နှစ်ဦးအရှင်ဖမ်းမိပြီး လက်နက်ခဲယမ်းများစွားသိမ်းဆည်းရရှိဟု KNDF အသိပေး
ရှမ်း – ကရင်နီပြည်နယ်ဒေသအစပ် ဖယ်ခုံ၊မိုးဗြဲ နှင့် ပင်လောင်းမြို့နယ်တိုက်ပွဲများတွင် သုံးရက် အတွင်း စစ်ကောင်စီတပ်သား ၅၀ ဦးထက်မနည်းသေဆုံးပြီး အရှင်နှစ်ဦးဖမ်းမိကာ လက်နက် ၂၆ လက်အပါအဝင် ခဲယမ်းများစွာရရှိကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) က ယနေ့ထုတ်ပြန်သည်။
ဖယ်ခုံမြို့နယ်နှင့် ပင်လောင်းမြို့နယ်အစပ်ရှိ မြောက်စလုံးကျေးရွာတွင် ဝင်ရောက်တပ်စွဲထားသော စစ်ကောင်စီတပ်များအား ဧပြီ ၂၄ ရက်နံနက်ပိုင်းတွင် KA ၊ KNDF B/11 ၊ KNDF B/22 ၊KNDF B/03 ၊ KNDF ဗျူဟာ (၅) ၊ KNDF UAV ၊ PNDF-KK ၊ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) တပ်ရင်း ( ၂) ၊ ကရင်နီတပ်ပေါင်းစု၊ KGZ ၊ KRU နှင့် URF တို့ပူးပေါင်း၍ တစ်နေကုန်နီးပါး ချေမှုန်းတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
အဆိုပါ ချေမှုန်းရေးတိုက်ပွဲအတွင်း စစ်ကောင်စီ ဖက်မှ ၃၀ဦးနှင့်အထက် သေဆုံးကာ ဒဏ်ရာရရှိသူများပြားခဲ့ပြီး ၎င်းတို့ထံမှ MA-1 (၃)လက် ၊ MA-2 (၃)လက် ၊ MA-3 (၂)လက် ၊ MA-4 ၇၉တွဲ (၁)လက် ၊ MG-3 (၁)လက် ၊ RPG 7 (၁)လက် ၊ 60MM စိန် ပြောင်း (၁)လက် ၊ ဆက်သွယ်ရေးစက် (၂)လုံး နှင့် ဆက်စပ် ခဲယမ်းမီးကျောက်များ၊ အသုံးအဆောင်များအား သိမ်းဆည်းရရှိခဲ့သည်။
တိုက်ပွဲအတွင်း KNDF B/11 မှ ရဲဘော်တစ်ဦး မြင့်မြတ်စွာကျဆုံးခဲ့ရသည်ဟု အသိပေးထားသည်။
![(မိုးဗြဲ၊ဖယ်ခုံ နှင့် ပင်လောင်းမြို့၌ သုံးရက်တာ တိုက်ပွဲမှရရှိခဲ့သော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - KNDF)](https://i0.wp.com/www.ludunwayoo.com/wp-content/uploads/2023/04/343536887_209065655189861_2105753407078205297_n.jpg?resize=880%2C647&ssl=1)
![(မိုးဗြဲ၊ဖယ်ခုံ နှင့် ပင်လောင်းမြို့၌ သုံးရက်တာ တိုက်ပွဲမှရရှိခဲ့သော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - KNDF)](https://i0.wp.com/www.ludunwayoo.com/wp-content/uploads/2023/04/343611512_632540335414608_9111607576808169230_n.jpg?resize=880%2C660&ssl=1)
![(မိုးဗြဲ၊ဖယ်ခုံ နှင့် ပင်လောင်းမြို့၌ သုံးရက်တာ တိုက်ပွဲမှရရှိခဲ့သော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - KNDF)](https://i0.wp.com/www.ludunwayoo.com/wp-content/uploads/2023/04/343421461_567489015522941_3515833621866513279_n.jpg?resize=880%2C485&ssl=1)
![(မိုးဗြဲ၊ဖယ်ခုံ နှင့် ပင်လောင်းမြို့၌ သုံးရက်တာ တိုက်ပွဲမှရရှိခဲ့သော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - KNDF)](https://i0.wp.com/www.ludunwayoo.com/wp-content/uploads/2023/04/343429267_766054311821425_4630522871560643364_n.jpg?resize=880%2C605&ssl=1)
ထို့အတူ ဧပြီ ၂၆ရက် နံနက်ပိုင်းတွင်လည်း မိုးဗြဲမြို့ ၊ ညောင်ဝိုင်းရပ်ကွက်အတွင်း တပ်စွဲထားသော စစ်ကောင်စီ၏ တပ်မ (၆၆)လက်အောက်ခံ ခမရ (၁၀) တပ်ရင်းတပ်ဖွဲ့များအား KNDF B/03 ၊ KNDF B/01 ၊ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) တပ်ရင်းအမှတ် (၁၀၀၁)နှင့် မြို့ပြတော်လှန်ရေးတပ်ဦး (URF) တို့ပူးပေါင်း၍ ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
ထိတွေ့တိုက်ပွဲမှာ နံနက် ၆နာရီမှ ၁၀နာရီထိ ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဖက်မှ လက်နက်ကြီးများ အဆမတန်အသုံးပြု၍ပစ်ကူပေးခဲ့သလို ဂျက်ဖိုက်တာဖြင့် လေးကြိမ်ခန့် လာရောက်ပစ်ကူပေးခဲ့သည်။
ကရင်နီတပ်ပေါင်းစု၏ ချေမှုန်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ဦးသေဆုံးကာ နှစ်ဦးအား အရှင်ဖမ်းဆီးနိုင်ခဲ့ပြီး ၎င်းတို့ထံမှ MA – 1 (၄) လက်၊ MA -2 (၄) လက်၊ MA -3 (၂) လက်၊ MA-4 (၁) လက်၊ RPG-7 (၁) လက်၊ (၆၀) မမပြောင်းတို (၂ )ပြောင်း သိမ်းဆည်းရရှိခဲ့သည်။
“စကစရဲ့ ထိုးစစ်ကဆက်ရှိနေဦးမယ်လို့ သုံး သပ် တယ်။ဒါကြောင့်လည်း တိုက်ပွဲတွေကရှိနေဦးမှာပဲ။တစ်ခုရှိတာ စစ်ရှုံးနေတဲ့ စကစက လူထုအပေါ်ပါ စစ်ရေးပစ်မှတ်အဖြစ် အရင်ကထက်ပို ပြီး တိုက်ခိုက်လာနေတာကြောင့် ပြည်သူတွေအနေနဲ့ ဂရုစိုက်နေထိုင်ကြဖို့တိုက်တွန်း လိုတယ်”ဟု KNDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။
ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဖယ်ခုံမြို့နယ်နှင့် ပင်လောင်းမြို့နယ် အစပ်တိုက်ပွဲများအတွင်း ဧပြီ ၂၅ရက်နေ့မှစ၍ စစ်ကောင်စီတပ်ဖွဲ့များမှာ မြောက်စလုံးကျေးရွာ မှ တောင်မဲသင်းကျေးရွာဖက်သို့ ဆုပ်ခွာ၍ တပ်စွဲထားပြီး လက်ရှိချိန်ထိ ကရင်နီတပ်ပေါင်းစုများနှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား စစ်ရေး တင်းမာနေဆဲဖြစ်ကြောင်း KNDF က အသိပေးသည်။
![](https://i1.wp.com/ludunwayoo.com/wp-content/uploads/2021/08/banner-logo1-50px.png)