Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ညနေခင်းသတင်းလွှာ

ဒီနေ့ (ဇူလိုင် ၁၇ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️ဒေါ့ဖုန်းယာန်မြို့မှ စစ်ကောင်စီဝန်ထမ်း မိသားစုဝင်များ ဗန်းမော်သို့ ပြောင်းရွှေ့၊ အရပ်သားများလည်း စစ်ရှောင်

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေတဲ့ ဝိုင်းမော်မြို့နယ် နမ့်ဆန်ယာန်ဒေသနဲ့ နယ်မြေချင်းဆက်စပ်နေတဲ့ မိုးမောက်မြို့နယ် ဒေါ့ဖုန်းယာန်မြို့မှာ စစ်ကောင်စီတပ်နဲ့ ရဲမိသားစုဝင်များကို ဗန်းမော်မြို့သို့ ရွှေ့ပြောင်းနေတယ်လို့ ကချင်ဒေသသတင်းရင်းမြစ်အချို့က ပြောပါတယ်။ မြစ်ကြီးနား – ဗန်းမော်လမ်းပေါ်ရှိ ဒေါ့ဖုန်းယာန်မြို့မှ စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်များကို ခလရ(၁၄၂)တပ်ရင်းမှာ အင်အားဖြည့်ခိုင်းပြီး ရဲဝန်ထမ်းများရဲ့ မိသားစုများကို ဗန်းမော်မြို့သို့ ပြောင်းရွှေ့နေထိုင်ဖို့ စစ်ကောင်စီ ဗျူဟာမှူးက အမိန့်ပေးထားတယ်လို့ ကချင်ဒေသ အခြေစိုက် သတင်းဌာန Kachinwaves က မနေ့က ဖော်ပြပြီး ကချင်ဒေသစစ်ရေးသတင်းရင်းမြစ်ကလည်း အတည်ပြုပါတယ်။ လတ်တလော တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာများမှာ ဒေါ့ဖုန်းယာန်နှင့် နမ့်ဆန်ယာန်ကြားဖြစ်တယ််လို့ ဒေသခံအချို့က ပြောပါတယ်။

▪️ရှမ်းမြောက် မူဆယ်လမ်းဘေးရှိ စစ်ကောင်စီရဲ့ ယာယီတပ်စခန်းကို KIA စီးနင်းတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ခိုမုန်းရွာအနီးရှိ စစ်ကောင်စီယာယီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က စီးနင်းတိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ မနေ့ ညနေပိုင်းက လားရှိုး- မူဆယ် ကားလမ်းဘေးရှိ စစ်ကောင်စီ ယာယီတပ်စခန်းမှာ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ရဲ့ နမ့်ဖက်ကာ အခြေစိုက် ခလရ ၁၂၃ စခန်းကုန်းကို KIA တပ်ရင်း(၉)တပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုများရှိတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ဖော်ပြပါတယ်။

(​ရှေ့တန်းတစ်​နေရာမှ KIA တပ်ဖွဲ့ဝင်များ/ပုံ​​ဟောင်းဖြစ်ပါသည်။ဓါတ်ပုံ-CJ)
(​ရှေ့တန်းတစ်​နေရာမှ KIA တပ်ဖွဲ့ဝင်များ/ပုံ​​ဟောင်းဖြစ်ပါသည်။ဓါတ်ပုံ-CJ)

▪️ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDOနေ့ အခမ်းအနား ကျင်းပ

ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံ လက်နက်ကိုင်တပ်ဖွဲ့ တစ်ခုဖြစ်တဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO)နေ့အခမ်းအနားကို မနေ့က KNDO ဌာနချုပ်မှာ ကျင်းပခဲ့ရာ KNUနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ထိပ်ပိုင်းခေါင်းဆောင်များ တက်ရောက်ခဲ့ပါတယ်။ KNDO စစ်ဦးစီးချုပ်က KNDOနေ့ ပြောကြားချက်မှာ လူထုမျှော်မှန်းသော ပန်းတိုင်သို့ အမြန် ရောက်ရှိနိုင်ရေး ကရင်တစ်မျိုးသားလုံးနဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။ အချင်းချင်း မညီညွတ်ဘူး၊ လက်တွဲမလုပ်ဆောင်ဘူးဆိုရင် ကိုယ့်ရန်သူဖြစ်တဲ့ စစ်ကောင်စီက အင်အားစိုက် ဖြိုခွင်းစရာ မလိုဘဲ ပြိုကွဲသွားမှာ ဖြစ်လို့ အတူတကွ ပူးပေါင်းကြပါလို့ ဗိုလ်မှူးချုပ် စောရှီးလေက ပြောပါတယ်။

(ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO) နေ့အခမ်းအနားကို ယမန်နေ့က ကျင်းပနေစဥ်)
(ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO) နေ့အခမ်းအနားကို ယမန်နေ့က ကျင်းပနေစဥ်)

▪️ဝန်းသိုမှာ အရပ်သား​ယောင်​ဆောင် ဓါးပြတိုက်​နေ​တဲ့ စစ်သားနှစ်ဦးကို ​တော်လှန်​ရေးတပ်ဖွဲ့ ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့အခြေစိုက်စစ်ကောင်စီတပ်မှ စစ်သားနှစ်ဦးက ကောလင်းမြို့ပေါ်မှာ အရပ်သား​ယောင်ဟန်​ဆောင်ကာ ဓားပြတိုက်နေတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီးရာ တစ်ဦးသေဆုံးပြီး တစ်ဦး အရှင်ဖမ်းမိတယ်လို့ ​သိရပါတယ်။ ဇူလိုင် ၁၄ ရက်က ဝန်းသိုမြို့ စစ်ကောင်စီခြေမြန်တပ်ရင်း-ခမရ( ၁၁၁ )နဲ့ ခြေမြန်တပ်ရင်း-ခမရ (၁၂၀) မှ တပ်သားနှစ်ဦးဟာ ကသာမြို့အဝင်ဂိတ်အနီး လူငယ်တစ်ဦးကို သေနတ်နဲ့ ဓားပြတိုက်ဖို့ ကြိုးစားနေစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီးလိုက်တာ ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီခြေမြန်တပ်ရင်း ၁၁၁ မှ တပ်သားရွှေလျှံထွန်းဆိုသူဟာ PDFများ ဖမ်းဆီးစဉ် ပစ်ခတ်ထွက်ပြေးဖို့ ကြိုးစားခဲ့တာကြောင့် အသေဖမ်းဆီးခဲ့ရတယ်လို့ ဆိုပါတယ်။

(အရပ်သား​ယောင်​ဆောင်ဓါးပြတိုက်ခဲ့​သော စစ်သား ၂ ဦးထံမှ သိမ်းဆည်းရမိ​သော ပစ္စည်းများ။ဓါတ်ပုံ-KR)
(အရပ်သား​ယောင်​ဆောင်ဓါးပြတိုက်ခဲ့​သော စစ်သား ၂ ဦးထံမှ သိမ်းဆည်းရမိ​သော ပစ္စည်းများ။ဓါတ်ပုံ-KR)

▪️မြင်းခြံမှာ စစ်ကောင်စီယာဥ်နှစ်စီး တိုက်ခိုက်ခံရ၊ မိုင်းထိစစ်အုပ်စုက ပြည်သူနှစ်ဦးကို သတ်ဖြတ်သွားဟုဆို

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် တောင်ပုံကျေးရွာအနီး စစ်ကောင်စီတပ်ရဲ့ ယာဥ်နှစ်စီးကို သုံးကြိမ်မိုင်းဆွဲတိုက်ခိုက်ရာ စစ်သားများထိခိုက်သေဆုံးနိုင်တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။ အဲဒီ မိုင်းထိခဲ့တဲ့ စစ်ကောင်စီတပ်ဟာ အရပ်သား ပြည်သူနှစ်ဦးကို သတ်ဖြတ်သွားတယ်လို့ ဆိုပါတယ်။ မနေ့ မနက်ပိုင်းက မြင်းခြံမြို့နယ်၊ မီးပေါက်ရွာမှ တောင်ပုံကျေးရွာသို့ ထွက်လာတဲ့ အင်အား ၂၀ ကျော်ပါ စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့တယ်လို့ Mgn 35 ပြောက်ကျားတပ်ဖွဲ့က ပြောပါတယ်။ ဆက်လက်ပြီး မြင်းခြံမြို့မှ အင်အားထပ်ဖြည့်ဖို့လာတဲ့ ယာဥ်နှစ်စီးကို မိုင်း ၁၂ လုံးနဲ့ သုံးကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သားအများအပြား သေဆုံးနိုင်တယ်လို့ Mgn 35 ပြောက်ကျားတပ်ဖွဲ့က ဆိုပါတယ်။

