Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

BGF စခန်းတစ်ခုကို KNU တပ်မဟာ(၅) စီးနင်းတိုက်ခိုက်၊ BGF ၅ဦးသေဟု ထုတ်ပြန်

KNLA တပ်မဟာ(၅)နှင့် စစ်ကောင်စီတပ်တို့ ယခုမေလ ၁ရက်မှ ၁၅ရက်နေ့အတွင်း တိုက်ပွဲပေါင်း ၆၃ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၆ဦး သေဆုံးခဲ့ကြောင်း၊ တပ်မဟာ(၅)ဘက်က ရဲဘော်၂ဦး ကျဆုံးခဲ့ကြောင်းအသိပေးထားသည်။

( KNLA တပ်မဟာ (၅)က BGF ကားကိုမီးရှို့​နေစဥ်။ဓါတ်ပုံ-KNU -Mutraw News)
( KNLA တပ်မဟာ (၅)က BGF ကားကိုမီးရှို့​နေစဥ်။ဓါတ်ပုံ-KNU -Mutraw News)

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင်ရှိစစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့(BGF)တပ်စခန်းတစ်ခုကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ BGF တပ်ဖွဲ့ဝင် ၅ဦးသေဆုံးခဲ့ကြောင်း KNU တပ်မဟာ(၅)က ယနေ့ထုတ်ပြန်သည်။

မေလ(၂၀)ရက်နေ့ မွန်းလွဲပိုင်းတွင် ကတဲတိ(ကတိုင်တိ)နှင့် ထီးကဆောမဲကြားတွင် စခန်းချ ဆက်ကြေးတောင်းယူနေသည့် BGF စခန်းကို KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၁၀၂) နှင့် တပ်ခွဲများ စုပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။

အဆိုပါတိုက်ခိုက်မှုတွင် BGFတပ်မှ(၅)ဦးသေဆုံးခဲ့ပြီးသေဆုံးသူများထဲတွင် BGFတပ်ခွဲမှူးစောဘာယိုပါဝင်ကြောင်း တပ်မဟာ(၅)က အသိ​ပေးထားသည်။

ထို့အပြင်တိုက်ခိုက်မှုအတွင်း BGF ပိုင် ကားတစ်စီးကိုလည်း မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်းဖော်ပြသည်။

မေလ ၁၉ ရက်ကလည်း စစ်ကောင်စီ လက်အောက်ခံ BGF တပ်က ဖိုဃဲထာရွာအတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ ပြည်သူအချို့ ဒဏ်ရာရပြီး နေအိမ်ပျက်စီးမှုရှိခဲ့သည်ဟု အသိပေးထားသည်။

KNU မူတြော်(ဖာပွန်)ခရိုင်အုပ်ချုပ်ရေးဒေသတွင်လာရောက်လှုပ်ရှားစခန်းချထားသည့် အကြမ်းဖက်စစ်ကောင်စီနှင့် ၎င်း၏ လက်အောက်ခံ BGF တပ်တို့သည် ခရိုင်အတွင်းရှိ ပြည်သူများအား အကြမ်းဖက်မှုများ ကျူးလွန်လျက်ရှိကြောင်း၊ အဆိုပါ စစ်ကောင်စီ၊ BGF တပ်များနှင့် KNLA တပ်မဟာ(၅)တပ်များ အကြား တိုက်ပွဲများနေ့စဉ်လိုလိုဖြစ်ပွားနေကြောင်းသိရသည်။

KNLA တပ်မဟာ(၅)နှင့် စစ်ကောင်စီတပ်တို့ ယခုမေလ ၁ရက်မှ ၁၅ရက်နေ့အတွင်း တိုက်ပွဲပေါင်း ၆၃ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၆ဦး သေဆုံးခဲ့ကြောင်း၊ တပ်မဟာ(၅)ဘက်က ရဲဘော်၂ဦး ကျဆုံးခဲ့ကြောင်းအသိပေးထားသည်။