Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီတပ်က ခင်ဦးနယ်ရှိ ကံသစ်ကျေးရွာကို နှစ်ရက်ဆက်မီးရှို့ဖျက်ဆီး၊ နေအိမ် ၁၇၀ ကျော်ပြာကျ

ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခြင်းခံရသည့် ကျေးရွာ(၇၄)ရွာအထိ ရှိလာခဲ့ပြီး နေအိမ် ၅၀၀၀ကျော် ပြာကျပျက်စီးက ဒေသခံ ပြည်သူ ၃၀,၀၀၀ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ကာ အကူအညီများလိုအပ်နေကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်သည်။

(ကံသစ်ကျေးရွာအား စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - Cj)
(ကံသစ်ကျေးရွာအား စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - Cj)

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ ကံသစ်ကျေးရွာနှစ်ရက်ဆက် မီးရှို့ဖျက်ဆီးခံရ၍ နေအိမ် ၁၇၀ ကျော်ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

မေလ ၁၈ရက်က ရွှေဘိုမြို့နယ် ညောင်ပင်သာစိုက်ပျိုးရေးကျောင်းမှလာသော အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီတပ်သည် ကံသာကုန်းရွာ၊ ညောင်ပင်သာရွာ၊ လိပ်ရကုန်းရွာနှင့် ခင်ဦးမြို့နယ်ရှိ အောင်ချမ်းသာကျေးရွာနှင့် ကံသစ်ကျေးရွာတို့ရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့သည်။

ယမန်နေ့နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က ကံသစ်ကျေးရွာကို နှစ်ရက်ဆက်ထပ်မံမီးရှို့ခဲ့ရာ နေအိမ် ၁၇၂လုံး ပြာကျပျက်စီးသွားခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။ ထို့အပြင် အောင်ချမ်းသာကျေးရွာမှ နေအိမ် သုံးလုံးမီးရှို့ဖျက်ဆီးခံရပြီး အခြား ရွှေဘိုမြို့နယ်ရှိ မီးရှို့ဖျက်ဆီးခံရသည့် ကျေးရွာများမှာမူ အရေအတွက် မသိရသေးကြောင်း ​ဒေသတွင်းသတင်းရင်းမြစ်က ပြောသည်။

(ကံသစ်ကျေးရွာအား စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - Cj)
(ကံသစ်ကျေးရွာအား စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ – Cj)

မီးရှို့ဖျက်ဆီးပြီးနောက် စစ်ကောင်စီအရာရှိပါဝင်သော စစ်ကြောင်းတစ်ခုသည် ကံသစ်ရွားရှိ ဆီဆိုင်အနီးတွင် မိုင်းထိ၍ အနည်းဆုံး လေးဦးသေဆုံးခဲ့ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

“သေတဲ့သူတွေကို ကံသစ်ရွာတောင်ဘက် နေအိမ်တွေထဲထည့်ပြီး သစ်သားတွေ၊ ထင်းတွေ တာရာတွေနဲ့ မီးရှို့ထားခဲ့တယ်။”ဟု ဒေသတွင်းသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

အဆိုပါ စစ်ကြောင်းသည် ယမန်နေ့ နေ့လည်၂နာရီခွဲခန့်တွင် ရေဦးမြို့သို့ ပြန်လည်ထွက်ခွာသွားသည်။

ကံသစ်ကျေးရွာသည် စစ်ကောင်စီတပ်၏ သုံးကြိမ်မြောက် မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရခြင်းဖြစ်ပြီး နေအိမ် ၅၀၀ခန့်ရှိသည့်အနက် ၃၀၀ခန့် ပြာကျပျက်စီးခဲ့သည်။