Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (ဧပြီ ၂၅ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️ဖယ်ခုံနယ်တိုက်ပွဲ စစ်တပ်​မှ​သေဆုံးသူ ၂၀ ခန့်မှာ ဗိုလ်မှူးအဆင့်ပါဝင်၊ လက်နက် ၁၀ လက်ထက်မနည်းရရှိ

ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ် မြောက်စလုံးရွာမှာ မနေ့က ဖြစ်ပွားတဲ့ တိုက်ပွဲမှာ စစ်ကောင်စီတပ်မှ အရာရှိ အပါအဝင် သေဆုံးထိခိုက်သူ ၂၀ ခန့်ရှိခဲ့ပြီး လက်နက်ခဲယမ်းများစွာ ရရှိခဲ့တယ်လို့ သိရပါတယ်။ မနေ့က အထိနာခဲ့တဲ့ စစ်ကောင်စီတပ်မှာ အမှတ်(၂) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် လက်အောက်ရှိ နမ့်စန်အခြေစိုက် ခလရ၂၄၇) တပ်နဲ့ မိုးနဲ အခြေစိုက် ခလရ(၂၄၈) တပ်တို့ ဖြစ်ပြီး ၆၀ မမ ရော၊ RPG ရော စက်လက်ငယ်တွေအပါ ၁၀ လက်ကျော်ရလိိုက်တယ်လို့ ဖယ်ခုံမြို့စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။ တိုက်ပွဲအတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့လည်း ထိခိုက်ကျဆုံးမှုအချို့ရှိခဲ့​တယ်လိို့ အသိပေးပါတယ်။

▪️ဖားကန့်မှာ KIA၊ PDFပူး​ပေါင်းတပ်နဲ့ စစ်တပ် တိုက်ပွဲဖြစ်

ကချင်ပြည်နယ်၊ ဖားကန့်မြို့ နယ် မှော်ပုံနဲ့ ကံဆီးရွာကြားမှာ ကချင်လွတ်လပ်​ရေးတပ်မ​တော် (KIA)၊ PDF ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား ဒီိနေ့ မနက်ပိုင်းကစလို့ တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားနေတယ်လို့ ဒေသခံများကပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ဆန်ခါနဲ့မှော်ပုံကျေးရွာမှ အရပ်သား ၂၁၅ ဦးကို ဧပြီ ၂၁ ရက်က ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ်အသုံးပြုခဲ့ကာ ဒီနေ့ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ အဲဒီ​ပြည်သူများထဲမှ ၇၀ ဦးခန့်ကို စစ်တပ်က လူသားဒိုင်းအဖြစ်ခေါ်ဆောင်ကာ စစ်ကြောင်းထွက်ဖို့ ပြင်ဆင်နေစဉ် KIA၊ PDF ပူးပေါင်းတပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွား​နေတာလို့ ဆိုပါတယ်။

▪️စစ်ကောင်စီအကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်​ဖို့ ဘန်ကီမွန်း တိုက်တွန်း

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းဟာ မြန်မာနိုင်ငံမှာ စစ်ခေါင်းဆောင်များနဲ့တွေ့ဆုံပြီး အကြမ်းဖက်မှုများချက်ချင်းရပ်တန့်ရေး၊ အာဆီယံဘုံဆုံးဖြတ်ချက် ၅ ရပ်ကို အကောင်အထည်ဖော်ရေးတို့ကို တောင်းဆိုလိုက်တယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။ မြန်မာစစ်တပ်ရဲ့ ဖိတ်ကြားချက်အရ မစ္စတာဘန်ကီမွန်းဟာ The Elders(ကမ္ဘာ့ခေါင်းဆောင်များအဖွဲ့)ရဲ့ ဒုတိယဥက္ကဋ္ဌအဖြစ် ဧပြီ ၂၃-၂၄ ရက်များမှာ နေပြည်တော်သို့ လာရောက်ခဲ့ပြီး အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ စစ်ဗိုလ်ချုပ်ဟောင်းနဲ့ သမ္မတဟောင်း သိန်းစိန်တို့ကို တွေ့ဆုံခဲ့ပါတယ်။ ဒါပေမဲ့ ဘန်ကီမွန်းဟာ အရပ်သားရွေးကောက်ခံခေါင်းဆောင်တွေဖြစ်တဲ့ သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကိုတွေ့ဆုံခွင့်မရခဲ့ပါဘူး။

(အာဏာသိမ်း​ခေါင်း​ဆောင်နှင့်​ဧပြီ ၂၄ ရက်တွင်တွေ့ဆုံ​နေ​သော ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာဘန်ကီမွန်း ။ဓါတ်ပုံ-စစ်​ကောင်စီ)
(အာဏာသိမ်း​ခေါင်း​ဆောင်နှင့်​ဧပြီ ၂၄ ရက်တွင်တွေ့ဆုံ​နေ​သော ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာဘန်ကီမွန်း ။ဓါတ်ပုံ-စစ်​ကောင်စီ)

