Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒီးမော့ဆိုအရှေ့ခြမ်း၌ တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီ လေကြောင်းမှသုံးကြိမ်ထက်မနည်းတိုက်ခိုက်

ယနေ့(မေ ၁၆ ရက်) နံနက်ပိုင်းကစ၍ ထိတွေ့တိုက်ပွဲ စတင်ခဲ့ပြီးနောက် စစ်ကောင်စီတပ်မှာ အထိနာ၍ တိုက်ခိုက်ရေး ဂျက်လေယာဥ်များ အသုံးပြုခဲ့သည်ဟု ဆိုသည်။

(ဒီးမော့ဆို အရှေ့ဘက်ခြမ်းနယ်မြေတွင် တိုက်ပွဲဝင်နေသည့် KNDF ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - KNDF)
(ဒီးမော့ဆို အရှေ့ဘက်ခြမ်းနယ်မြေတွင် တိုက်ပွဲဝင်နေသည့် KNDF ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - KNDF)

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုအရှေ့ခြမ်း၌ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းပစ်ကူ သုံးကြိမ်ထက်မနည်းအသုံးပြုတိုက်ခိုက်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)မှ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ယနေ့(မေ ၁၆ ရက်) နံနက်ပိုင်းကစ၍ ထိတွေ့တိုက်ပွဲ စတင်ခဲ့ပြီးနောက် စစ်ကောင်စီတပ်မှာ အထိနာ၍ တိုက်ခိုက်ရေး ဂျက်လေယာဥ်များ အသုံးပြုခဲ့သည်ဟု ဆိုသည်။

“အထိနာတော့ လေကြောင်းသုံးတာ သူတို့(စစ်ကောင်စီ)အတွက် ပုံမှန်လိုဖြစ်နေပြီ။လေကြောင်းမှမပါရင် တစ်တပ်လုံး မြေသြဇာဖြစ်မယ့် စစ်တပ်ပါ”ဟု အထက်ပါ တပ်ဖွဲ့ဝင်က ပြောသည်။

ယနေ့ တိုက်ပွဲ နှစ်ဖက်ထိခိုက်မှုကိုမူ အတည်ပြုမရသေးပေ။

စစ်ရေးအရ ဖော်ပြ၍မရသေးသော ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းနေရာ၌ ယမန်နေ့(မေ ၁၅ ရက်)ကလည်း ထိတွေ့တိုက်ပွဲ သုံးကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။ အဆိုပါတိုက်ပွဲများတွင် နှစ်ဖက်ထိခိုက်မှုရှိခဲ့သည်။

Public Service Announcement
Public Service Announcement

နှစ်လကျော်ကြာမြဒီးမော့ဆို အရှေ့ခြမ်းတိုက်ပွဲများတွင် အထိနာခဲ့သည့် စစ်ကောင်စီတပ်မှာ ယခုလဆန်းပိုင်းက အင်အားဖြည့်တင်းကာ နောက်တစ်ကြိမ် ထိုးစစ်ဆင်းရန် ကြိုးစားနေခြင်းဖြစ်သည်။

ထို့ကြောင့် ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့အရှေ့ဖက်ခြမ်းရှိ ဒေါစဲရွာ ၊ ဒေါတငူးရွာ ၊ တနီးလာလဲ ကျေးရွာများအတွင်းနှင့် အနီးတစ်ဝိုက်တွင် စစ်ကောင်စီ၏ စစ်ကြောင်းများမှတပ်စွဲ၍ လှုပ်ရှားနေကြောင်း KNDFက အသိပေးထားသည်။

နယ်မြေခံ တပ်မ(၅၅)အပါ တပ်မ (၆၆)၊ တပ်မ (၂၂)၊တပ်မ (၉၉)အစရှိသည့် တပ်မလေးခု အပြင် အမှတ် (၂ ) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂) လက်အောက်ခံတပ်ရင်းများပါ အသုံးပြု၍ ကရင်နီပြည်နယ်သို့ ဖေဖော်ဝါရီအကုန် မတ်လဆန်းကစ၍ စစ်ကောင်စီက ထိုးစစ်ဆင်ခဲ့သည်။

တိုက်ပွဲများအတွင်းမတ်လဆန်းပိုင်းကစ၍ ဧပြီကုန်အထိ စစ်ကောင်စီတပ်သား ၃၅၀ ကျော်သေဆုံးကာ လက်နက်ကြီး၊ လက်နက်ငယ် ၁၀၀ ကျော်ကို ကရင်နီတပ်ပေါင်းစုက သိမ်းဆည်းနိုင်ခဲ့သည်။

ထို့နောက် စစ်ကောင်စီက ၎င်းတို့ထိုးစစ်ဆင်ခဲ့သည့် နယ်မြေ အသီးသီးမှ ဧပြီကုန်ပိုင်းတွင် ပြန်လည်ဆုတ်ခွာခဲ့သည်။သို့သော် ယခုလအစတွင် စစ်ကောင်စီတပ်က အင်အားဖြည့်တင်းပြီးနောက် ယခင် ထိုးစစ်ဆင်ခဲ့သည့် နေရာများသို့ ပြန်လည်ဝင်ရောက်လာခဲ့သည်။