Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ညနေခင်းသတင်းလွှာ

ဒီနေ့ (ဇူလိုင် ၁ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️ကုလလုံခြုံရေးကောင်စီရဲ့ တုန့်ပြန်ဆောင်ရွက်မှု မြန်မာပြည်သူများအတွက် စိတ်ပျက်ရစေတယ်လို့ သံအမတ်ကြီးပြော

မြန်မာ့အရေးအပေါ် ကုလသမဂ္ဂလုံံခြုံရေးကောင်စီရဲ့ တု့န်ပြန်ဆောင်ရွက်မှုဟာ စစ်အာဏာရှင်ရဲ့ အကြမ်းဖက်နှိပ်စက်ညှဉ်းပန်းမှုကို ခံစားနေရတဲ့ မြန်မာပြည်သူများအတွက် စိတ်ပျက်ရစေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးက ပြောပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ နှစ်စဉ်အစီရင်ခံစာကို အထွေထွေညီလာခံသို့ တင်သွင်း အတည်ပြုတဲ့ မျက်နှာစုံညီအစည်းအဝေးမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ထည့်သွင်းပြောကြားခဲ့တာပါ။ ဒါ့အပြင် လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်(၂၆၆၉)ကို လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်မှုအပေါ် စည်းနှောင်မှုပါဝင်တဲ့ နောက်ဆက်တွဲအရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ဖို့လည်း ထပ်လောင်းတောင်းဆိုပါတယ်။ မြန်မာပြည်သူများရဲ့ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်ကယ်တင်ဖို့ လုံခြုံရေးကောင်စီရဲ့ ထိရောက်သော အရေးယူဆောင်ရွက်ချက်များ လိုအပ်သည်မှာ သိသာထင်ရှားပြီး ထုတ်ပြန်ချက်များနဲ့ ရှုတ်ချမှုများဟာ လုံလောက်မှု မရှိဘူးလို့ သံအမတ်ကြီးက ထောက်ပြပါတယ်။

ကုလလုံခြုံရေးကောင်စီ၏ တုန့်ပြန်ဆောင်ရွက်မှု မြန်မာပြည်သူများအတွက် စိတ်ပျက်ရစေကြောင်း သံအမတ်ကြီးပြော
ကုလလုံခြုံရေးကောင်စီ၏ တုန့်ပြန်ဆောင်ရွက်မှု မြန်မာပြည်သူများအတွက် စိတ်ပျက်ရစေကြောင်း သံအမတ်ကြီးပြော

▪️ကရင်နီတိုက်ပွဲ အပေါ့စားတိုက်ခိုက်ရေးလေယာဉ် ပစ်ချနိုင်ခဲ့တယ်လို့ စစ်ဘက်သတင်းရင်းမြစ်ပြော

ကရင်နီပြည်နယ် ဘောလခဲမြို့နယ် ရွာသစ်မြို့နယ်ခွဲအတွင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ စစ်ကောင်စီတပ်ရဲ့ အပေါ့စားတိုက်ခိုက်ရေးလေယာဉ်ကို ပစ်ချနိုင်ခဲ့တယ်လို့ စစ်ဘက် သတင်းရင်းမြစ်က ပြောပါတယ်။ မနေ့ နေ့ခင်းက ရွာသစ်မြို့နယ်ခွဲ တာဆန်းလဲရွာအနီး အဲဒီလေယာဉ်ကိုပစ်ချနိုင်ခဲ့တာဖြစ်ပြီး မူလက ရဟတ်ယာဉ်လို့ ကရင်နီတပ်ဖွဲ့နဲ့ နီးစပ်သူက ပြောပေမယ့် စစ်ရေးသတင်းရင်းမြစ်ကမူ K-8အမျိုးအစား လေယာဉ်ဖြစ်တယ်လို့ ဆိုပါတယ်။ ပျက်ကျလေယာဉ်အနီးသို့ ကပ်လို့မရသေးဘဲ စစ်ကောင်စီတပ်ဘက်က ရဟတ်ယာဉ်အသုံးပြု လုံခြုံရေးယူနေတယ်လို့ သိရကြောင်း ဒေသခံက ပြောပါတယ်။

(စစ်ကောင်စီ၏ K-8 လေယာဉ်များအား တွေ့ရစဥ်။ ဓာတ်ပုံ - စကစ)
(စစ်ကောင်စီ၏ K-8 လေယာဉ်များအား တွေ့ရစဥ်။ ဓာတ်ပုံ – စကစ)

