Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ ညနေခင်းသတင်းလွှာ”

ဒီနေ့ (မတ်လ ၂၈ ရက်) ညနေခင်းသတင်းတွေကို People’s Springက တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️မင်းအောင်လှိုင်ရဲ့ပြောဆိုမှု စစ်အုပ်စုရဲ့ ကြောက်စိတ်ကို ဖော်ပြနေခြင်းဖြစ်ဟု ယာယီသမ္မတ ပြော

အကြမ်းဖက် စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်အနေနနဲ့ ၎င်းရဲ့ လက်ဝေခံ လက်နက်ကိုင်အဖွဲ့ကို ကောင်းစွာ ထိန်းချုပ်နိုင်ခြင်းမရှိတဲ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များရဲ့ နယ်မြေစိုးမိုးထားနိုင်မှုကို ထိတ်လန့်ကြောက်ရွံ့နေတာ တွေ့ရတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။ ဒီနေ့ကျင်းပတဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ယာယီသမ္မတက ပြောဆိုလိုက်တာဖြစ်ပြီး မနေ့က မင်းအောင်လှိုင် ပြောဆိုခဲ့တဲ့ NUG၊ PDFနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို အမြစ်ပြတ်ချေမှုန်းမယ်ဆိုတဲ့ စကားအပေါ် တုံ့ပြန်ခဲ့တာလည်းဖြစ်ပါတယ်။ နောက်ပြီး အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲမှာ ပါတီကို မှတ်ပုံမတင်ကြ၊ ရွေးကောက်ပွဲကို အသိအမှတ် မပြုကြတဲ့ နိုင်ငံရေးပါတီများအားလုံးကိုလည်း လေးစားဂုဏ်ပြုကြောင်း ယာယီသမ္မတက ပြောပါတယ်။

▪️မယ်ခါးထာ့တပ်စခန်း တိုက်ခိုက်သိမ်းပိုက်မှု တစ်နာရီသာကြာ

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင် တပ်မဟာ(၅)နယ်မြေရှိ စစ်ကောင်စီရဲ့ မယ်ခါးထာ့ တပ်စခန်းသိမ်းတိုက်ပွဲမှာ လက်နက်ခဲယမ်းများရရှိခဲ့တယ်လို့ တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ Force for Federal Democracy (FFD)က သတင်းထုတ်ပြန်ပါတယ်။ အဲဒီတပ်စခန်းကို ဒီနေ့ မနက်ပိုင်းက တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်၊ စက်လက်များနဲ့ ဆက်တိုက်ပစ်ခတ်ခဲ့လို့ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ ဒါပေမဲ့ ထိတွေ့မှု တစ်နာရီခန့်အကြာမှာ မယ်ခါးထာ့ စစ်ကောင်စီစခန်းကို KNLA မဟာမိတ် ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်သိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိိရပါတယ်။ စခန်းသိမ်းဖြစ်စဉ်မှာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုကို အတိအကျ မသိရသေးပါဘူး။ ပူးပေါင်းတပ်ဖွဲ့မှ တစ်ဦး ကျဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြပါတယ်။

(မီးရှို့ခံရသည့် မယ်ခါးထာ့စစ်ကောင်စီစခန်းကို တွေ့ရစဉ်။ Photos - Supplied to Salween Press)
(မီးရှို့ခံရသည့် မယ်ခါးထာ့စစ်ကောင်စီစခန်းကို တွေ့ရစဉ်။ Photos – Supplied to Salween Press)

▪️တာမွေမြို့နယ်မှာ ယာဥ်စစ်ဆေးနေတဲ့ စစ်အုပ်စု ဗုံးပစ်တိုက်ခိုက်ခံရ

ရန်ကုန်မြို့၊ တာမွေမြို့နယ်မှာ ယာဥ်စစ်ဆေးရေးလုပ်နေတဲ့ စစ်ကောင်စီတပ်သားနဲ့ ယာဉ်ထိန်းရဲများ ဗုံးပစ်တိုက်ခိုက်ခံရတယ်လို့ ဒေသခံများက ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းက အရှေ့မြင်းပြိုင်ကွင်းလမ်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ယာဥ်ထိန်းရဲမေတစ်ဦးအပါအဝင် ထိခိုက်သူ နှစ်ဦးရှိခဲ့တယ်လိို့ သိရပါတယ်။ အခုနောက်ပိုင်း ရန်ကုန်မြို့ နေရာအများစုမှာ စစ်ကောင်စီ ယာဥ်ထိန်းတပ်ဖွဲ့ဝင်များက ငွေကြေး အဓမ္မတောင်းခံလေ့ရှိတဲ့အတွက် အခု တိုက်ခိုက်မှုကို ကြိုဆိုတယ်လို့ ရန်ကုန်မြို့ခံတစ်ဦးက ဆိုပါတယ်။

