Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ညနေခင်းသတင်းလွှာ

ဒီနေ့ (ဇူလိုင် ၂ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️စစ်အာဏာရှင် အမြစ်ဖြတ်ချေမှုန်းနိုင်ရေး လူမျိုးစု လက်နက်ကိုင်အဖွဲ့အားလုံး ပူးပေါင်းပါဝင်ဖို့ NUG ကာကွယ်ရေး ပန်ကြား

စစ်အာဏာရှင်ကို အမြစ်ဖြတ်ချေမှုန်းနိုင်ဖို့ မြန်မာနိုင်ငံရှိ လူမျိုးစုလက်နက်ကိုင် အဖွဲ့အစည်းများအားလုံး ပူးပေါင်းပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက တိုက်တွန်းပန်ကြားလိုက်ပါတယ်။ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ)က ဇူလိုင် ၁ ရက် က ကြေညာချက်ထုတ်ပြန်ပြီး အကြမ်းဖက်စစ်အုပ်စုကို ပြန်လည်တိုက်ခိုက်နေပြီဖြစ်ကြောင်း တရားဝင်အသိပေးလာမှုအပေါ် ကာကွယ်ရေးဝန်ကြီးဌာနက ဂုဏ်ယူဝမ်းမြောက် လှိုက်လှဲစွာ ကြိုဆိုကြောင်းထုတ်ပြန်ရာ တဆက်တည်း ပန်ကြားခဲ့တာပါ။ ကလလတ ဗဟိုကော်မတီရဲ့ သမိုင်းစာမျက်နှာသစ်ဖွင့်လှစ်လိုက်တဲ့ အခု ကြေညာချက်ဟာ နွေဦးတော်လှန်ရေး အမြန်ဆုံးအောင်မြင်ဖို့ အရေးပါတဲ့ ဖြစ်ထွန်းတိုးတက်မှုတစ်ခုကို သမိုင်းရဲ့တောင်းဆိုချက်အရ ဖော်ဆောင်ခြင်းဖြစ်တယ်လို့ လေးနက်စွာခံယူကြောင်းလည်း ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

(ကလလတ- KNPLFတပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-CJ)
(ကလလတ- KNPLFတပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-CJ)

▪️လေကြောင်းရန်နဲ့ လက်နက်ကြီးရန် ကာကွယ်ရေး ဗုံးခိုကျင်း တစ်ထောင်ကျော် တူးဖော်ထားဟု NUG အသိပေး

လေကြောင်းရန်နဲ့ လက်နက်ကြီးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး ဗုံးခိုကျင်း တစ်ထောင်ကျော်ကို ပြည်သူလူထုရဲ့ အလှူငွေဖြင့် တူးဖော်နိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန(MOHADM)က ထုတ်ပြန်အသိပေးပါတယ်။ စစ်ကောင်စီဟာ ကျရှုံးဘက်ကို ရောက်နေလို့ ပြည်သူတွေ၊ အရပ်သားတွေကို ရက်ရက်စက်စက်ကို အကြမ်းဖက်တိုက်ခိုက်နေပြီး ဒါကို နည်းမျိုးစုံနဲ့ ကာကွယ်ရာမှာ နိုင်ငံအနှံ့က ပြည်သူလူထုရဲ့အကူအညီတွေလည်းရရှိခဲ့ပါတယ်လို့ MHHADM ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။ အကြမ်းဖက်စစ်တပ်က လေကြောင်းမှ တိုက်ခိုက်မှုများကို မြန်မာနိုင်ငံနေရာအနှံ့အပြားမှာ နေ့စဉ်ရက်ဆက် ပြုလုပ်နေတယ်လို့ ဖော်ပြပါတယ်။

လေကြောင်းရန်နှင့် လက်နက်ကြီးရန်ကာကွယ်ရေး ဗုံးခိုကျင်း တစ်ထောင်ကျော် ပြည်သူ၏ အလှူငွေဖြင့် တူးဖော်ထားဟု NUG အသိပေး
လေကြောင်းရန်နှင့် လက်နက်ကြီးရန်ကာကွယ်ရေး ဗုံးခိုကျင်း တစ်ထောင်ကျော် ပြည်သူ၏ အလှူငွေဖြင့် တူးဖော်ထားဟု NUG အသိပေး

