Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (မေလ ၂၂ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️မြင်းခြံထောင်မှ နိုင်ကျဥ်း ၇ ဦးကို စစ်ကောင်စီခေါ်ထုတ်၊ စစ်သားနဲ့ရဲများ ရိုက်နှက်မှုကြောင့် တစ်ဦးကျဆုံး

မန္တလေးတိုင်း၊ မြင်းခြံအကျဥ်းထောင်မှ နိုင်ငံရေးအကျဥ်းသား ၇ ဦးကို စစ်ကောင်စီတပ်က ခေါ်ထုတ်သွားပြီး တစ်ဦးကျဆုံးခဲ့လို့ ကျန်နိုင်ငံရေးအကျဥ်းသားများအတွက် စိုးရိမ်နေရတယ်လို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက ပြောပါတယ်။ ကိုကျော်မင်းနိုင်၊ ကိုသက်မောင်မောင်၊ ကိုကျော်မျိုးတင့်၊ ကိုဇော်ဇော်အောင်၊ ကိုဥက္ကာ၊ ကိုကျော်တင့်ဦး၊ ကိုအောင်မျိုးသန့်တို့ကို စစ်ကောင်စီက ခေါ်ထုတ်သွားခဲ့ပြီး စစ်သားနဲ့ရဲများ ရိုက်နှက်စစ်ဆေးမှုကြောင့် နိုင်ငံရေးအကျဉ်းသား ကိုဥက္ကာ ကျဆုံးသွားတယ်လို့ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက ပြောပါတယ်။ လက်ရှိမှာ ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားများမှာ အစာငတ်ခံ ဆန္ဒပြနေတယ်လို့ သိရပါတယ်။

မြင်းခြံထောင်မှ နိုင်ကျဥ်း ၇ ဦးအား စစ်ကောင်စီကခေါ်ထုတ်သွားပြီး တစ်ဦးကျဆုံး
မြင်းခြံထောင်မှ နိုင်ကျဥ်း ၇ ဦးအား စစ်ကောင်စီကခေါ်ထုတ်သွားပြီး တစ်ဦးကျဆုံး

▪️သံအမတ်ကြီးဦးကျော်မိုးထွန်း ရရှိတဲ့ ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုဆုငွေများကို CDM ဝန်ထမ်းများသို့ ပြန်လည် လှူဒါန်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ ၂၀၂၃ ပြည်သူ့ဂုဏ်ရည်ဆုရှင်အဖြစ် ရွေးချယ်ချီးမြှင့်ခြင်းခံရပြီး ရရှိတဲ့ ဆုငွေ အမေရိကန်ဒေါ်လာတစ်သောင်းကို CDM ဝန်ထမ်းများအတွက် ပြန်လည်ပေးအပ်လှူဒါန်းခဲ့တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ သံအမတ်ကြီးဦးကျော်မိုးထွန်းဟာ CDM ဝန်ထမ်းများအတွက် အမျိုးသားညီညွတ်ရေးအစိုးရမှတဆင့် ပြန်လည်ပေးအပ်လှူဒါန်းခဲ့တာပါ။ သံအမတ်ကြီးဦးကျော်မိုးထွန်းဟာ တော်လှန်ရေးကာလအစကတည်းက ပြည်သူနဲ့ တသားတည်းရပ်တည်တဲ့ ပြည်သူ့ဝန်ထမ်းကောင်းတစ်ဦးဖြစ်ပါတယ်။

▪️တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရေး ဆက်လက်ဆောင်ရွက်မယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ်ပြော

နွေဦးတော်လှန်ရေးနဲ့အတူ ပြန်လည်နိုးထလာတဲ့ အမျိုးသားရေးစိတ်ဓာတ်ကို အခြေခံကာ ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNO/CNDF) ဖွဲ့စည်းထူထောင်ခဲ့ပြီးနောက် အမျိုးသားတာဝန်ထမ်းဆောင်ရင်း အသက်ပေးဆပ်ခဲ့ရသူ ရဲဘော် ၃၂ ဦး ရှိပြီလို့ CNO/CNDF က မနေ့က ထုတ်ပြန်ပါတယ်။ မနေ့က ကျရောက်တဲ့ (၂)နှစ်မြောက် ချင်းအမျိုးသားအာဇာနည်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြတာပါ။ CNDFဟာ ၂ နှစ်တာအတွင်း တိုက်ပွဲပေါင်း ၁၂၀ ကျော် ဖော်ဆောင်နိုင်ခဲ့ပြီး ရဲဘော်များ တိုက်ရည်ခိုက်ရည် ပိုမိုကျွမ်းကျင်တိုးတက်လာတယ်လို့ အဖွဲ့ပြောရေးဆိုခွင့်ရှိသူဆလိုင်းကျုံးငိုင်းက ပြောပါတယ်။ CNO/CNDF ဟာ ချင်းအမျိုးသာလွတ်မြောက်ရေး၊ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးအတွက် အရှိန်အဟုန်မပြတ် ဆထက်တပိုး ထမ်းဆောင်သွားမယ်လို့ ကျဆုံးအာဇာနည်သူရဲကောင်းများကို တိုင်တည်သစ္စာဆို ကတိပြုပါတယ်။