▪️စစ်​ကောင်စီကို ပြန်လည်တိုက်ခိုက်​​​နေပြီလို့ ကလလတ(KNPLF)တရားဝင်​ကြေညာ

အာဏာသိမ်းစစ်ကောင်စီကို ပြန်လည်တိုက်ခိုက်နေပြီလို့ ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး(KNPLF)က ဒီနေ့ တရားဝင် သတင်းထုတ်ပြန်လိုက်ပါတယ်။ သံလွင်အရှေ့ဘက်ခြမ်း တောင်လှ၊ မယ်တနွယ်၊ ဘီပီ ၁၄၊ မယ်စဲ့တို့မှာ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့က စတင် ပစ်ခတ်လိုက်တဲ့ သေနတ်သံများ၊ တိုက်ပွဲများနဲ့အတူ ကလလတရဲ့ သမိုင်းစာမျက်နှာသစ်ကို တရားဝင်ဖွင့်လှစ်လိုက်တာလို့ ကြေညာပါတယ်။ အဖိနှိပ်ခံလူမျိုးပေါင်းစုံပြည်သူများ – အကြမ်းဖက်(စကစ) စစ်အုပ်စုကို ခုခံတိုက်ခိုက်နေကြတဲ့ တောင်ပေါ်မြေပြန့်ဒေသအနှံ့က ရဲဘော်များ၊ တိုက်ဖော်တိုက်ဖက်များနဲ့ တန်းတူ ရင်ဘောင်တန်းပြီး အကြမ်းဖက်(စကစ) စစ်အုပ်စုကို ပြန်လည် တိုက်ခိုက်နေပြီလို့ အသိပေးပါတယ်။ တောင်​ပေါ်​၊ မြေပြန့်နိုင်ငံတစ်ဝန်း ​တော်လှန်​ရေးအင်အားစုများက စစ်​ကောင်စီကို ​တော်လှန်တိုက်ခိုက်​နေကြသလို ကရင်နီပြည်စစ် မျက်နှာမှာ စစ်အုပ်စုကို ပြတ်ပြတ်သားသား တိုက်ခိုက်သွားမယ်လို့ KNPLF ကတိပြုပါတယ်။

(၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းစစ်တပ်ကို ဆန္ဒထုတ်ဖော်သည့် လူထုကို အကာအကွယ်ပေးခဲ့သည့် KNPLF တပ်ဖွဲ့ဝင်များ နှင့် ယနေ့​ကြေညာချက်။ဓါတ်ပုံ-CJ)
(၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းစစ်တပ်ကို ဆန္ဒထုတ်ဖော်သည့် လူထုကို အကာအကွယ်ပေးခဲ့သည့် KNPLF တပ်ဖွဲ့ဝင်များ နှင့် ယနေ့​ကြေညာချက်။ဓါတ်ပုံ-CJ)

▪️စစ်ရေးအရှိန်အဟုန်မြှင့်ဖို့ အဓိကလမ်းမကြီးများကို ညအချိန်သွားလာခွင့် ကန့်သတ်

အာဏာသိမ်းစစ်ကောင်စီကို တန်ပြန်ထိုးစစ်ဆင်ပြီး စစ်ရေးအရှိန်အဟုန်မြှင့်တင်ဖို့အတွက် အဓိကလမ်းမကြီးများ ညပိုင်းအချိန်သွားလာခွင့်ကို တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲက ကန့်သတ်လိုက်ပါတယ်။ ပြည်သူလူထုအနေနဲ့ ထိခိုက်နစ်နာမှုမရှိစေဖို့ တိုင်းရင်းလက်နက်ကိုင်များနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)များ ပေါင်းစပ်ဖွဲ့စည်းထားတဲ့ အမှတ်(၂) စစ်ဒေသခွဲကွပ်ကဲရေးရုံးက ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်လာတာပါ။ ညအချိန်သွားခွင့်တားမြစ်ထားတဲ့ လမ်းပိုင်းများမှာ ကုန်သွယ်ရေးအချက်အခြာကျသော ရန်ကုန် – မန္တလေး အမြန်လမ်း၊ ရန်ကုန် – မန္တလေးလမ်းဟောင်းဟုခေါ်တဲ့ အမှတ်(၂) ရန်ကုန် – မန္တလေးလမ်းမကြီး၊ ပဲခူး – စစ်တောင်းလမ်းပိုင်း၊ မွန်ပြည်နယ်အတွင်းရှိ ရန်ကုန် – မုတ္တမလမ်းပိုင်း၊ ရန်ကုန် – ဘားအံလမ်းပိုင်းတို့ ဖြစ်ပါတယ်။

(ရန်ကုန် - မန္တလေး အမြန်လမ်း တစ်နေရာအား တွေ့ရစဥ်။ ဓာတ်ပုံ - အီးပီအေ)
(ရန်ကုန် – မန္တလေး အမြန်လမ်း တစ်နေရာအား တွေ့ရစဥ်။ ဓာတ်ပုံ – အီးပီအေ)

▪️ဖောင်းပြင်မြို့နယ်မှာ နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပွားမှု စစ်ကောင်စီတပ် အထိနာဟု ထုတ်ပြန်