▪️မန္တလေးမြို့ပေါ် ရွှေဆိုင်ရှေ့ ဓားပြတိုက်မှုဖြစ်ပွားပြီး ကျပ်သိန်း ၁,၂၀၀ ပါသွား

မန္တလေးမြို့ပေါ်က ‘စိန်ကျော်မိုး’ ရွှေသန့်စင် ရောင်းဝယ်ရေးဆိုင်ရှေ့မှာ မနေ့ ညနေပိုင်းက ဓားပြတိုက်မှုဖြစ်ပွားပြီး ကျပ်သိန်း ၁,၂၀၀ ပါသွားတယ်လို့ ရွှေဆိုင်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ ချမ်းအေးသာစံမြို့နယ်မှာရှိတဲ့ အဲဒီရွှေရောင်းဝယ်ရေးဆိုင်ကို အမျိုးသားနှစ်ဦး ရွှေလာရောင်းပြီး ရောင်းရငွေကို ကားပေါ် တင်နေချိန်ဓားပြတိုက်ခံလိုက်ရတာပါ။ ဖြစ်စဉ်ကို မှတ်တင်ထားတဲ့ CCTV ဖိုင်အရ ပစ္စတို သေနတ်ကိုင်အမျိုးသားသုံးဦး ဟာ Nissan March အမျိုးအစား ကားအနက်ရောင်နဲ့ ရောက်လာပြီး ငွေထုတ်တွေကို လုယက်သွားတာတွေ့ရပါတယ်။ ပီနံအိတ်နဲ့ထုတ်ထားတဲ့ ငွေထုပ် ၄ ထုပ် လုယက်ခံရတာဖြစ်ပြီး စုစုပေါင်း ကျပ်သိန်း ၁,၂၀၀ ပါသွားတာလို့ ဆိုပါတယ်။

ဓားပြတိုက်ခံရတဲ့ ဖြစ်စဉ် CCTV မှတ်တမ်းပုံ
ဓားပြတိုက်ခံရတဲ့ ဖြစ်စဉ် CCTV မှတ်တမ်းပုံ

▪️အိန္ဒိယနယ်စပ်ရှိ ချင်းရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း တမူးမြို့နယ် အိန္ဒိယနယ်စပ်အနီးရှိ အိမ်ခြေ ၂၉ လုံးသာရှိတဲ့ ချင်းရွာလေးတစ်ရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားတယ်လို့ သိိရပါတယ်။ ကွန်းတောင်းရွာသစ်လို့ခေါ်တဲ့ ချင်းရွာကို စစ်ကောင်စီတပ်က မတ်လ ၂၆ ရက်က မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပြီး ငါးလုံးသာ ကျန်ရှိတယ်လို့ တမူးမြို့ခံတစ်ဦးက ပြောပါတယ်။ မီးရှို့ဖျက်ဆီးမှုကြောင့် ဒေသခံများအားလုံး ထွက်ပြေး တိမ်းရှောင်နေရပြီး မနေ့က ကျေးရွာသို့ ပြန်ဝင်ကြည့်နိုင်ကြတယ်လို့ဆိုပါတယ်။ ကွန်းတောင်းရွာအနီးမှာ မတ်လ ၂၃ ရက်နောက်ပိုင်း တိုက်ပွဲများဖြစ်ခဲ့ပြီး စစ်ကောင်စီတပ် အထိနာကာ လေကြောင်းမှ လာတိုက်ခိုက်မှုများရှိခဲ့ပါတယ်။

(စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သည့် ကွန်းတောင်းရွာအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သည့် ကွန်းတောင်းရွာအား တွေ့ရစဉ်။ ဓာတ်ပုံ – CJ)

▪️ကဝနယ် ကင်းလှည့်နေတဲ့ ရဲများကို တိုက်ခိုက်ရာ နယ်ထိန်းသေ၊ စခန်းမှူးအပါအဝင်လေးဦး ဒဏ်ရာရ

