Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒီးမော့ဆိုအရှေ့ခြမ်း၌ ၉ရက်ကြာတိုက်ပွဲများတွင် ရဲဘော်လေးဦးကျဆုံးဟု KNDF အသိပေး

ဘောလခဲ​မြို့မှ ဒီးမော့ဆိုအရှေ့ခြမ်းရှိ ဒေါညေးခူ၊ ဒေါတမကြီးကျေးရွာဘက်သို့ စစ်ကောင်စီက ခမရ(၅၁၆၊ ၅၁၅) ၊ ခလရ (၁၂၊၁၄၊ ၈၀)တို့ အသုံးပြုထားသည်။

(ဒီးမော့ဆိုအရှေ့ခြမ်းတိုက်ပွဲအတွင်း ကျဆုံးခဲ့ရသည့် ရဲဘော်များအား သဂြိုလ်နေစဉ်။ ဓာတ်ပုံ - KNDF)

စစ်ကောင်စီ၏ ဝေဟင်၊မြေပြင်ထိုးစစ် ခုခံနေရသည့် ဒီးမော့ဆိုအရှေ့ခြမ်း၌ ၉ရက်ကြာတိုက်ပွဲများတွင် ရဲဘော်လေးဦးကျဆုံးခဲ့ရကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ထုတ်ပြန်သည်။

မေလ ၁၄ ရက်ကစ၍ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းရှိ တနီးလာလဲ နှင့် ဒေါလျားခူကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲရန်ကြိုးပမ်းနေသည့် စစ်ကောင်စီတပ်​၏ ထိုးစစ်ကိုခုခံစဥ် တပ်ရင်း (၁၊ ၇ ၊ ၉)နှင့် (၁၀)မှ ရဲဘော်တစ်ဦးစီ ကျဆုံးခဲ့ရခြင်းဖြစ်သည်။

ထိုအနက် မေလ ၁၉ ရက်တိုက်ပွဲတွင် KNDF တပ်ရင်း (၁)မှ ရဲဘော်နေဝင်းနှင့် တပ်ရင်း (၇)မှ ရဲဘော် ရဲဘော်ဘဲနဒစ်(အောင်အောင်)တို့နှစ်ဦး ကျဆုံးခဲ့ရသည်။

အလားတူ မေလ ၁၅ ရက်တိုက်ပွဲတွင် KNDF တပ်ရင်း(၁၀)ရဲဘော် ခူးစိုးရယ် ကျဆုံးခဲ့ပြီး မေလ ၁၈ရက်တိုက်ပွဲတွင် KNDFတပ်ရင်း (၉) ဒု-တပ်စုမှူး မောင်ဖရန်စစ္စကို(ဂျားဂျာ) ကျဆုံးခဲ့သည်။

“အဓိကတော့ တနီလားလဲနဲ့ အနီးတစ်ဝိုက်ကို သူတို့ မရမက အသည်းအသန် လိုချင်နေတာ။အဲဒီအတွက် လေကြောင်းနဲ့ နေ့တိုင်း လာပစ်နေသလို မြေပြင်လက်နက်ကြီးကြောင့် ရဲဘော်အချို့ ဆုံးရှုံးခဲ့တယ်။ ကျွန်တော်တို့ဘက်ကတော့ အကောင်းဆုံးခုခံနေတယ်လို့ပဲ လတ်တလော ပြောပါရစေ”ဟု KNDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

၉ ရက်ဆက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများရှိသော်လည်း မြေပြင် စစ်ရေးအရ အတည်မပြုနိုင်သေးဟု ဆိုသည်။

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းသို့ စစ်ကောင်စီက မတ်လ ၉ ရက်ကစ၍ စစ်ကြောင်းသုံးခုဖြင့် ဝင်ရောက်ခဲ့သည်။

ထိုအနက် လွိုင်ကော်ဘက်မှ ဒီးမော့ဆိုအရှေ့ခြမ်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် ခလရ (၂၈၇)နှင့် ခမရ (၅၁၃၊ ၅၁၇) တပ်ရင်းသည် တနီးလားလဲကျေးရွာ၊ ကန်ခုနစ်ဆင့် နှင့် ဒေါတငူးကျေးရွာတောင်ကြောပေါ်တွင် နေရာယူထားသည်။

ဘောလခဲ​မြို့မှ ဒီးမော့ဆိုအရှေ့ခြမ်းရှိ ဒေါညေးခူ၊ ဒေါတမကြီးကျေးရွာဘက်သို့ စစ်ကောင်စီက ခမရ(၅၁၆၊ ၅၁၅) ၊ ခလရ (၁၂၊၁၄၊ ၈၀)တို့ အသုံးပြုထားသည်။