Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူ ဦးအောင်ကျော်မိုးကို လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဒုတိယ​ဝန်ကြီးအဖြစ် ခန့်အပ်တာ၀န်ပေး

လက်ရှိတွင်လည်း လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၏ အကြံပေးပုဂ္ဂိုလ်ဖြစ်သူ ဦးအောင်ကျော်မိုးမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG အစိုးရအဖွဲ့အတွင်း ပထမဆုံး အစ္စလာမ်ဘာသာဝင် ဝန်ကြီးတစ်ဦးဖြစ်လာခြင်းဖြစ်သည်။

(NUG ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဒုတိယ​ဝန်ကြီးဖြစ်လာ​သော ဦး​အောင်​ကျော်မိုး။ဓါတ်ပုံ-CRPH)
(NUG ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဒုတိယ​ဝန်ကြီးဖြစ်လာ​သော ဦး​အောင်​ကျော်မိုး။ဓါတ်ပုံ-CRPH)

▪︎NUG အစိုးရအဖွဲ့အတွင်း ပထမဆုံးအစ္စလာမ်ဘာသာဝင်ဝန်ကြီးဖြစ်လာ

▪︎ခေတ်အဆက်ဆက် ခွဲခြားပစ်ပယ်ထားမှုတွေ နိဂုံးချုပ်ပြီး လူနည်းစုဘာသာဝင်များ၊ လူနည်းစုမျိုးနွယ်အုပ်စုများလည်း နိုင်ငံရေးတွင် တန်းတူပါဝင်ခွင့်ကြောင်း သက်သေပြလိုက်ခြင်းဖြစ်ဟု ဒုဝန်ကြီးဖြစ်လာသူပြော

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH သည် ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူ ဦးအောင်ကျော်မိုးကို လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဒုတိယ​ဝန်ကြီးအဖြစ် ခန့်အပ်တာ၀န်ပေးကြောင်း ယနေ့ထုတ်ပြန်ကြေညာသည်။

လက်ရှိတွင်လည်း လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၏ အကြံပေးပုဂ္ဂိုလ်ဖြစ်သူ ဦးအောင်ကျော်မိုးမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG အစိုးရအဖွဲ့အတွင်း ပထမဆုံး အစ္စလာမ်ဘာသာဝင် ဝန်ကြီးတစ်ဦးဖြစ်လာခြင်းဖြစ်သည်။

“ခေတ်အဆက်ဆက်ကို ပြန်ကြည့်ရင် စစ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့တဲ့ ၁၉၆၂ ခုနှစ်နောက်ပိုင်း ကနေ စပြီးတော့ ရိုဟင်ဂျာ၊ မြန်မာမွတ်စလင်၊ မြန်မာပြည်ဖွား အစ္စလာမ်ဘာသာဝင်တွေ ပြီးတော့ ဟိန္ဒူ ဆစ် ဂေါ်ရခါအစရှိတဲ့ လူနည်းစု ဘာသာဝင်တွေကို လူမျိုးခြားဆိုပြီး ခွဲခြားဆက်ဆံ ပိတ်ပင်ထားခဲ့တာ ဆယ်စုနှစ်ပေါင်းများစွာ ကြာခဲ့ပြီး ဖြစ်ပါတယ်။ အဲ့ဒီလိုမျိုး ခွဲခြားပစ်ပယ်ထားမှုတွေ နိဂုံးချုပ်ပြီး လူနည်းစုဘာသာဝင်တွေ လူနည်းစု မျိုးနွယ်အုပ်စုတွေကလည်း နိုင်ငံရေးမှာ တန်းတူပါဝင်ခွင့် ရှိတယ်ဆိုတာကို ဒီနေ့ ကျွန်တော့်ကို ခန့်အပ်တာဝန်ပေးခြင်းဖြင့် သက်သေပြလိုက်တာပဲလို့ မှတ်ယူနိုင်ပါတယ်” ဟု ဒုတိယဝန်ကြီးဖြစ်လာသူ ဦးအောင်ကျော်မိုးက People’s Spring သတင်းဌာနသို့ ပြောသည်။

ဆက်လက်ပြီး ၎င်းက “ကျွန်တော့်အနေနဲ့ တိုင်းပြည်နဲ့ ပြည်သူတစ်ရပ်လုံးအတွက် ရှိသမျှ အားအင်အကုန် ထုတ်ပြီးမှ ရပ်တည်တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ဒီနေရာကနေ သတင်းစကားပါးချင်ပါတယ်။ ရှေ့လာမယ့် အနာဂတ် ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်မှာ လူနည်းစုဘာသာဝင်တွေ လူနည်းစု မျိုးနွယ်အုပ်စုတွေရဲ့ အခန်းကဏ္ဍပိုမို ကျယ်ပြန့်လာဖို့ တန်းတူညီမျှ ခွင့်တူညီမျှ သာတူညီမျှမှု စတာတွေအတွက်လည်း ကျွန်တော့်အနေနဲ့ ပြည်သူ့အသံကို နားစွင့်ပြီး ပြည်သူ့ဆန္ဒနဲ့အညီ ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု သတင်းစကားပါးသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနတွင် ကယန်းတိုင်းရင်းသား ခွန်ဗဟန်းထန်က ဒုတိယဝန်ကြီးအဖြစ် တာ၀န်ထမ်းဆောင်နေပြီး ယခုအခါ ဦးအောင်ကျော်မိုး ထပ်တိုးလာ၍ အဆိုပါဝန်ကြီးဌာနတွင် လူလတ်ပိုင်းလူငယ်ဒုတိယဝန်ကြီးနှစ်ဦးရှိလာသည်။