စစ်ကိုင်းတိုင်း ဖောင်းပြင်မြို့နယ် ကော်ကမ်းကျေးရွာမှာ ဇွန်လ ၂၈ ရက်ကစလို့ နှစ်ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ် အထိနာခဲ့တယ်လို့ ဟုမ္မလင်းပြည်သူ့ကာကွယ်ရေးတပ် (PDF)က သတင်းထုတ်ပြန်ပါတယ်။ ဟုမ္မလင်းမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားနေတဲ့ စစ်ကောင်စီရဲ့ ခလရ(၂၇၂)နဲ့ ရှမ်းနီးတပ်မတော်(SNA) ပူးပေါင်းစစ်ကြောင်းဟာ အင်အား ၁၀၀ ခန့်နဲ့ ကော်ကမ်းကျေးရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်လာကာ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဖော်ပြပါတယ်။ စစ်ကောင်စီတပ်များ မိုင်းထိခဲ့လို့ လေးဦးဒဏ်ရာရရှိခဲ့ရာ တစ်ဦးမှာ ဒဏ်ရာပြင်းထန်တယ်လို့ ဆိုပါတယ်။ ဇွန်လ ၂၉ ရက်မှာလည်း တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူပေး တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ တိုက်ပွဲ ဒုတိယနေ့မှာလည်း စစ်ကောင်စီဘက်က အရာခံဗိုလ် တစ်ဦး၊ တပ်သားတစ်ဦးနဲ့ SNA ရဲဘော် တစ်ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

(စစ်ကောင်စီတပ်က ဖောင်းပြင်မြို့နယ် ကော်ကမ်းကျေးရွာကို ဗုံးကြဲတိုက်ခိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - ဟုမ္မလင်း PDF)
(စစ်ကောင်စီတပ်က ဖောင်းပြင်မြို့နယ် ကော်ကမ်းကျေးရွာကို ဗုံးကြဲတိုက်ခိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ – ဟုမ္မလင်း PDF)

▪️ပခုက္ကူမြို့မှာ နာရေးအသင်းယာဥ်နဲ့ လျှို့ဝှက်လိုက်ပါလာတဲ့ စစ်ကောင်စီတပ်သားများကို PDF ရဲဘော်များ တိုက်ခိုက်

မကွေးတိုင်း ပခုက္ကူမြို့မှာ နာရေးကူညီမှုအသင်းယာဥ်နဲ့ လျှို့ဝှက်လိုက်ပါလာတဲ့ စစ်ကောင်စီတပ်သားများကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ဒီနေ့ မနက်ပိုင်းက ပခုက္ကူမြို့နယ်၊ ကုန်းတက်ကန်ကျေးရွာအနီးသို့ရောက်ရှိလာတဲ့ နာရေးကူညီမှုအသင်းယာဥ်ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ လိုက်ပါလာကြောင်း အတည်ပြုသတင်းရရှိပြီးနောက် မိုင်းခွဲတိုက်ခိုက်ခဲ့တာလို့ ပခုက္ကူမြို့ပြည်သူ့ကာကွယ်တပ်ဖွဲ့မှ ရဲဘော်တစ်ဦးက ပြောပါတယ်။ မိုင်းသုံးလုံးတွဲနဲ့ နေရာနှစ်ခုမှာ ဖောက်ခွဲတိုက်ခိုက်ခြင်းဖြစ်ပြီး ထိခိုက်မှုရှိခဲ့တယ်လို့ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ခွဲ(၂)၊ Young Force (UG)က သတင်းထုတ်ပြန်ပါတယ်။

(စစ်တပ်အာဏာသိမ်းပြီးနောက် လုံခြုံရေးယူနေသော စစ်ကောင်စီတပ်သားများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(စစ်တပ်အာဏာသိမ်းပြီးနောက် လုံခြုံရေးယူနေသော စစ်ကောင်စီတပ်သားများအား တွေ့ရစဥ်။ ဓာတ်ပုံ – CJ)

▪️စစ်ကိုင်းမှာ စစ်ကောင်စီတပ်ပစ်ခတ်လို့ စစ်ရှောင်အမျိုးသမီးတစ်ဦး သေဆုံး၊ ကလေးငယ်တစ်ဦးအပါအဝင် နှစ်ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ရှိ စမွန်းကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး ပစ်ခတ်ခဲ့လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးသေဆုံးကာ ကလေးငယ်တစ်ဦးအပါအဝင် နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်များက ပြောပါတယ်။ ဇွန်လ ၂၉ ရက် မနက်ပိုင်းက စစ်ကိုင်းမြို့နယ်၊ စမွန်းကျေးရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ပစ်ခတ်ဝင်ရောက်ခဲ့ပါတယ်။ အဲဒီစစ်ကြောင်းကြောင့် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်စဥ် စစ်ကောင်စီတပ်က လိုက်လံပစ်ခတ်ရာ စမွန်းရွာနေ အသက်(၅၀)အရွယ် ဒေါ်ခင်မမ ကျည်ထိမှန် သေဆုံးခဲ့ပါတယ်။ နောက်ပြီး အသက် (၄၅)နှစ်အရွယ် ဒေါ်နုနုဝင်းဆိုသူ ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကာ အသက်(၆) နှစ်အရွယ် ကလေးငယ်မှာလည်း ဦးခေါင်းထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။