▪️ထား၀ယ်မြို့နယ်ရှိ စစ်တပ်စစ်ဆေးရေးဂိတ်နှစ်ခုကို PDF ပူးပေါင်းတပ် တိုက်ခိုက်

တနင်္သာရီတိုင်း ထား၀ယ်မြို့နယ်မှာ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်နှစ်ခုကို ပူးပေါင်းတပ်ဖွဲ့များနဲ့ အတူ ၀င်ရောက်တိုက်ခိုက်ခဲ့တယ်လို့ထား၀ယ်ခရိုင် PDF တပ်ရင်း (၁)မှ တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။ ဧပြီ ၂၃ ရက် မနက်အစောပိုင်းက ထား၀ယ်နယ် မောင်မယ်ရှောင်ကျေးရွာအနီး စစ်ကောင်စီ​ရဲ့ ဘုရားမဲစစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၁၅ ဦးကျော်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ တော်လှန်ရေးပူးပေါင်းတပ်ဘက်မှလည်း ၁၆ ဦး မစိုးရိမ်ရနဲ့ တစ်ဦးစိုးရိမ်ရဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒီနေ့ နေ့ခင်းပိုင်းမှာလည်း ထားဝယ်မြို့နယ်၊ မဲ‌ချောင်းကျေးရွာမှာ တပ်စွဲထား​တဲ့ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

▪️ပေါက်နယ် ဒေသခံငါးဦးကို စစ်ကောင်စီတပ် သတ်ဖြတ်၊ လေကြောင်းမှ သုံးကြိမ် တိုက်ခိုက်

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ စစ်ကောင်စီတပ် စစ်ကြောင်းက ဒေသခံပြည်သူ ငါးဦးကို သတ်ဖြတ်ပြီး လေကြောင်းမှလည်း သုံးကြိမ်တိုင် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်း သတင်း ရင်းမြစ်များက ပြောပါတယ်။ ဧပြီ ၂၃ ရက်က ပေါက်မြို့နယ် ဇီးပြားရဲစခန်းမှ အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီတပ်ဟာ မင်းကိုင်းကျေးရွာ၊ ထန်းတောကျေးရွာနဲ့ ချောင်းညာကျေးရွာများကို ဝင်ရောက်ဖျက်ဆီးကာ ဒေသခံများရဲ့ ငွေနဲ့ ရွှေထည်ပစ္စည်းများကို အတင်းအဓမ္မလုယူပြီး ဒေသခံပြည်သူ ငါးဦးကိုလည်း သတ်ဖြတ်သွားတယ်လို့ ဆိုပါတယ်။ အဲဒီစစ်ကြောင်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မနေ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က လေကြောင်းမှ ပစ်ကူသုံးတိုက်ခိုက်ပစ်ခတ်ခဲ့တာလို့ ဗိုလ်လက်ယျာက ပြောပါတယ်။

(မကွေးတိုင်း၊ တောင်တွင်းကြီးမြို့၌ ဆန္ဒပြပြည် သူများအား စစ်ကောင်စီတပ်သားများက ပစ်ခတ်ဖြိုခွင်းနေသည်ကို ၂၀၂၁ မတ်လ ၃ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(မကွေးတိုင်း၊ တောင်တွင်းကြီးမြို့၌ ဆန္ဒပြပြည် သူများအား စစ်ကောင်စီတပ်သားများက ပစ်ခတ်ဖြိုခွင်းနေသည်ကို ၂၀၂၁ မတ်လ ၃ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ – CJ)

▪️တန့်ဆည်မြို့နယ် စစ်ကောင်စီတပ်စွဲရာ နားဋောင်းကျရွာစခန်းကို တိုက်ခိုက်သိမ်းပိုက်

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်ရှိ စစ်ကောင်စီတပ်ရဲ့ နဋောင်းကျကျေးရွာစခန်းကို ဒေသကာကွယ်ရေးတပ်အဖွဲ့များက သိမ်းပိုက်တိုက်ပွဲရာ စစ်ကောင်စီတပ်သား ၁၂ ဦးထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်များက ပြောပါတယ်။ ဒီနေ့ မနက်အစောပိုင်းက တန့်ဆည်မြို့နယ်ရှိ စစ်ကောင်စီတပ်သားများနဲ့ ပျူစောထီးများ တပ်စွဲထားတဲ့ နဋောင်းကျကျေးရွာရှိ စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ၄၅ မိနစ်ခန့်ကြာ ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့တာလို့ ဆိုပါတယ်။ စစ်ကောင်စီအုပ်စုထံမှ ကာဘိုင် လေးလက်၊ ၁၂ ဗို့ ခါးချိုး သုံးလက်၊ ကျည်ဘောက် ခုနစ်ခု၊ ကျည်မျိုးစုံ ၂၀၀ ကျော်၊ လက်ပစ်ဗုံးများနဲ့ စစ်ဝတ်စုံများ သိမ်း​ဆည်းရရှိခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့များက ပြောပါတယ်။

▪️မုံရွာမြို့အဝင်ရှိ စစ်ဆေးရေးဂိတ် ပစ်ခတ်တိုက်ခိုက်ခံရပြီး စစ်သားနှစ်ဦးသေ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အဝင်ရှိ စစ်ကောင်စီ​ရဲ့ စစ်ဆေးရေးဂိတ်ကို ဒေသကာကွယ်ရေးရဲဘော်များက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်သား နှစ်ဦးသေဆုံးတယ်လို့ Golden Eagle Force-Monywaအဖွဲ့ခေါင်းဆောင် ကိုလင်းယုန်က ပြောပါတယ်။ မနေ့ နေ့ခင်းက မုံရွာမြို့အဝင် ရေဦးဆန်ဆိုင်ရှေ့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားများကို ဒေသကာကွယ်ရေးအဖွဲ့များက ဝင်ရောက် ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ တိုက်ခိုက်မှုကြောင့် စစ်သား နှစ်ဦး နေရာမှာပင် လဲကျသေဆုံးပြီး တစ်ဦး လက်မောင်းထိသွားတယ်လို့ ကိုလင်းယုန်က ပြောပါတယ်။