Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မလေးရှားပို့ပေးမည်ဟုဆိုကာ ပြည်သူများထံမှ ကျပ်သိန်းသုံးထောင်ကျော် လိမ်လည်သူနှစ်ဦးကို တရားခံပြေးအဖြစ် ပုလဲ(ပအဖ) ကြေညာ

ပုလဲမြို့နယ်သည် စစ်ကောင်စီတပ်အား ခုခံတော်လှန်မှုအားကောင်းရာဒေသတစ်ခုဖြစ်ပြီး စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုး မီးရှို့သတ်ဖြတ်မှုများ အစောဆုံးကြုံတွေ့ခဲ့ရသည့် မြို့နယ်တစ်ခုလည်း ဖြစ်သည်။

(ကျပ် သိန်းသုံးထောင်ကျော်လိမ်လည်သွားသူ နှစ်ဦးအား၏ ရုပ်ပုံအား တွေ့ရစဥ်။ ဓာတ်ပုံ - ပုလဲ (ပအဖ))
(ကျပ် သိန်းသုံးထောင်ကျော်လိမ်လည်သွားသူ နှစ်ဦးအား၏ ရုပ်ပုံအား တွေ့ရစဥ်။ ဓာတ်ပုံ - ပုလဲ (ပအဖ))

▪︎အာဏာသိမ်းပြီး​နောက်ပိုင်းအလုပ်အကိုင်ရှားပါး၍မ​လေးရှားနှင့်ထိုင်းသို့ သွား​​ရောက်သူများလာ

မလေးရှားနိုင်ငံသို့ အလုပ်လုပ်ကိုင်ရန်စေလွှတ်ပို့ဆောင်ပေးမည်ဟုဆိုကာ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ ပြည်သူများထံမှ ကျပ်သိန်းသုံးထောင်ကျော် လိမ်လည်သွားသူနှစ်ဦးကို တရားခံပြေးအဖြစ် ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ကြေညာသည်။

ပုလဲမြို့နယ်၊ မဲဇရပ်ကျေးရွာနေ အောင်ဇော်ထွန်းသည် တစ်ဦးလျှင် ကျပ် ၃၈သိန်းဖြင့် မလေးရှားနိုင်ငံသို့ အလုပ်လုပ်ကိုင်ရန်စေလွှတ်ပို့ဆောင်မည်ဟုဆိုကာ ပြည်သူများထံမှ ကျပ်သိန်း ၃,၀၀၀ ကျော် လိမ်လည်ယူပြီး ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း ပုလဲ(ပအဖ)က ပြောသည်။

မြို့နယ်(ပအဖ)နှင့်(ပကဖ)၏ စုံစမ်းချက်အရ အောင်ဇော်ထွန်းအား စေခိုင်းသူမှာ ပုလဲမြို့နယ် ဇီးဖြူကုန်းကျေးရွာနေ ရဲမွန် ဆိုသူဖြစ်ကြောင်း၊ ၎င်းတို့နှစ်ဦးမှာ လက်တလောတွင် ရန်ကုန်မြို့ ဆူးလေဘုရားအနီးနှင့် ဗဟန်းမြို့နယ်တို့တွင် လှုပ်ရှားသွားလာနေထိုင်ပြီး နိုင်ငံခြားသို့ ထွတ်ပြေးတိမ်းရှောင်ရန် ကြိုးပမ်းနေကြောင်း စုံစမ်းသိရသည်ဟု ပုလဲ(ပအဖ)က ပြောသည်။

“လိမ်ခံရတဲ့သူက တစ်ရာနီးပါးလောက်ရှိမယ်။ အမျိုးသမီး၊ အမျိုးသားအကုန်ပါတယ်။ သူတို့က ရန်ကုန်မှာ ထွက်ပြေးဖို့ကြိုးစားနေတယ်။ ဒီကာလအတွင်းပဲ ဖြစ်သွားတာ။ ဒီကာလအလုပ်အကိုင်တွေ ရှားပါးလာတော့ နိုင်ငံခြားထွက်ချင်တာဆိုတော့ လိမ်တဲ့သူတွေက အခွင့်ကောင်းယူတာပေါ့။”ဟု ပုလဲ(ပအဖ) အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ပြည်သူများအနေဖြင့် အောင်ဇော်ထွန်းနှင့် ရဲမွန်တို့အား တွေ့ရှိပါက ပုလဲမြို့နယ်(ပအဖ)နှင့် (ပကဖ)ထံ ဆက်သွယ်အကြောင်းကြားပေးရန်နှင့် တော်လှန်ရေး အဖွဲ့အစည်းများအနေနှင့် မိမိတို့မြို့နယ်အတွင်း ၎င်းတို့အား တွေ့ရှိပါက ဖမ်းဆီးထိန်းသိမ်းပေးပါရန် ဓါတ်ပုံများနှင့်အတူ ယနေ့(ဇွန်လ ၄ ရက်)တွင် ကြေညာထားသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်း၌ အလုပ်အကိုင်အခွင့်အလမ်းများ ရှားပါးလာပြီး အများစုမှာ ထိုင်းနှင့် မလေးရှားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ရန် ယခင်ကထက် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်လည်း အဆိုပါနိုင်ငံများသို့ တရားဝင်အပြင် တရားမဝင်နည်းလမ်းများဖြင့်ပါ သွားရောက်နေကြ၍ အချို့မှာ လမ်းခုလပ်တွင် ဖမ်းဆီးခံနေရသည်။

“အရင်ကတစ်ရွာကို မရှိဘူးဆို တစ်ယောက်နှစ်ယောက်ပဲ။ အခုက တစ်ရွာ လေးငါးယောက်လောက်ကနေ ဆယ်ယောက်လောက်အထိ ရှိလာတယ်။ ငါးဆ​လောက်တက်သွားတယ်။”ဟု ပုလဲမြို့ဒေသခံ ကိုနေသူရိန်က ပြောသည်။

ပုလဲမြို့နယ်သည် စစ်ကောင်စီတပ်အား ခုခံတော်လှန်မှုအားကောင်းရာဒေသတစ်ခုဖြစ်ပြီး စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုး မီးရှို့သတ်ဖြတ်မှုများ အစောဆုံးကြုံတွေ့ခဲ့ရသည့် မြို့နယ်တစ်ခုလည်း ဖြစ်သည်။