▪️ALPတပ်မှ ဒုဥက္ကဋ္ဌအပါအဝင် သုံးဦး အသတ်ခံရမှု AAလက်ချက်လို့ စွပ်စွဲ

ရက္ခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP/ALA) ဒုဥက္ကဋ္ဌ ခိုင်နီရောင်အပါအဝင် သုံးဦးကို သတ်ဖြတ်ခဲ့တဲ့ အဖွဲ့အစည်းမှာ ရက္ခိုင့်တပ်တော်(ULA/AA)တပ်ဖွဲ့ဖြစ်တယ်လို့ ALPက စွပ်စွဲလိုက်ပါတယ်။ ALP/ALA စစ်ဦးစီးချုပ် ခိုင်စိုးမြအပါအဝင် သုံးဦး ရခိုင်ပြည်နယ် စစ်တွေမြို့မှာ လုပ်ကြံသတ်ဖြတ်ခံရပြီးနောက် ၆ လအကြာ ဇူလိုင် ၁ ရက်မှာ ALP ဒုဥက္ကဋ္ဌ အပါအဝင် သုံးဦး စစ်တွေမြို့မှာပဲ ထပ်မံ သတ်ဖြတ်ခံရပါတယ်။ ALP ဒုဥက္ကဋ္ဌ ခိုင်နီရောင်၊ ALAအမှတ်(၁၀၁) တပ်ရင်းမှူး ခိုင်ကျော်မင်းနဲ့ တပ်သား ကျော်ကျော်နိုင်တို့ကို AA က စစ်တွေတက္ကသိုလ် ကျောင်းရှေ့မှာ လုပ်ကြံချောင်းမြောင်း ပစ်ခတ်သတ်ဖြတ်ခဲ့တာလို့ ALPက ထုတ်ပြန်ပါတယ်။

(ရခိုင်ပြည်နယ် စစ်တွေမြို့၌ ဇန်နဝါရီ ၄ရက်က ALP စစ်ဦးစီးချုပ်နှင့်အဖွဲ့ အသတ်ခံရပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ရခိုင်ပြည်နယ် စစ်တွေမြို့၌ ဇန်နဝါရီ ၄ရက်က ALP စစ်ဦးစီးချုပ်နှင့်အဖွဲ့ အသတ်ခံရပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ – CJ)

▪️ဆဒုံး-ကန်ပိုက်တီ စစ်ကောင်စီတပ်နဲ့ နေ့တိုင်းနီးပါးတိုက်ပွဲဖြစ်နေလို့ KIA ပြော

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဆဒုံး-ကန်ပိုက်တီလမ်းမှာ ဇွန်လနောက်ဆုံးပတ်ကစလို့ နေ့စဥ် တိုက်ပွဲဖြစ်ပွားနေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သတင်းနှင့်ပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဒီနေ့ပြောပါတယ်။ စစ်ကောင်စီဟာ ဆဒုံး-ကန်ပိုက်တီလမ်းတကြောကို နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေတာကြောင့် တိုက်ပွဲတွေဖြစ်နေတာလို့ ဆိုပါတယ်။ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးအခြေအနေကို မသိရသေးပါဘူး။

(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ တပ်သားများ စစ်မြေပြင်တစ်နေရာ၌ တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ တပ်သားများ စစ်မြေပြင်တစ်နေရာ၌ တွေ့ရစဥ်။ ဓာတ်ပုံ – CJ)

