Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (ဧပြီ ၂၄ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️ကုလအတွင်းရေးမှူးချုပ်ဟောင်းဘန်ကီမွန်း နေပြည်တော်ရောက်၊ အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ စိတ်ထင်ရာ လုပ်ဆောင်မှုလို့ လေ့လာသူသုံးသပ်

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာဘန်ကီမွန်းဟာ နေပြည်တော်ကို နှစ်ရက်ကြာခရီးစဥ်အဖြစ် မနေ့က ရောက်ရှိလာတယ်လို့ သိရပါတယ်။ ငြိမ်းချမ်းရေး၊ တရားမျှတမှု၊ လူ့အခွင့်အရေးနဲ့ တည်တံ့တဲ့ကမ္ဘာမြေအတွက် အလုပ်လုပ်နေတဲ့ လွတ်လပ်သော ကမ္ဘာ့ခေါင်းဆောင်များအဖွဲ့ The Elders ရဲ့ ဒုတိယဥက္ကဋ္ဌအနေနဲ့ မစ္စတာဘန်ကီမွန်းက လာရောက်တာဖြစ်ပြီး ခရီးစဥ်အတွင်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်းလှိုင်အောင်နဲ့တွေ့ဆုံဖိို့ရှိပါတယ်။ ဘန်ကီိမွန်းရဲ့ နေပြည်တော်ခရီးစဥ်မှာ နိိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိိုလ်ဒေါ်အောင်ဆန်းစုကြည်နဲဲ့ တွေ့ဆုံခွင့်ကို စစ်ကောင်စီက ပေး၊ မပေး မသေချာပေမယ့် ပေးနိုင်ဖွယ်မရှိဘူးလို့ မြန်မာ့အရေးအကဲခတ်တစ်ဦးက သုံးသပ်ပါတယ်။ ဒါ့အပြင် လက်ရှိ မြန်မာ့အကြပ်အတည်းကို ကုလသမဂ္ဂအထူးကိုယ်စားလှယ်၊ အာဆီယံအထူးကိုယ်စားလှယ်အပါအဝင် နိုင်ငံတကာအသိုင်းအဝန်းက မဖြေရှင်းနိုင်တဲ့အခြေအနေမှာ ဘန်ကီမွန်းနဲ့တွေ့ဆုံမှ ပြေလည်မှာ မဟုတ်ဘဲ အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ စိတ်ထင်ရာ လုပ်ဆောင်မှုတစ်ခုသာဖြစ်တယ်လို့ အကဲခတ်က ဆိုပါတယ်။

▪️မယ်စိထာဂိတ်စခန်းကို နာရီဝက်အတွင်း KNUတိုက်ခိုက်သိမ်းပိုက်

ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် တပ်မဟာ(၁)နဲ့ KNU ဖာပွန်ခရိုင် တပ်မဟာ (၅) အကြားရှိ စစ်ကောင်စီရဲ့ မယ်စိထာဂိတ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၁)နဲ့ တပ်မဟာ(၅) ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်သိမ်းပိုက်ဖျက်ဆီးခဲ့တယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။ အမှတ်(၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ – ၈)၊ ခမရ (၄၀၁)တပ်ရင်း လက်အောက်ခံ မယ်စိထာ စစ်ဆေးရေးဂိတ်ကို ဒီနေ့မနက် အစောပိုင်းက တိုက်ခိုက်ခဲ့ရာ နာရီဝက်အကြာမှာ သိမ်းယူနိုင်ခဲ့တာလို့ ဆိုပါတယ်။ ဂိတ်စခန်း သိမ်းပိုက်မှုဖြစ်စဥ်အတွင်း အာဏာသိမ်း စစ်ကောင်စီ တပ်သား ငါးဦး စခန်းအတွင်း သေဆုံးခဲ့ပြီး စစ်ကောင်စီတပ်ထံမှ ပစ္စတို MA 5 (၁)လက်၊ K3 79 (၁)လက်၊ K3 (၃)လက်၊ ကျည်ဘောက် (၂၀)ခု၊ ကျည်ဆံ (၁,၅၀၀)တောင့် သိမ်းယူနိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။

(စစ်ကောင်စီတပ်၏ မယ်စိထာ ဂိတ်စခန်းအား တိုက်ခိုက်သိမ်းပိုက်ဖျက်ဆီးပြီးနောက် သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - KNU)
(စစ်ကောင်စီတပ်၏ မယ်စိထာ ဂိတ်စခန်းအား တိုက်ခိုက်သိမ်းပိုက်ဖျက်ဆီးပြီးနောက် သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ – KNU)

