးတပ်မ​တော်(KIA)၊ PDF ပူးပေါင်းတပ်ဖွဲ့များရဲ့ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်က ၃၀ဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာရသူများကို အထမ်းနဲ့ သယ်ထုတ်သွားရတယ်လို့ ​​တော်လှန်​ရေးအင်အားစုများက​ပြောပါတယ်။ ကသာ-ထီးချိုင့်လမ်း၊ ကျောက်မှော်အုပ်စု၊ ဇီးကုန်းရွာမှ ကြက်ခြံဝင်းတစ်ခုမှာ ဝင်ခိုနေတဲ့ စစ်ကောင်စီတပ်ကို မနေ့ မနက်ပိုင်းက KIA၊ PDF ပူးပေါင်းတပ်ဖွဲ့က ပိတ်ဆို့တိုက်ခိုက်ခဲ့တာလို့ ထီးချိုင့်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ အဲဒီ စစ်ကောင်စီတပ်စစ်ကြောင်းဟာ တပ်မ ၉၉ လက်အောက်ခံ တပ်ရင်းအချို့မှဖြစ်တယ်လို့ သိရပါတယ်။

▪︎ရေစကြိုနယ် မီးလောင်ကျွန်းရွာသားနှစ်ဦးကို စစ်ကောင်စီတပ် သတ်ဖြတ်

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ မီးလောင်ကျွန်းကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ်က စိတ်ကျန်းမာရေးချို့တဲ့သူတစ်ဦးအပါအဝင် နှစ်ဦးကိုသတ်ဖြတ်ခဲ့တယ်လို့ ဒေသတွင်းရင်းမြစ်တွေက ပြောပါတယ်။ နောက်ပြီး ဒေသခံပြည်သူများရဲ့ သိန်း၂၅၀ ခန့်တန်တဲ့ လက်ဝတ်ရတနာများကို အဓမ္မလုယူသွားတယ်လို့ ဆိုပါတယ်။ မတ်လ ၁၉ ရက်မှစတင်ကာ မီးလောင်ကျွန်းရွာသစ်မှာ နှစ်ရက်ကြာတပ်စွဲခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ဘုန်းကြီးကျောင်းအတွင်းရှိ စစ်ရှောင်ပြည်သူများကို ထမင်းဟင်းချက်ကျွေးနေတဲ့ ရွာခံအပြစ်မဲ့ ‌ဒေသခံတစ်ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီနောက် စိတ်ကျန်းမာရေးချို့တဲ့တဲ့ ရွာခံတစ်ဦးကိုလည်း ညှင်းပန်းနှိပ်စက်သတ်ဖြတ်ကာ PDFများဝတ်ဆင်တဲ့ အင်္ကျီဝတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

You May Also Like