Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

KIA ဌာနချုပ်အနီး နန်ဆန်ယန်ရွာ လေကြောင်းတိုက်ခိုက်မှု လူထိခိုက်မှုမရှိ

ဇူလိုင် ၂၁ရက် ည ၁၀နာရီခွဲန့်တွင် နန်ဆန်ယန် စစ်မြေပြင်သို့ တံတားဦးမှ တက်လာသည့် တိုက်လေယာဉ် သုံးစီးဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

(နန်ဆန်ယန်ကျေးရွာကို စစ်ကောင်စီတပ်က ယမန်နေ့ညပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်အပြီး ပျက်စီးခဲ့သည့်အုပ်ချုပ်ရေးမှူးရုံးအား တွေ့ရစဥ်။ ဓာတ်ပုံ - ဒေသခံ)
(နန်ဆန်ယန်ကျေးရွာကို စစ်ကောင်စီတပ်က ယမန်နေ့ညပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်အပြီး ပျက်စီးခဲ့သည့်အုပ်ချုပ်ရေးမှူးရုံးအား တွေ့ရစဥ်။ ဓာတ်ပုံ - ဒေသခံ)

▪︎နွား သုံးကောင်သေ၊ စစ်ကောင်စီအုပ်ချုပ်ရေးမှူးရုံး ပျက်စီး

“သူတို့ မြေပြင်တပ်တွေ ထိုးလို့မရတော့ လေကြောင်း သုံးလာတယ်လို့ပဲမြင်တယ်” – ကချင်ဒေသစစ်ရေးသတင်းရင်းမြစ်

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဌာနချုပ်နယ်မြေနှင့် နီးစပ်သည့် ဝိုင်းမော်မြို့နယ် နန်ဆန်ယန်ကျေးရွာကို စစ်ကောင်စီတပ်က ယမန်နေ့ညပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လူထိခိုက်မှုမရှိခဲ့ဘဲ အိမ်မွေးတိရိစ္ဆာန်အချို့ သေဆုံးခဲ့ကြောင်း ကချင်ဒေသ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဇူလိုင် ၂၁ရက် ည ၁၀နာရီခွဲန့်တွင် နန်ဆန်ယန် စစ်မြေပြင်သို့ တံတားဦးမှ တက်လာသည့် တိုက်လေယာဉ် သုံးစီးဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

“(လူ)အထိအခိုက်မရှိ၊ နွား သုံးကောင်သေ၊ စကစရဲ့ အုပ်ချုပ်ရေးရုံး အကုန်ပျက်စီးသွားတယ်။ သူတို့ အုပ်ချုပ်ရေးရုံးကို သူတို့ ဗုံးကြဲတာ။ ရွာထဲမှာကျတာ”ဟု ကချင်ဒေသ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

နန်ဆန်ယန်ဒေသ၌ ဇူလိုင် ၃ရက်ကတည်းက KIAနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ နေ့စဉ်နီးပါးဖြစ်ပွားလျက်ရှိသည်။ လိုင်ဇာနှင့်နီးသည့် အဆိုပါဒေသသို့ စစ်ကောင်စီတပ်က တပ်ရင်း ၁၁ရင်း အင်အားအများအပြား အသုံးပြုပြီး ထိုးစစ်ဆင်လာသည့်အပေါ် KIAက ခုခံတိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိသည်။ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က အထိနာလျက်ရှိသည်။

ယခင်နေ့များကလည်း စစ်ကောင်စီတပ်အနေဖြင့် လက်နက်ကြီးအသုံးပြု တိုက်ခိုက်မှုများရှိခဲ့ပြီး နန်ဆန်ယန်ဒေသတိုက်ပွဲဖြစ်ပွားမှု ၁၉ ရက်မြောက်နေ့တွင် လေကြောင်း အသုံးပြုလာခြင်းဖြစ်သည်။

“သူတို့ မြေပြင်တပ်တွေထိုးလို့မရတော့ လေကြောင်းသုံးလာတယ်လို့ပဲမြင်တယ်”ဟု ကချင်ဒေသ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

လေကြောင်း တိုက်ခိုက်ခံရမှုနှင့်ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။