▪️လှတောနဲ့ ဆားတောင်ရဲစခန်းများကို ဒေသတွင်းPDFများ တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရွှေဘို-မန္တ​လေးလမ်းပိုင်းပေါ်ရှိ လှတောရဲစခန်းနဲ့ ဆားတောင်ရဲစခန်းတို့ကို ဒေသတွင်းတော်လှန်ရေးအဖွဲ့များက တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ မနေ့ညက စစ်ကိုင်းမြို့နယ် ဆားတောင်မြို့ ရဲစခန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စခန်းတွင်းရှိ အရာရှိတစ်ဦးအပါအဝင် စစ်သားနဲ့ ရဲ ၁၂ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများလည်းရှိတယ်လို့ Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောပါတယ်။ မနေ့ညနေပိုင်းကလည်း ဝက်လက်မြို့နယ် ၊ လှတောရဲစခန်းကို အလစ်အငိုက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲခုနစ်ဦးခန့်နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားတယ်လို့ မုံရွာဗန္ဓုလနှင့်အဖွဲ့သားများLDF အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

▪️ကန့်ဘလူမှာ စစ်ကောင်စီတပ်နဲ့ ဒေသတွင်းတော်လှန်ရေးအဖွဲ့များ သုံးရက်ဆက် တို​က်ပွဲဖြစ်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသတွင်းတော်လှန်ရေးအဖွဲ့များ သုံးရက်ဆက် တို​က်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ကျေးရွာ သုံးရွာကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်များက ပြောပါတယ်။ မေလ ၁၉ ရက်ကစလို့ ဘုတ်ကုန်းရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ဒေသတွင်းတော်လှန်ရေးအဖွဲ့များအကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲဲ့တာလို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ရှိရာသို့ လက်နက်ကြီးများ၊လက်နက်ငယ်များနဲ့ ပစ်ခတ်ခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ် အထိနာခဲ့တယ်လို့ တော်လှန်ရေးအင်အားစုများက ပြောပါတယ်။ တော်လှန်ရေးရဲဘော်အချို့လည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးခဲ့သော မန်ကျည်းကုန်းရွာနှင့်ဆူးတပ်ရွာက နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့(ကန့်ဘလူခရိုင်)
စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးခဲ့သော မန်ကျည်းကုန်းရွာနှင့်ဆူးတပ်ရွာက နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့(ကန့်ဘလူခရိုင်)

▪️စစ်ကိုင်းမြောက်ခြမ်း တိုက်ပွဲဆက်ဖြစ်၊ စစ်ကောင်စီက ပဒူရွာကို ရဟတ်ယာဥ်Mi-35 သုံးတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မြောက်ခြမ်းမှာ တိုက်ပွဲများဆက်ဖြစ်နေပြီး ပဒူကျေးရွာကို စစ်ကောင်စီတပ်က Mi-35 ရဟတ်ယာဥ်အသုံးပြု ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံများက ပြောပါတယ်။ မေလ ၁၉ ရက်ကတည်းက စစ်ကိုင်းမြို့နယ်ရှိ ပဒူရွာဝန်းကျင်မှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးအဖွဲ့များ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ဒီနေ့ နေ့ခင်းမှာ စစ်ကောင်စီတပ်က Mi-35 ရဟတ်ယာဥ်နဲ့ လာရောက်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ ရွာသူ၊ ရွာသားများ ထွက်ပြေးနေရလို့ ထိခိုက်မှုအခြေအနေ မသိရသေးပါဘူး။

(ထွက်ပြေးတိမ်းရှောင်လာသော စစ်ကိုင်းမှ ဒေငခံပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-SYP)
(ထွက်ပြေးတိမ်းရှောင်လာသော စစ်ကိုင်းမှ ဒေငခံပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-SYP)

