Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မောက်မယ်ရှိ PNLO တပ်စခန်းကို RCSSက အင်အား ၁၀၀ကျော်ဖြင့်လာတိုက်၍ တိုက်ပွဲဖြစ်

လက်ရှိတွင် RCSSတပ်များသည် ပအိုဝ်းကျေးရွာများသို့ ဝင်ရောက်တပ်စွဲနေပြီး ဒေသခံများအား ရွာပြင်ထွက်ခွင့်မပေးကြောင်း၊ ထိုသို့ ဒေသခံများအား ရွာပြင်ထွက်ခွင့်မပေးခြင်းမှာ ပအိုဝ်းလူထုအား လူသားဒိုင်းအဖြစ် ပြုလုပ်ထားခြင်းဖြစ်ကြောင်း PNLAက ထုတ်ပြန်သည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO/PNLA)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - PNLA News
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO/PNLA)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - PNLA News

ရှမ်းပြည်နယ် မောက်မယ်မြို့နယ်ရှိ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO/PNLA) တပ်စခန်းကို ရှမ်းလက်နက်ကိုင်တပ်ဖွဲ့(RCSS)က အင်အား ၁၀၀ကျော်ဖြင့် လာရောက်တိုက်ခိုက်၍ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း PNLAက သတင်းထုတ် ပြန်သည်။

RCSSသည် PNLA ထိန်းချုပ်နယ်မြေ မောက်မယ်မြို့နယ် ဟိုနမ့်ရွာဘက်မှ လာရောက်ကာ ယနေ့ (မေလ ၂၀ရက်) နံနက်တွင် တိုက်ခိုက်လာ၍ တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ နံနက် ၇နာရီခန့်တွင် RCSS တပ်များသည် နမ့်ယမ်နှင့် လေခွင်ရွာဘက်သို့ ဆုတ်ခွာသွားကြောင်း ဖော်ပြထားသည်။

“ဒီမနက် ၅နာရီလောက်မှာပါ။ အောက်ခြေကပဲလုပ်သလား အထက်က ညွှန်ကြားချက်နဲ့ပဲလုပ်သလားဆိုတာ ကျနော်တို့တော့ မသိသေးဘူး။ ဒါပေမဲ့ ပြဿနာက မနက်ဖြန် ၂၁ရက်နေ့က ရှမ်းတော်လှန်ရေးနေ့ဗျ။ တော်လှန်ရေးနေ့ ရောက်ခါနီးမှာ ရှေ့တန်းတပ်တွေက အလုပ်ပြသလား မသိဘူပေါ့”ဟုPNLO တာဝန်ရှိသူတစ်ဦးက ပြောသည်။

RCSS တပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-RCSS
RCSS တပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-RCSS

ပြီးခဲ့သည့် လပိုင်းအတွင်းကလည်း RCSS နှင့် PNLAတို့အကြား မောက်မယ်နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားခဲ့​သေးသည်။

ယနေ့ တိုက်ပွဲနှင့်ပတ်သက်ပြီး PNLO တာဝန်ရှိသူက “ကျန်တော်တို့ ထိန်းချုပ် အစပ်ပေါ့။ သူတို့က PNO လို့ခေါ်တဲ့ ဌာနေအသွင်ပြောင်း ပြည်သူ့စစ် ထိန်းချုပ်နယ်မြေထဲကို လာနေတာ။ သူတို့နယ် မြေထဲမဟုတ်ပါဘူး။ အဲဒီ ထိန်းချုပ်နယ်မြေထဲလာနေတဲ့အခါကျတော့ PNOနဲ့သူတို့နဲ့က နားလည်မှုရှိတယ် ပူးပေါင်းဆောင်ရွက်မှုရှိတယ်။ PNO နယ်ထဲမှာ လာနေတုန်းမှာ PNLO နယ်ထဲကူးလာတဲ့သဘောပေါ့”ဟု ပြောကြားသည်။

Public Service Announcement
Public Service Announcement

ယနေ့တိုက်ပွဲတွင် နှစ်ဖက်ထိခိုက်ကျဆုံး ရှိ၊မရှိကို PNLA၏ ထုတ်ပြန်ချက်၌ ဖော်ပြမထားပေ။

“သူတို့(RCSS) မြောက်ပိုင်းမှာ စစ်ရှုံးပြီးတဲ့နောက် PNO ပြည်သူ့စစ်နဲ့ သူတို့ ပူးပေါင်းမှုများလာတယ်။ PNO ပြည်သူ့စစ်စခန်းတွေကို RCSS ကိုပေးလိုက်တာမျိုး နယ်မြေကို ပေးလိုက်တာမျိုးရှိတယ်။ ဒီနောက်ကွယ်မှာ RCSS နဲ့ PNO အပေးအယူရှိချင်လည်းရှိနိုင်တယ်” ဟု ​ဒေသတွင်းစစ်​ရေး​လေ့လာသူတစ်ဦးက​ပြောသည်။

လက်ရှိတွင် RCSSတပ်များသည် ပအိုဝ်းကျေးရွာများသို့ ဝင်ရောက်တပ်စွဲနေပြီး ဒေသခံများအား ရွာပြင်ထွက်ခွင့်မပေးကြောင်း၊ ထိုသို့ ဒေသခံများအား ရွာပြင်ထွက်ခွင့်မပေးခြင်းမှာ ပအိုဝ်းလူထုအား လူသားဒိုင်းအဖြစ် ပြုလုပ်ထားခြင်းဖြစ်ကြောင်း PNLAက ထုတ်ပြန်သည်။