Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လူသားချင်းစာနာမှုအကူအညီများထိထိရောက်ရောက်ပေးနိုင်ရေး အိမ်နီးချင်းနိုင်ငံများက လမ်းဖွင့်ပေးရန်လို

မြန်မာနိုင်ငံဆေးပညာရှင်များအသင်း(BMA)၏ (၁၁)ကြိမ်မြောက်ညီလာခံတွင် ယင်းအသင်းမှ အထက်ပါအတိုင်း နိုင်ငံတကာအစိုးရများနှင့်အဖွဲ့အစည်းများအား အကြံပြုတောင်းဆိုခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ - BMA, KHRG, KPSN
ဓာတ်ပုံ - BMA, KHRG, KPSN

နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာထောက်ထားမှုအကူအညီများ ရရှိရေး နည်းပေါင်းစုံဖြင့် ဆောင်ရွက်ပေးရန်အပါအဝင် အချက်(၅)ချက်ကို နိုင်ငံတကာအစိုးရများနှင့် အဖွဲ့အစည်းများအား မြန်မာနိုင်ငံဆေးပညာရှင်များအသင်း(BMA)မှ အကြံပြုတောင်းဆိုလိုက်သည်။

ဒေသတွင်းအဖွဲ့အစည်းများနှင့် လက်တွဲပြီး လူသားချင်းစာနာမှုအကူအညီများကို အမှန်တကယ်လိုအပ်သော လူထုထံသို့ အထိရောက်ဆုံး ထောက်ပံ့ပေးရန် အချက်လည်းပါဝင်သည်။

မြန်မာနိုင်ငံဆေးပညာရှင်များအသင်း(BMA)၏ (၁၁)ကြိမ်မြောက်ညီလာခံတွင် ယင်းအသင်းမှ အထက်ပါအတိုင်း နိုင်ငံတကာအစိုးရများနှင့်အဖွဲ့အစည်းများအား အကြံပြုတောင်းဆိုခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ - BMA, KHRG, KPSN
ဓာတ်ပုံ – BMA, KHRG, KPSN

” နယ်ခြားကိုဖြတ်ကျော်တဲ့လမ်းကြောင်းတွေက အမှန်တကယ် မြန်မာပြည်နဲ့ နယ်စပ်ချင်းထိတွေ့နေတဲ့ နိုင်ငံတွေရှိပါတယ်။ အထူးသဖြင့် ထိုင်းနိုင်ငံတွေရှိမယ်၊ တရုတ်နိုင်ငံတွေရှိမယ်၊၊ အိန္ဒိယနိုင်ငံတွေရှိမယ်။ အဲ့လိုမျိုးနိုင်ငံတွေကနေပြီးတော့ လမ်းကြောင်းတွေဖွင့်ပေးဖို့ အရေးကြီးတာပေါ့။ အဲ့လိုမျိုးလမ်းကြောင်းတွေဖွင့်ပေးမှပဲ လိုအပ်တဲ့ ပြည်သူလူထုဆီကို လူသားချင်းစာနာတဲ့အကူအညီတွေ အမှန်တကယ်ရောက်ရှိမှာဖြစ်ပါတယ်” ဟု ညီလာခံထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်သူ စောနေထူးက ပြောသည်။

ထို့နည်းတူ လူသားချင်းစာနာမှုအကူအညီများ ရောက်ရှိနိုင်ရေးအတွက် ဒေသတွင်း၌ ရှိနှင့်နေပြီးသား အစုအဖွဲ့များဖြစ်သည့် ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး စသည့် အစုအဖွဲ့များနှင့် လက်တွဲပူးပေါင်းပြီး ဆောင်ရွက်နိုင်မှသာ လူသားချင်းစာနာမှုအကူအညီများ လိုအပ်သောနေရာများတွင် ရောက်ရှိသွားမည်ဖြစ်ကြောင်း စောနေထူးက ပြောသည်။

“ဒေသတွင်းမှာရှိနေတဲ့ အစုအဖွဲ့တွေက အခုမှဖွဲ့စည်းခဲ့တဲ့ မွေးဖွားလာတဲ့ အဖွဲ့အစည်းတွေမဟုတ်ပါဘူး။ သူတို့ဟာ နှစ်ပေါင်းများစွာ ဆယ်စုနှစ်များစွာ ဒေသတွင်းမှာရှိထားပြီးသား အစုအဖွဲ့တွေဖြစ်တယ်။ ဒေသတွင်းမှာရှိနေတဲ့ အခက်အခဲတွေကိုလည်း ဘာပဲပြောပြော သူများထက် ပြောမယ်ဆိုရင် သူတို့ကတော့ပိုပြီးတော့ အမှန်တကယ်နားလည်သိရှိတဲ့ အဖွဲ့အစည်းတွေဖြစ်ပါတယ်။ အဲ့ဒါကြောင့် သူတို့နဲ့လက်တွဲဖို့က အရေးကြီးပါတယ်” ၎င်းက ပြောသည်။

ဓာတ်ပုံ - BMA, KHRG, KPSN
ဓာတ်ပုံ – BMA, KHRG, KPSN

မြန်မာနိုင်ငံဆေးပညာရှင်များအသင်း နိုင်ငံတကာအစိုးရများနှင့် အဖွဲ့အစည်းများထံသို့ အကြံပြုတောင်းဆိုချက်များထဲတွင် ကျန်းမာရေးအကူအညီများလိုအပ်နေသော ပြည်သူများကို ဘေးကင်းလုံခြုံစွာ စောင့်ရှောက်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးရန်၊ တရားမဝင် အာဏာသိမ်းစစ်ကောင်စီ၏ မတရားဖမ်းဆီးထိန်းသိမ်းခံထားရသော ဆေးပညာရှင်များအပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ချွင်းချက်မရှိ ချက်ချင်းပြန်လည်လွတ်မြောက်လာရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်ပေးရန်၊ အာဏာသိမ်းစစ်ကောင်စီကို အစိုးရတစ်ရပ်အဖြစ် အသိအမှတ်မပြုရန်အချက်များ ပါဝင်သည်။

ထို့အပြင် လက်ရှိ စစ်အာဏာရှင်စနစ်ကြောင့် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ပညာရေးအခြေအနေများ လွန်စွာ ဆိုးဝါးလာခြင်းနှင့်အတူ ကျန်းမာရေးအခြေအနေများမှာလည်း လွန်စွာ စိုးရိမ်ဖွယ်ကောင်းသည့်အခြေအနေသို့ ရောက်ရှိနေသည်ဟု BMA ၏ ထုတ်ပြန်ကြေညာချက်ထဲတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံဆေးပညာရှင်များအသင်း(BMA)၏ (၁၁)ကြိမ်မြောက်ညီလာခံကို ပြီးခဲ့သည့် ဇွန်လ(၂၃)ရက်နေ့မှ ဇွန်လ(၂၄)ရက်နေ့အထိ ထိုင်းမြန်မာနယ်စပ်တစ်နေရာတွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ညီလာခံတွင် မြန်မာနိုင်ငံဆေးပညာရှင်အသင်း၏အဖွဲ့ဝင် ညီလာခံကိုယ်စားလှယ်များ၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကျန်းမာရေးနှင့်ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းရင်းသားကျန်းမာရေးဌာနမှ ခေါင်းဆောင်များနှင့် မိတ်ဖက်အဖွဲ့အစည်းများအပါအဝင် စုစုပေါင်း(၁၀၉)ဦး တက်ရောက်ခဲ့သည်။