▪️အင်းစိန်CIDရုံးကို အဝေးထိန်းဗုံးနဲ့ နှစ်ကြိမ်တိုက်ခိုက်

ရန်ကုန်မြို့ အင်းစိန်မြို့နယ်ရှိ အမှတ်(၂)မှုခင်းရဲတပ်ဖွဲ့(CID)ရုံးကို အဝေးထိန်းဗုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားများလာရောက် စစ်ဆေးချိန် ထပ်မံဖောက်ခွဲခဲ့ရာ ဒဏ်ရာရရှိသူ အများအပြားရှိနိုင်တယ်လို့ Yangon Urban Guerrilla Army (Y.U.G.A)တာဝန်ရှိသူက ပြောပါတယ်။ မနေ့ညပိုင်းက အင်းစိန် CID ရုံးကို အဝေးထိန်းဗုံးနှစ်လုံးနဲ့ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဝင်များလာရောက်စစ်ဆေးချိန်မှာ ဖျက်အားပြင်း အဝေးထိန်းဗုံးလေးလုံး ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ Y.U.G.A က ထုတ်ပြန်ထားပါတယ်။ ပထမအကြိမ်ပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီက CID ဝန်းကျင်ကို ဖြတ်သန်းသွားလာခွင့်မပြုခဲ့ဘဲ စစ်ဆေးရေးများလုပ်ဆောင်ခဲ့သလို ကင်းပတ်နေတဲ့ ကားအများအပြားကိုတွေ့ရကြောင်း ဒေသခံတစ်ဦးကပြောပါတယ်။

(အင်းစိန်မြို့နယ်ရှိ အမှတ်(၂)မှုခင်းရဲတပ်ဖွဲ့ (CID)ရုံးအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(အင်းစိန်မြို့နယ်ရှိ အမှတ်(၂)မှုခင်းရဲတပ်ဖွဲ့ (CID)ရုံးအား တွေ့ရစဉ်။ ဓာတ်ပုံ – CJ)

▪️စစ်ကောင်စီတပ် လက်နက်ကြီးနဲ့တိုက်ခိုက်နေလို့ သတိနဲ့နေထိုင်ကြဖို့ မင်းတပ်CDF ထပ်မံအသိပေး

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်းရှိ အရပ်သားပြည်သူများနေထိုင်ရာနေရာများသို့ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်နေလို့ ပြည်သူများအနေနဲ့ လက်နက်ကြီး ဘေးရန်မှကာကွယ်နိုင်ဖို့နဲ့ ထိခိုက်မှု နည်းပါးစေဖို့အတွက် သတိနဲ့နေထိုင်ပေးကြဖိို့ မင်းတပ် ချင်းကာကွယ်ရေးတပ်(CDF)က ထပ်မံအသိပေးလိုက်ပါတယ်။ ဧပြီ ၂၂၊ ၂၃ ရက်များက မင်းတပ်မြို့နယ် တိုက်နယ်(၃)၊ တိုက်နယ်(၂) ဒေသသို့ စစ်ကောင်စီတပ်က လက်နက်ကြီးများပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ခိုက်မှုများအတွင်း စာသင်ကျောင်းနဲ့ ပြည်သူလူထုနေအိမ်များထိခိုက်ပျက်စီးခဲ့တယ်လို့ အသိပေးပါတယ်။

(မင်းတပ်မြို့နယ် တိုက်နယ်(၃)၊တိုက်နယ်(၂) ဒေသသို့ စစ်ကောင်စီတပ်က လက်နက်ကြီးများပစ်ခတ်တိုက်ခိုက်ခဲ့သည့် အပိုင်းအစများအား တွေ့ရစဥ်။ ဓာတ်ပုံ - CDF)
(မင်းတပ်မြို့နယ် တိုက်နယ်(၃)၊တိုက်နယ်(၂) ဒေသသို့ စစ်ကောင်စီတပ်က လက်နက်ကြီးများပစ်ခတ်တိုက်ခိုက်ခဲ့သည့် အပိုင်းအစများအား တွေ့ရစဥ်။ ဓာတ်ပုံ – CDF)

▪️ဖားကန့်မှာ PDFတစ်ဦးနဲ့ အရပ်သားတစ်ဦးတို့ကို စစ်ကောင်စီတပ် သတ်ဖြတ်ပြီး HAPPY KTVရှေ့ အလောင်းလာချထား

