Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ထိုင်းတွင် ကျင်းပမည့် မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲ ဖျက်သိမ်းရန် NUG နိုင်ငံခြားရေးထုတ်ပြန်

အာဏာသိမ်းစစ်ကောင်စီက အာဆီယံခေါင်းဆောင်များ သဘောတူချမှတ်ထားသော တူညီဆန္ဒ ၅ ရပ်ကို လိုက်နာအကောင်အထည်ဖော်ခြင်းမရှိသဖြင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးတို့ကို အာဆီယံထိပ်သီးညီလာခံနှင့် ဆွေးနွေးပွဲများသို့ တက်ရောက်ခွင့် ပိတ်ပင်ထားသည်။

(ထိုင်းနိုင်ငံခြား​ရေးဝန်ကြီးကို​တွေ့ရစဥ်။ဓါတ်ပုံ-ရိုက်တာ)
(ထိုင်းနိုင်ငံခြား​ရေးဝန်ကြီးကို​တွေ့ရစဥ်။ဓါတ်ပုံ-ရိုက်တာ)

▪︎ဆွေးနွေးပွဲသို့ တက်ရောက်ရန် ဖိတ်ကြားခံရသောနိုင်ငံများ တက်ရောက်ခြင်းမပြုရန် တိုက်တွန်း

အကြမ်းဖက်စစ်အုပ်စုကို ဖိတ်ကြားသည့် မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲကို ဖျက်သိမ်းရန်နှင့် ဆွေးနွေးပွဲသို့ တက်ရောက်ရန် ဖိတ်ကြားခံရသောနိုင်ငံများအနေဖြင့်လည်း တက်ရောက်ခြင်းမပြုရန် NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်သည်။

လက်ရှိထိုင်းအစိုးရသည် ဇွန်လ ၁၈ နှင့် ၁၉ ရက်များတွင် မြန်မာ့အရေးအလွတ်သဘောဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပပြုလုပ်မည်ဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စု၏ နိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ကြားရန် စီစဥ်ထားသည့်အတွက် အမျိုးသားညီညွတ်ရေးအစိုးရက များစွာစိတ်ပျက်ကြောင်း ယနေ့ ဖော်ပြသည်။

အထက်ပါ ဆွေးနွေးပွဲသို့ အကြမ်းဖက်စစ်အုပ်စုအား ဖိတ်ကြားခြင်းသည် မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြဿနာရပ်များကို အဖြေရှာနိုင်မည် မဟုတ်သည့်အပြင် မြန်မာပြည်သူလူထု၏ ဒီမိုကရေစီ၊ တရားမျှတမှုနှင့် လူ့အခွင်အရေးအတွက် ကြိုးပမ်းတိုက်ပွဲဝင်နေမှုများကို ပျက်ရယ်ပြုရာ ရောက်ပြီး ပြဿနာရပ်များကို ပို၍ပင် ခက်ခဲရှုပ်ထွေးစေနိုင်ကြောင်း NUG နိုင်ငံခြားရေးက ဆိုသည်။

မြန်မာ့နိုင်ငံရေးပြဿနာကို မြန်မာတိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ ဆန္ဒသဘောထားများကို ကိုယ်စားပြုနိုင်သည့် အဖွဲ့အစည်း၊ ပုဂ္ဂိုလ်များအားလုံး၏ ပါဝင်မှုမှသာ အဖြေရှာနိုင်မည်ဟု ဆက်လက် ဖော်ပြသည်။

ထို့အပြင် မြန်မာနိုင်ငံအတွင်း ဆိုးရွားနေပြီးဖြစ်သော အကြောင်းအရာများကို ယခုထက်ပို၍ ဆိုးရွားသွားအောင် မပြုလုပ်ကြရန်နှင့် အကြမ်းဖက်စစ်အုပ်စုက ပြည်သူလူထုအပေါ် အကြမ်းဖက်မှု နှင့် စစ်ပွဲဆင်နေခြင်းများကို ဆက်လက်ပြုလုပ်နိုင်စေမည့် အားပေးအားမြှောက်ပြု ထောက်ခံခြင်းများကိုလည်း မပြုလုပ်ကြရန် NUG နိုင်ငံခြားရေးက တောင်းဆိုသည်။

ထို့ကြောင့် လက်ရှိထိုင်းအစိုးရအနေဖြင့် မြန်မာပြည်သူလူထု၏ ဆန္ဒကို အလေးထားလျက် မြန်မာနိုင်ငံအား ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများ အပါအဝင် သက်ဆိုင်သူအားလုံးနှင့် ထိတွေ့ဆက်ဆံ၍ နယ်စပ်ဒေသ လုံခြုံတည်ငြိမ်ရေး၊ နှစ်နိုင်ငံ ပြည်သူများ အေးချမ်းသာယာရေးနှင့် နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ကောင်းမွန်မှု တို့အတွက် ပူးပေါင်းဆောင်ရွက်သွားရန် NUG က တိုက်တွန်းသည်။

ထိုင်းနိုင်ငံက ကမကထပြုကျင်းပမည့် အထက်ပါဆွေးနွေးပွဲသို့ မည်သည့်နိုင်ငံများ တက်ရောက်မည်ကို အတိအကျမသိရသေးသော်လည်း ဝါရှင်တန်သို့ ရောက်ရှိနေသည့် စင်ကာပူနိုင်ငံခြားရေးဝန်ကြီးကမူ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနှင့် ပူးတွဲပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ စစ်ကောင်စီ အရာရှိကြီးများကို ပြန်လည်ထိတွေ့ဆက်ဆံရန် အချိန်မကျသေးကြောင်း ပြောကြားထားသည်။

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌနိုင်ငံ အင်ဒိုနီးရှားကလည်း ယင်းဆွေးနွေးပွဲကျင်းပမည်ကို မကြားမိကြောင်း Reuters သတင်းဌာနကို ဖြေကြားထားသည်။

အာဏာသိမ်းစစ်ကောင်စီက အာဆီယံခေါင်းဆောင်များ သဘောတူချမှတ်ထားသော တူညီဆန္ဒ ၅ ရပ်ကို လိုက်နာအကောင်အထည်ဖော်ခြင်းမရှိသဖြင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးတို့ကို အာဆီယံထိပ်သီးညီလာခံနှင့် ဆွေးနွေးပွဲများသို့ တက်ရောက်ခွင့် ပိတ်ပင်ထားသည်။

ထိုအခြေအနေတွင် ထိုင်းနိုင်ငံက စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးပါဝင်သည့် မြန်မာ့အရေးအလွတ်သဘော ဆွေးနွေးပွဲကျင်းပရန် စီစဥ်လာခြင်းဖြစ်ပြီး မတ်လနှင့် ဧပြီလများကလည်း ထိုင်းနိုင်ငံ ဘန်ကောက်နှင့် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့များတွင် မြန်မာ့အရေးအလွတ်သဘောဆွေးနွေးပွဲများကို ကျင်းပခဲ့သည်။