▪️ကမ္မမှာ PDF များအလင်းဝင်ဖို့သတိပေးတဲ့ ဆိုင်းဘုတ်ကို မီးရှို့ပြီး စစ်တပ်ကို ပြန်သတိပေးတဲ့ ဆိုင်းဘုတ်စိုက်ထူ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ ကမ္မမြို့မှာ စစ်ကောင်စီတပ်ထောင်ထားတဲ့ PDF များအလင်းဝင်ဖို့ သတိပေးတဲ့ ဆိုင်းဘုတ်ကို မီးရှို့ဖျက်ဆီးပြီး စစ်ကောင်စီကို ပြန်လည်သတိပေးထားတဲ့ဆိုင်းဘုတ်စိုက်ထူခဲ့တယ်လို့ PDF Kamma အဖွဲ့က ပြောပါတယ်။ ဇူလိုင် ၁၄ ရက် ညပိုင်းက ပခုက္ကူမြို့နယ် ကမ္မမြို့တစ်နေရာမှာ စစ်ကောင်စီ စိုက်ထူထားတဲ့ ဆိုင်းဘုတ်ကို PDFရဲဘော်များက မီးရှို့ဖျက်ဆီးကာ ဆိုင်းဘုတ်အသစ် စိုက်ထူခဲ့တယ်လို့ ဆိုပါတယ်။ ပြန်လည်စိုက်ထူခဲ့တဲ့ ဆိုင်းဘုတ်မှာ စစ်အာဏာရှင်လက်အောက် တာဝန်ထမ်းဆောင်နေကြတဲ့ ဝန်ထမ်း၊ ရဲနဲ့ စစ်သားများ ပြည်သူနဲ့ ပူးပေါင်းဖို့ သတိပေး ဖော်ပြခဲ့တာ တွေ့ရပါတယ်။

▪️ရွှေကျင်မြို့နယ်ထဲမှာ တိုက်ပွဲတွေကြောင့် ဒေသခံ ၁ သောင်းကျော် စစ်ရှောင်နေရ

ပဲခူးတိုင်း အရှေ့ခြမ်း ညောင်လေးပင်ခရိုင် ၊ ရွှေကျင်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့် ကျေးရွာ ၉ ရွာက ဒေသခံ ပြည်သူ ၁ သောင်းကျော် ထွက်ပြေးနေရတယ်လို့ KNU ဗဟိုဘက်က အသိပေးဖော်ပြပါတယ်။ တိုက်ပွဲတွေဟာ KNU တပ်မဟာ (၃). တပ်ရင်း ( ၇ ) လက်အောက်ခံ ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်ကြား ဖြစ်တာ ဖြစ်ပြီး အနီးအနား ကျေးရွာတွေက လူထုဟာ မနေရဲတော့ဘဲ ဘေးလွတ်ရာကိုတိမ်းရှောင်ကြရတာလို့ KNU က ဆိုပါတယ်။ အဲဒီရွာတွေအပြင် အခြားသော ကျေးရွာ ၇ ရွာ က ဒေသခံ ၃,၀၀၀ ကျော်ဟာလည်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ထွက်ပြေးနေရတယ်လို့. KNU ဖော်ပြပါတယ်။

ညောင်လေးပင်ခရိုင်ထဲက ပြည်သူအချို့ကိုတွေ့ရစဉ် (ပုံဟောင်း)
ညောင်လေးပင်ခရိုင်ထဲက ပြည်သူအချို့ကိုတွေ့ရစဉ် (ပုံဟောင်း)