▪️စစ်​ကောင်စီတပ်စွဲထား​တဲ့ လားရှိုးနည်းပညာအထက်တန်း​ကျောင်း ​ရှော့တိုက်ဒုံးနဲ့အပစ်ခံရ

စစ်ကောင်စီတပ်စွဲထားတဲ့ လားရှိုးမြို့ နည်းပညာအထက်တန်းကျောင်းကို တော်လှန်ရေးအင်အားစုများက ဒီနေ့ မနက်ပိုင်းမှာ ရှော့တိုက်ဒုန်း လေးလုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ရဲ့ ထိခိုက်မှုကို မသိရသေးဘဲ နည်းပညာအထက်တန်းကျောင်း သုံးထပ်ဆောင် အဆောက်အဦအပေါ်ထပ် အမိုးထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ ကျောင်းအနီးရှိ စစ်မှုထမ်းဟောင်းရပ်ထဲမှ နေအိမ်အချို့လည်း ပျက်စီးခဲ့တယ်လို့ မြို့ခံများကပြောပါတယ်။

(လားရှိုးမြို့ နည်းပညာအထက်တန်းကျောင်း ​ရှော့တိုက်ဒုံးအပစ်ခံရပြီး​နောက်​တွေ့ရစဥ်။ဓါတ်ပုံ-CJ)
(လားရှိုးမြို့ နည်းပညာအထက်တန်းကျောင်း ​ရှော့တိုက်ဒုံးအပစ်ခံရပြီး​နောက်​တွေ့ရစဥ်။ဓါတ်ပုံ-CJ)

▪️စစ်ကောင်စီတပ်ကြောင့် ထန်းတပင်ဒေသခံပြည်သူနှစ်သောင်းခွဲကျော် စစ်ဘေးရှောင်နေရ

စစ်ကောင်စီဟာ ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်ကို စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ်‌ကြေညာပြီးနောက် ဒေသတွင်းရှိ ပြည်သူများအပေါ် အကြမ်းဖက်မှုများ ကျူးလွန်နေတာကြောင့် ဒေသခံပြည်သူ နှစ်သောင်းခွဲကျော်မှာ စစ်ဘေးတိမ်းရှောင်နေကြရတယ်လို့ ထန်းတပင်ပြည်သူ့ကာကွယ်ရေးတပ်(ပကဖ)က မနေ့က ထုတ်ပြန်ပါတယ်။ စစ်ဘေးရှောင်ပြည်သူများအတွက် အရေးပေါ်အကူအညီများလိုအပ်နေပြီး ပံ့ပိုးကူညီပေးဖို့ မေတ္တာရပ်ခံထားပါတယ်။ စစ်ကောင်စီတပ်ဟာ တိုက်လေယာဉ်နဲ့ ဗုံးကြဲခြင်း၊ စစ်သုံးရဟတ်ယာဉ်များနဲ့ ဝဲပျံပစ်ခတ်ခြင်း၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းတို့ကို အကြိမ်များစွာ ပြုလုပ်နေတယ်လို့ ထန်းတပင်ပြည်သူ့ကာကွယ်ရေးတပ်(ပကဖ)က ဖော်ပြပါတယ်။

▪️စစ်ကောင်စီတပ် ထိုးစစ်ဆင်လာလို့ လားရှိုးမှာ တိုက်ပွဲဖြစ်ဟု TNLA အသိပေး

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် ပန်မွန်းရွာမှာ တအာင်းတပ်မတော်(TNLA)နဲ့ စစ်ကောင်စီတပ်တို့ မေလ ၂၀ ရက်က တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့တယ်လို့ TNLA သတင်းနှင့် ပြန်ကြားရေးဌာနက မနေ့က ထုတ်ပြန်ပါတယ်။ TNLA တပ်မဟာ(၆) စစ်ဒေသဖြစ်တဲ့ လားရှိုးမြို့နယ် ပန်မွန်းကျေးရွာအနီးသို့ စစ်ကောင်စီ လက်အောက်ခံတပ် ခမရ(၅၀၄) တပ်က ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲဖြစ်ခဲ့တာလို့ ဖော်ပြပါတယ်။ နှစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ထုတ်ပြန်ထားပြီး ထိခိုက်သေဆုံးရှိ၊ မရှိ အခြေအနေကို မဖော်ပြပါဘူး။