Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပေါက်မြို့နယ်တွင် စစ်ကောင်စီတပ်က ဒေသခံပြည်သူ ငါးဦးအား သတ်ဖြတ်၊ လေကြောင်းမှ သုံးကြိမ် တိုက်ခိုက်

စစ်ကောင်စီစစ်ကြောင်းကြောင့် ရှင်မတောင် အနီးရှိ ကျေးရွာများမှ ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး နေအိမ်များအား မီးရှို့သွားခြင်းမရှိသော်လည်း ဆိုင်ကယ်များကိုမူ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

(မကွေးတိုင်း၊ တောင်တွင်းကြီးမြို့၌ ဆန္ဒပြပြည် သူများအား စစ်ကောင်စီတပ်သားများက ပစ်ခတ်ဖြိုခွင်းနေသည်ကို ၂၀၂၁ မတ်လ ၃ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(မကွေးတိုင်း၊ တောင်တွင်းကြီးမြို့၌ ဆန္ဒပြပြည် သူများအား စစ်ကောင်စီတပ်သားများက ပစ်ခတ်ဖြိုခွင်းနေသည်ကို ၂၀၂၁ မတ်လ ၃ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

▪️ရေစကြိုနယ်တွင် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးအဖွဲ့များ တိုက်ပွဲဖြစ်

မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းက ဒေသခံပြည်သူ ငါးဦးအား သတ်ဖြတ်ပြီး လေကြောင်းမှလည်း သုံးကြိမ်တိုင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်း သတင်း ရင်းမြစ်များက ပြောသည်။

ဧပြီ ၂၃ရက်က ပေါက်မြို့နယ် ဇီးပြားရဲစခန်းမှ အင်အား ၁၀၀ကျော်ပါ စစ်ကောင်စီတပ်သည် မင်းကိုင်းကျေးရွာ၊ ထန်းတောကျေးရွာနှင့် ချောင်းညာကျေးရွာများ ဝင်ရောက်ဖျက်ဆီးကာ ဒေသခံများ၏ ငွေ နှင့်ရွှေထည်ပစ္စည်းများအား အတင်းအဓမ္မလုယူပြီး ဒေသခံပြည်သူ ငါးဦးကိုလည်း သတ်ဖြတ်သွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

အဆိုပါ စစ်ကြောင်းကို ယမန်နေ့ (ဧပြီ၂၄ရက်) နံနက် ၁၀နာရီခွဲခန့်က လယ်အို/လယ်မ ကျေးရွာဘက်သို့ ထွက်လာစဥ် လက်နက်ကြီး၊ လက်နက်ငယ်များ၊ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း မြိုင်(ပကဖ)ခေါင်းဆောင် ဗိုလ်လက်ယျာက ပြောသည်။

ထို့အပြင် စစ်အုပ်စုဘက်ကလည်း အဆိုပါ ကျေးရွာအနီးတဝိုက်ကို နံနက် ၁၁ နာရီခန့်တွင် Jet Fighter ဖြင့် လည်းကောင်း၊ နေ့လည် ၁၂ နာရီကျော်တွင် Mi-35ဖြင့်လည်းကောင်း၊ ညနေ ၃ နာရီခွဲခန့်တွင် Jet Fighter ဖြင့်လည်းကောင်း သုံးကြိမ်တိုင် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဗိုလ်လက်ယျာက ပြောသည်။

“လေယာဉ်နဲ့လာတဲ့အဖွဲ့က ၁၅နဲ့ ၂၀ ကြားထိမယ်”ဟု ဗိုလ်လက်ယျာက ပြောသည်။

ဒေသခံ ကင်းထောက်ရဲဘော်တစ်ဦးကလည်း “လယ်မရွာနဲ့ လယ်အိုရွာကြား လေကြောင်းပစ်ခတ်မှုဖြစ်တာ။ ထိခိုက်ဆုံးရှုံးမှု မသိရသေးဘူး။လယ်မရွာအနီးကိုလည်း စစ်ကြောင်း တစ်ခုလည်းရောက်နေတယ်။”ဟု ပြောသည်။