ပဲခူးတိုင်း ကဝမြို့နယ် အုန်းနှဲကျေးရွာမှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီလက်ပါးစေ ရဲများကို ပစ်ခတ်တိုက်ခိုက်ရာ နယ်ထိန်းတစ်ဦးသေဆုံးပြီး စခန်းမှူးအပါအဝင်လေးဦး ဒဏ်ရာရရှိတယ်လိို့ ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ အဲဒီစစ်ဆင်ရေးကို ဖက်ဆစ်တော်လှန်ရေးနေ့ အကြို နန်းထိုင်အောင်စစ်ဆင်ရေးအနေနဲ့ မတ်လ ၂၆ ရက် ညက လုပ်ဆောင်ခဲ့တာဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှု ၁၀ မိနစ်ခန့်ကြာခဲ့တယ်လို့ဆိုပါတယ်။ ဒီနေ့ မနက်ပိုင်းမှာလည်း အုတ်ဖိုမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းကို ပဒေသာမိုင်းနဲ့ တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု ထိခိုက်မှုရှိတယ်လို့ သာယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ (၄)မှ တာဝန်ရှိသူက ပြောပါတယ်။

▪️ဒီပဲယင်းမှာ စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကလေးငယ်တစ်ဦးသေဆုံးပြီး ၁ဝ ဦးထက်မနည်း ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် စိုင်ပြင်တိုက်နယ်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲဲ့ ပစ်ခတ်လို့ ကလေးငယ်တစ်ဦးသေဆုံးကာ ဒေသခံပြည်သူ ၁ဝ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံများက ပြောပါတယ်။ မတ်လ ၂၆ ရက်က ဘုတလင်မြို့မှစစ်ကြောင်းထိုးလာပြီး ဒီပဲယင်းမြို့နယ် ဝင်ရောက်လာတဲဲ့ စစ်ကောင်စီတပ်များဟာ မနေ့ညပိုင်းက စိုင်ပြင်စခန်းအတွင်းမှ လက်နက်ကြီးများနဲ့ လူနေရပ်ကွက်များပေါ်သို့ တရစပ်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ စိုင်ပြင်မြို့ပေါ်ရှိ အမှတ်(၂)ရပ်ကွက်အတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲရာ အသက် (၁၂)နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့တယ်လို့ PDF ရဲဘော်တစ်ဦးက ပြောပါတယ်။

▪️မြန်မာ – ထိုင်းနယ်စပ်ရှိ စစ်စခန်းတစ်ခုကို KA နှင့်ပူးပေါင်းတပ် သိမ်းပိုက်

ကရင်နီပြည်နယ် မြန်မာ- ထိုင်းနယ်စပ် မှတ်တိုင် BP- ၁၁ရှိ စစ်ကောင်စီ ခြေကုပ်စခန်းအား သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်နီတပ်မတော်(KA) တပ်ရင်း(၅)က သတင်းထုတ်ပြန်ပါတယ်။မတ်လ ၂၄ရက်က သိမ်းယူနိုင်ခဲ့တာဖြစ်ပြီး​တော့ တိုက်ပွဲအခြေအနေအသေးစိတ်ကိုမူ ဖော်ပြထားခြင်းမရှိ​သေးပေ။အဆိုပါ စစ်တပ်စခန်းသိမ်းပိုက်မှုနှင့်ပတ်သက်ပြီး ကရင်နီ စစ်ဘက်ဆိုင်ရာ ဗဟို သတင်းထုတ်ပြန်ရေးအဖွဲ့အား People’s Spring ကဆက်သွယ်မေးမြန်းရန်ကြိုးစား​နေ​​ပေမယ့် အဆက်အသွယ်မရသေးပါဘူး။ ဒီရက်ပိုင်းမှာ စစ်တပ်ရဲ့စစ်စခန်း​တွေဆက်တိုက်သိမ်းပိုက်ခံ​နေရတာဖြစ်ပါတယ်။

(မှတ်တိုင် BP- ၁၁ရှိ စစ်ကောင်စီ ခြေကုပ်စခန်းအား သိမ်းပိုက်နိုင်ခဲ့ကြောင်း ကရင်နီတပ်မတော် (KA)နှင့် ပူးပေါင်းတပ် သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - KA)
(မှတ်တိုင် BP- ၁၁ရှိ စစ်ကောင်စီ ခြေကုပ်စခန်းအား သိမ်းပိုက်နိုင်ခဲ့ကြောင်း ကရင်နီတပ်မတော် (KA)နှင့် ပူးပေါင်းတပ် သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ – KA)