Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖာပွန်ခရိုင်၌ လဝက်အတွင်း တိုက်ပွဲ ၆၀ကျော်ဖြစ်

စစ်ကောင်စီ၏ထောက်ပံ့ပိုးဆောင်ရေးယာဉ်(၂)စီးနှင့် မြင်းလား(၂)ကောင်းကိုလည်း တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ကြောင်း အသိပေးထားသည်။

(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - တပ်မဟာ(၅))
(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - တပ်မဟာ(၅))

▪️စစ်ကောင်စီတပ် ၂၆ဦးသေဟု KNU တပ်မဟာ(၅) အသိပေး

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်(မူတြော်)ခရိုင် တပ်မဟာ(၅)နယ်မြေတွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့ရာ ယခုလဝက်အတွင်း တိုက်ပွဲ ၆၃ကြိမ်ဖြစ်ပွားခဲ့သည်ဟု တပ်မဟာ(၅) က ယမန်နေ့ညပိုင်းက အသိပေးထုတ်ပြန်သည်။

မေလ ၁ရက်မှ ၁၅ရက်အထိ တပ်မဟာ(၅) ထိန်းချုပ်ရာဒေအတွင်း တိုက်ပွဲဖြစ်ပွားမှုကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

နှစ်ပတ်တာအတွင်း တိုက်ပွဲ ၆၃ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ၂၆ဦး သေဆုံးပြီး ၁၀ဦး ဒဏ်ရာရခဲ့ကြောင်းထုတ်ပြန်ခဲ့ပြီး သေဆုံးသူများအနက် တပ်ခွဲမှူးတစ်ဦး၊ ဒု-ခွဲမှူးတစ်ဦးနှင့် တပ်ကြပ်ကြီးတစ်ဦး ပါဝင်ကြောင်းအတည်ပြုသိရှိရသည်ဟု ဖော်ပြသည်။

အဆိုပါ တိုက်ပွဲများအတွင်းတပ်မဟာ(၅)ဘက် က စစ်သည် နှစ်ဦးကျဆုံးခဲ့ပြီး ၆ဦး ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်သည်။

ထို့ပြင် စစ်ကောင်စီ၏ထောက်ပံ့ပိုးဆောင်ရေးယာဉ်(၂)စီးနှင့် မြင်းလား(၂)ကောင်းကိုလည်း တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ကြောင်း အသိပေးထားသည်။

ယခုလဝက်အတွင်း တိုက်ပွဲများ၌ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့၏ လက်နက်ခဲယမ်းအချို့အား သိမ်းဆည်းရရှိခဲ့ကြောင်းလည်း တပ်မဟာ(၅)က ယခင်က သတင်းထုတ်ပြန်ထားသည်။ မေလ ၂ရက်က စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့(BGF)၏ နီကန်စခန်းအား တပ်မဟာ(၅)က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ BGF မှ တပ်ခွဲမှူး အပါအဝင် ၆ဦးသေဆုံးခဲ့ပြီး လက်နက် ၇လက် သိမ်းဆည်းရရှိခဲ့သည်။

စစ်ကောင်စီတပ်သည် တိုက်ပွဲနှင့်မသက်ဆိုင်သည့် ပြည်သူလူထုများရှိရာသို့ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့၍ ပြည်သူတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်းလည်း အသိပေးထားသည်။