အဆိုပါ စစ်ကြောင်းသည် လယ်အိုကျေးရွာအနီးဝန်းကျင်တွင် ရှိနေသောကြောင့် အချိန်မရွေးထိတွေ့တိုက်ပွဲဖြစ်လာနိုင်၍ ပြည်သူများ ဘေးလွတ်ရာသို့ ရှောင်ရှားပေးရန် ဒေသကာကွယ်ရေးအဖွဲ့များက သတိပေးသည်။

ယင်းစစ်ဆင်ရေးကို ပေါက်မြို့နယ် ဗိုလ်စကားအဖွဲ့ နှင့်ဦးစွာ ထိတွေ့မှု ဖြစ်ပွားပြီး ပေါက်ကျေးရွာကာကွယ်​ေရးအဖွဲ့များ၊ တောင်ညိုနဂါးအဖွဲ့၊ မြိုင်(ပကဖ)ရင်း (၁) ခွဲ (၄)စိတ် (၁)နှင့် မြိုင် ကျေးရွာကာကွယ်ရေးအဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ဧပြီ၂၃ ရက်က ပေါက်မြို့နယ်၊ ဒီးဒုတ်ကွင်းပျူရွာကို ဒေသခံကာကွယ်ရေးအဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

ထို့အပြင် မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရှင်မတောင်ဝန်းကျင်ကျေးရွာများအား စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးအဖွဲ့များ အနီးကပ်ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်အုပ်စုအထိအခိုက်များရှိကြောင်း ရေစကြိုပကဖအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့ (ဧပြီ ၂၄ရက်) နေ့လည် ၁၂ နာရီခွဲခန့်က ရေစကြိုမြို့နယ်၊ ပခန်းကြီးနယ်မြေရဲစခန်းမှ အင်အား ၆၀ခန့်ပါ စစ်ကောင်စီတပ်သည် Faw ကား နှစ်စီးဖြင့် ရှင်မတောင် အနီးရှိကျေးရွာများအား လှည့်လည်စစ်ကြောင်းထိုးခဲ့သည်။

အဆိုပါ စစ်ကြောင်းအား မြေခဲတောင်ကျေးရွာနှင့်ကျောက်တံခါးကျေးရွာကြား အရောက်တွင် ပြည်သူ့ကာကွယ်ရေးရဲဘော်များနှင့် နာရီဝက် ကြာ အနီးကပ်ထိတွေ့ပစ်ခတ်ခဲ့ကြောင်း ရေစကြို(ပကဖ)အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“ပခန်းကြီးကနေ ၅စီးထွက်တယ်။ ၂ စီးပဲ ဒီဘက်ခြမ်းကိုရောက်တယ်။ ရှင်မတောင်တောင်ခြေတဝိုက်ကိုရောက်တယ်။ ဒီကောင်တွေတစ်ရွာဝင်တစ်ရွာထွက် လိုက်ပြီးတော့မွှေတယ်။ မြေခဲတောင်ကျေးရွာနဲ့ ကျောက်တံခါးကျေးရွာကြားမှာ ကျွန်တော်တို့က ကြိုစောင့်တယ်။ ဒီကောင်တွေကားပေါ်ကဆင်းတာနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ “ဟု ရေစကြို(ပကဖ)အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်အုပ်စုက လက်နက်ကြီး၊ လက်နက်ငယ်များ အဆမတန်ပစ်ခတ်ပြီး ဆုတ်ခွာခဲ့ကြောင်း အသိပေးသည်။

စစ်ကောင်စီစစ်ကြောင်းကြောင့် ရှင်မတောင် အနီးရှိ ကျေးရွာများမှ ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး နေအိမ်များအား မီးရှို့သွားခြင်းမရှိသော်လည်း ဆိုင်ကယ်များကိုမူ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ရေစကြို(ပကဖ)အဖွဲ့သည် ဧပြီ ၂၃ရက် မွန်းလွဲပိုင်းကလည်း ပခန်းကြီးနယ်မြေရဲစခန်းမှ ပခန်းငယ်ရဲစခန်းသိို့သွားသော စစ်အုပ်စုပါ အိမ်စီးကား သုံးစီး၊ ဆိုင်ကယ် လေးစီးအား လေးလုံးတွဲမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား နှစ်ဦး သေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရရှိသွားကြောင်း ထုတ်ပြန်ထားသည်။