Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကနီတွင် ရိက္ခာထွက်ရှာသည့် စစ်ကောင်စီတပ်နှင့်ပျူများ မိုင်းထိ

စစ်အုပ်စုသ​ည် မိုင်းထိသူများအား သယ်ဆောင်ကာ အလယ်ကျွန်းရွာသို့ နောက်ကြောင်းပြန်ဆုတ်သွားကြောင်း ရဲဘော်အချို့က ပြောသည်။

(ကျောက်လုံးကြီး KLG PDFအဖွဲ့၏ စစ်ဆင်ရေးများတွင် အသုံးပြုသောမိုင်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - KLG PDF)
(ကျောက်လုံးကြီး KLG PDFအဖွဲ့၏ စစ်ဆင်ရေးများတွင် အသုံးပြုသောမိုင်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - KLG PDF)

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် ရိက္ခာပြတ်၍ ထွက်ရှာသည့် စစ်ကောင်စီတပ်သားများနှင့်ပျူစောထီးများမိုင်းထိပြီး တစ်ဦးသေ၊ သုံးဦးဒဏ်ရာရရှိကြောင်း ကျောက်လုံးကြီး KLG PDF အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ AT က ပြောကြားသည်။

ယမန်နေ့ (ဧပြီ၂၇ ရက်) ညနေ ၆ နာရီခန့်ကကနီမြို့နယ်၊ အလယ်ကျွန်း ပျူစောထီးကျေးရွာမှ သရက်တောကျေးရွာဘက်သို့ အင်အား ၁၀ဦးခန့်ဖြင့် စစ်ကြောင်းထိုးလာသော စစ်သားနှင့်ပျူများအား သရက်တောကျေးရွာသို့ မရောက်မီ KLG PDF ကျောက်လုံးကြီးအဖွဲ့ ထောင်ထားသော တိုက်မိုင်း တစ်လုံးထိခဲ့သည်။

အဆိုပါ မိုင်းကွဲမှုကြောင့် အလယ်ကျွန်းရွာမှ ပျူတစ်ဦးသေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာရရှိကြောင်း AT က ပြောသည်။

“အလယ်ကျွန်းပျူရွာမှာ စစ်သားနဲ့ ပျူရယ်၊ ရဲစုစုပေါင်း ၁၀၀ဝန်းကျင်ရှိတယ်။ ရိက္ခာမရှိတော့လို့ သရက်တောရွာဘက် ထွက်လာတဲ့အချိန် မိုင်းဆွဲတိုက်ခိုက်ခဲ့တာ။ ပြည်သူတွေရဲ့ ပစ္စည်းတွေကို ယူဖို့ထွက်လာရင်း အခုလို မိုင်းမိပြီးသေတာ”ဟု အထက်ပါတာဝန်ခံက ဆိုသည်။

စစ်အုပ်စုသ​ည် မိုင်းထိသူများအား သယ်ဆောင်ကာ အလယ်ကျွန်းရွာသို့ နောက်ကြောင်းပြန်ဆုတ်သွားကြောင်း ရဲဘော်အချို့က ပြောသည်။

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ကောင်စီတပ်ထောက်ခံသော ပျူရွာများအား ဒေသတွင်းကာကွယ် ရေးအဖွဲ့များက ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်လေ့ရှိပြီး စစ်ကောင်စီတပ်က ကာကွယ်မပေးနိုင်၍ ပျူရွာများရိက္ခာအတွက် ခက်ခဲနေသည်ဟု သတင်းရရှိသည်။