Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေစကြို၊ ပေါက်နှင့် မြိုင်တွင် တစ်ရက်အတွင်း စစ်ကောင်စီ၏စစ်ရေးပစ်မှတ် (၈)နေရာကို တိုက်ခိုက်ခဲ့ဟု NUG ကာကွယ်ရေး အသိပေး

မြိုင်တွင်လည်း ဝဲတူးလ်(Well 2)ရေနံမြေတပ်စခန်းမှ ဖလံကိုင်းရေနံမြေတပ်စခန်းသို့ အင်အား ၁၀၀ခန့်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသော ရန်သူ့တပ်ဖွဲ့ဝင်များကို မိုင်းဖောက်ခွဲပြီး ဒရုန်းဖြင့်ဗုံးသီး ၂၃လုံးချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်များနိုင်သည်ဟု ဖော်ပြသည်။

(အညာဒေသတွင် စစ်ကောင်စီတပ်အား တိုက်ခိုက်ရန်တီထွင်ထားသော လက်နက်အား တွေ့ရစဥ်။ ဓာတ်ပုံ - MoD-NUG)
(အညာဒေသတွင် စစ်ကောင်စီတပ်အား တိုက်ခိုက်ရန်တီထွင်ထားသော လက်နက်အား တွေ့ရစဥ်။ ဓာတ်ပုံ - MoD-NUG)

▪️စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိခဲ့

မကွေးတိုင်း ရေစကြိုမြို့နယ်၊ မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်တို့တွင် စစ်ကောင်စီတပ်များကို ဧပြီ ၂၄ရက်က တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်ရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနက ယမန်နေ့တွင် ထုတ်ပြန် သည်။

ဧပြီ ၂၄ရက်အတွင်း ရေစကြိုနယ်တွင် အင်အား ၆၀ခန့်ပါ စစ်ကောင်စီတပ် ယာဉ်နှစ်စီးကို တိုက်ခိုက်ခြင်း၊ မြိုင်နယ် ညောင်တွင်းရွာကို မီးရှို့နေသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ခြင်း၊ မြိုင်နယ်တွင် စစ်ကောင်စီတပ်ရှိရာကို ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်ခြင်း၊ မြိုင်ရဲစခန်းကို တိုက်ခိုက်ခြင်း၊ မြုင်နယ် ဝဲတူးလ် ရေနံမြေမှ ဖလံကိုင်းရေနံမြေစခန်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ခြင်း၊ ပေါက်မြို့နယ် ဇီးပြားရွာ အခြေပြု စစ်ကောင်စီတပ်ကို တိုက်ခိုက်ခြင်း၊ ပေါက်နယ် သရော်ကိုင်းရွာ အခြေပြုစစ်ကောင်စီတပ်ကို တိုက်ခိုက်ခြင်း၊ ပေါက်နယ် ဇီးပြားရဲစခန်းမှထွက်လာသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ခြင်းများလုပ်ဆောင်ခဲ့ကြောင်း ဖော်ပြသည်။

အဆိုပါတိုက်ခိုက်မှုများအနက် ဇီးပြားရဲစခန်းမှ ထွက်လာသည့်ရန်သူ့တပ်ဖွဲ့ဝင် ၁၀၅ဦးပါ စစ်ကြောင်းကို လယ်အိုရွာနှင့်လယ်မရွာအနီး၌ ပေါက်မြို့နယ် ဗိုလ်စကားအဖွဲ့က စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ၁၀ဦးထက်မနည်း သေဆုံးထိခိုက်ခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ရာ ဧရိယာအပေါ်သို့ ရန်သူ့တပ်မှ ဂျက်ဖိုက်တာတစ်စီး သုံးကြိမ်ပျံဝဲခဲ့ပြီး နေ့လည်ပိုင်းတွင် တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် နာရီဝက်ကျော်ကြာ ပစ်ခတ်တိုက်ခိုက်လာကြောင်း ထုတ်ပြန် သည်။

ထို့ပြင် တိုက်လေယာဉ်ဖြင့်လည်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

မြိုင်တွင်လည်း ဝဲတူးလ်(Well 2)ရေနံမြေတပ်စခန်းမှ ဖလံကိုင်းရေနံမြေတပ်စခန်းသို့ အင်အား ၁၀၀ခန့်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသော ရန်သူ့တပ်ဖွဲ့ဝင်များကို မိုင်းဖောက်ခွဲပြီး ဒရုန်းဖြင့်ဗုံးသီး ၂၃လုံးချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်များနိုင်သည်ဟု ဖော်ပြသည်။

မြိုင်နယ်ညောင်တွင်းရွာရှိ ပြည်သူလူထုနေအိမ်များကို မီးရှို့နေသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာတွင်လည်း ရန်သူ့ဘက်က သေဆုံးထိခိုက်ရှိနိုင်ကြောင်း၊ ကာကွယ်ရေးရဲဘော် တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ပြည်သူလူထုနေအိမ် အလုံး ၃၀ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု ဆိုသည်။

ယခုနှစ်တွင် မကွေးတိုင်းရှိ ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် စစ်ကောင်စီတပ်ကို တိုက်ခိုက်သည့် စစ်ရေးဆောင်ရွက်ချက်များ အရှိန်မြှင့်လုပ်ဆောင်လျက်ရှိသည်။ ပြည်သူများအနေဖြင့် တော်လှန်ရေးအင်အားစုများကို ဆက်လက်ပံ့ပိုးကူညီကြရန် ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက တိုက်တွန်းထားသည်။