ကချင်ပြည်နယ် ဖားကန့်မြို့မှာ စစ်ကောင်စီက PDF ရဲဘော်တစ်ဦးနဲ့ အရပ်သားတစ်ဦးကို သတ်ဖြတ်ပြီး HAPPY KTV ဆိုင်ရှေ့ အများပြည်သူမြင်ကွင်းမှာ ရုပ်အလောင်းလာချထားတယ်လို့ တော်လှန်ရေးအင်အားစုများက ပြောပါတယ်။ Happy KTV မှာ မနေ့ မနက်အစောပိုင်းက စစ်ကောင်စီတပ်ရဲ့စစ်ကြောင်းမှူးအပါအဝင် စစ်ကောင်စီနဲ့ပတ်သက်သူ စီးပွားရေးလုပ်ငန်းရှင်အချို့ ပစ်သတ်ခံခဲ့ရပါတယ်။ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းမှူး အသတ်ခံရလို့ ပြန်ပြီးလက်စားချေတဲ့သဘောထင်တယ်လို့ ဖားကန့်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထောက်ပို့ရဲဘော်တစ်ဦးက ပြောပါတယ်။

▪️ပဇီကြီးရွာအနီးတိုက်ပွဲ စစ်သား ၂၅ ဦးထက်မနည်း​သေ

စစ်ကိုင်းတိိုင်း၊ ကန့်ဘလူမြိို့နယ် ပဇီကြီးရွာအနီး လေးတွင်းစင်ရွာမှာ ဧပြီ ၂၂ ရက်က တနေကုန်နီးပါးဖြစ်ပွားတဲ့ တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၂၅ ဦးထက်မနည်း သေဆုံးပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -ပကဖ တာဝန်ခံကပြောပါတယ်။ စစ်တပ်က ပဇီကြီးရွာကိုဗုံးကြဲပြီး​နောက် အဲဒီဒေသမှာ ပထမဆုံးဖြစ်ပွားတဲဲ့ တိုက်ပွဲဖြစ်ပြီး မလည်တိုက်နယ် ပကဖ နဲ့ ​ဒေသခံကာကွယ်​ရေးတပ်ဖွဲ့များက ပူး​ပေါင်းတိုက်ခိုက်ခဲ့တာပါ။ စစ်ကောင်စီတပ်ရဲ့ အလောင်းတွေကို ယူကလစ်ပင်တွေအောက်မှာ မီးရှို့သွားတယ်လို့ ပကဖတာ၀န်ခံက ပြောပါတယ်။

▪️နွားထိုးကြီး-မြင်းခြံလမ်းပိုင်း စစ်ဆေးရေးလုပ်နေတဲ့ စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ် နွားထိုးကြီး-မြင်းခြံလမ်းပိုင်းမှာ စစ်ဆေးရေးလုပ်နေတဲ့ စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ Myingyan District Drone Strike Team အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ မနေ့က စစ်ကောင်စီတပ်သားများကို ဒရုန်းနဲ့ ဗုံးနှစ်ကြိမ်ချ တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုကြောင့် စစ်သား ငါးဦးသေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိတယ်လို့ ဆိုပါတယ်။ တိုက်ခိုက်မှုကို Myingyan District Drone Strike Team ( MDDS )၊ မြင်းခြံခရိုင်တပ်ရင်းအမှတ်(၁)၊ မြင်းခြံခရိုင်တပ်ရင်းအမှတ်(၃)၊ မြင်းခြံခရိုင်တပ်ရင်းအမှတ်(၄) နဲ့ မြင်းခြံခရိုင်တပ်ရင်းအမှတ် (၈)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဖော်ပြပါတယ်။

▪️မြိုင်နဲ့ ပေါက်မြို့နယ်ရှိ စစ်တပ်စစ်ဆေးရေးဂိတ်နဲ့ ပျူရွာများတိုက်ခိုက်ခံရ

မကွေးတိုင်း၊ ပခုက္ကူခရိုင် မြိုင်နဲ့ ပေါက်မြို့နယ်တို့ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်နဲ့ ပျူစောထီးကျေးရွာများကို ဒေသကာကွယ်ရေးအဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်များက ပြောပါတယ်။ ဧပြီ ၂၁ ရက်က မြိုင်မြို့နယ်ရှိ သရက်ကွ ပျူရွာကို ဒေသကာကွယ်ရေးအဖွဲ့များက နေ့ခင်းပိုင်းမှာ တစ်ကြိမ်၊ ညပိုင်းမှာ တစ်ကြိမ် လက်နက်ကြီးများနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဒေသခံများက ပြောပါတယ်။ ဒါ့အပြင် ပေါက်မြို့အဝင်ရှိ အိမ်တွင်းမှုရုံးရှေ့ စစ်ဆေးရေးဂိတ်ကို ဒေသကာကွယ်ရေးအဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ညပိုင်းအထိ ပစ်ခတ်သံများကြားခဲ့ရတယ်လို့ ဒေသခံများက ပြောပါတယ်။