▪️ခင်ဦးမှာ စစ်ကောင်စီတပ်စစ်ကြောင်းကို နှစ်ရက်ဆက် တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ စစ်ကောင်စီတပ်စစ်ကြောင်းကို နှစ်ရက်ဆက်ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်း ရင်းမြစ်တွေက ပြောပါတယ်။ စစ်ကောင်စီတပ် စစ်ကြောင်းထိုးပစ်ခတ်နေလို့ ဒေသခံအချို့ ထိခိုက်ဒဏ်ရာများရရှိခဲ့တယ်လို့ သိရပါတယ်။ ဇွန်လ ၂၇ နဲ့ ၂၈ ရက်က ခင်ဦးမြို့နယ်အတွင်းသို့ စစ်ကြောင်းတစ်ခုလျှင် အင်အား ၆၀ ခန့်ပါ စစ်ကြောင်း နှစ်ခုဝင်ရောက်လာတာကြောင့် ဒရုန်းနဲ့ ဗုံးသီး လေးလုံးချတိုက်ခိုက်ခဲ့တယ်လို့ BLACK WOLF – ARMYအဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ငါးဦး သေဆုံးတယ်လို့ BLACK WOLF – ARMYက ဆိုပါတယ်။

(စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသောခင်ဦးနယ်မှ ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ - ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)
(စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသောခင်ဦးနယ်မှ ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ – ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)

▪️ရေစကြိုမှာ တိုက်ပွဲမဖြစ်ဘဲ စစ်တပ်က လက်နက်ကြီးပစ်ခတ်လို့ (၂)နှစ်ခွဲအရွယ်ကလေးငယ်တစ်ဦး သေဆုံး

မကွေးတိုင်း ရေစကြိုမြို့နယ်မှာ စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ဘဲ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ (၂)နှစ်ခွဲအရွယ် ကလေးတစ်ဦးထပ်မံသေဆုံးခဲ့တယ်လို့ ဒေသခံများက ပြောပါတယ်။ မနေ့ နေ့ခင်းက ရေစကြိုမြို့နယ်၊ ပတ္တာဆိပ်ကမ်းမှာ ယာဉ်နှစ်စီးနဲ့ အင်အား ၅၀ ခန့်ပါ စစ်ကောင်စီတပ် ရောက်ရှိလာပြီး ရေလယ်ကျွန်းဘက်သို့ (၆၀) မမ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံများက ပြောပါတယ်။ ပစ်ခတ်မှုကြောင့် ရေလယ်ကျွန်း၊ ပေါက်အူကျေးရွာရှိ (၂)နှစ်ခွဲအရွယ် မနှင်းရွေရည်လင်း ကျည်ထိမှန်ကာ သေဆုံးသွားတယ်လို့ Yesagyo Township Info Committee အဖွဲ့က ပြောပါတယ်။

▪️ကိုး​ထောင်ဘို့ရှိ စစ်တပ်နဲ့ပျူစခန်းကို PDFများတိုက်ခိုက်

ကန့်ဘလူနဲ့ကောလင်းနယ်စပ်မှ စစ်ကောင်စီ အခိုင်အမာစခန်းတစ်ခု‌ဖြစ်တဲ့ ကိုးတောင်ဘို့စခန်းကို ပြည်သူ့ကာကွယ်ရေးမဟာတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ပျူစောထီးအများအပြား သေဆုံးထိခိုက်ခဲ့တယ်လို့ သိရပါတယ်။ ကိုးတောင်ဘို့ရွာရှိ စစ်တပ်နဲ့ပျူစခန်းကို ဇွန်လ ၃၀ ရက် ညနေပိုင်းက ကျွန်းလှ၊ ကန့်ဘလူ၊ ကောလင်းမြို့နယ်များမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ဒါပေမဲ့ ကိုးထောင်ဘို့စခန်း စီးနင်းတိုက်ခိုက်ခံနေရချိန်မှာ ကောလင်းမြို့ ထွေအုပ်ရုံးထဲမှ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ရာ လူနေ‌အိမ်တစ်အိမ်ပေါ် ကျရောက်ပေါက်ကွဲပြီး ၈ နှစ်အရွယ်ကလေးငယ်နဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် ပြည်သူလေးဦး သေဆုံးသွားတယ်လို့ သိရပါတယ်။